ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP က၎င်းတို့၏ အမတ်လောင်း ၃ ဦးစလုံး ရှုံးနိမ့်သွားကြောင်း ပြောသည်။ ...
နယူးဒေလီ (မဇ္ဈိမ)။ ။ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP က၎င်းတို့၏ အမတ်လောင်း ၃ ဦးစလုံး ရှုံးနိမ့်သွားကြောင်း ပြောသည်။
“လက်ရှိ အခြေအနေမှာ မြို့နယ်ကော်မရှင်က ရေတွက်ထုတ်ပြန်တဲ့ စာရင်းအရ ကျနော်တို့ ရှုံးပါတယ်။ ၃ နယ် စလုံးမှာ ကြံ့ခိုင်ရေးပါတီက အားလုံး အနိုင်ယူသွားပါတယ်” ဟု တာမွေ ပြည်သူ့လွှတ်တော်တွင် အရေးနိမ့်ခဲ့သူ UDP အထွေထွေ အတွင်းရေးမှူး ဦးသိန်းတင်အောင်က မဇ္ဈိမကို ပြောသည်။
UDP ပါတီ ဥက္ကဋ္ဌ ဦးသိန်းဋ္ဌေးက ပဲခူးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် - ၁ ၊ ဒုဥက္ကဋ္ဌ ဦးဋ္ဌေးက ရန်ကုန်တိုင်း လှိုင်သာယာ ပြည်သူ့လွှတ်တော်နှင့် အထွေထွေ အတွင်းရေးမှူ ဦးသိန်းတင်အောင်က ရန်ကုန်တိုင်း တာမွေမြို့နယ် ပြည်သူ့လွှတ်တော်တို့တွင် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
ကြံ့ခိုင်ရေးပါတီမှ ပဲခူးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁ တွင် ဦးစောမော်ထွန်း၊ တာမွေ ပြည်သူ့လွှတ်တော်တွင် ဒေါ်လဲ့လဲ့ဝင်းဆွေနှင့် လှိုင်သာယာ ပြည်သူ့လွှတ်တော်တွင် ဦးဥာဏ်ဝင်းတို့ အနိုင်ရရှိခဲ့သည်။
ဦးစောမော်ထွန်းသည် UDP ဥက္ကဋ္ဌ ဦးသိန်းဋ္ဌေးကို ထောက်ခံမဲ ၅ သောင်းကျော်ဖြင့် အပြတ်အသတ် အနိုင်ရခဲ့သည်။ ဦးစောမော်ထွန်းသည် ထောက်ခံမဲ ၈၈၄ဝ၆ မဲ ရရှိခဲ့ပြီး ဦးသိန်းဋ္ဌေးကမူ ၂၆၄၉၂ မဲ ရရှိခဲ့သည်။
မဲရုံမှူးများ၊ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်နှင့် ကြံ့ခိုင်ရေးပါတီဝင်တို့ ပူးပေါင်းကာ မဲလိမ်၊ မဲခိုးခဲ့ခြင်းကြောင့် ယခုလို အပြတ်အသတ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း ဦးသိန်းဋ္ဌေးက ပြောသည်။
“မဲရုံမှာ တာဝန်ရှိတဲ့ မဲရုံမှူးကနေပြီးတော့ လုံခြုံရေးအထိ အဆင့်ဆင့်ရယ်၊ ကော်မရှင် အဆင့်ဆင့်ရယ်က ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ ပူးပေါင်းပြီးတော့ မဲရုံမှာ မသမာမှုတွေလုပ်တယ်။ ကြိုတင်မဲတွေ မတရားယူထားတယ်။ မဲလိမ်တယ်၊ မဲခိုးတယ်၊ ရွေးကောက်ပွဲ ဥပဒေမှန်သမျှကို ချိုးဖောက်တယ်။ အဲဒါတွေကြောင့် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုပါဘူး” ဟု သူက ပြောသည်။
လွပ်လပ်၍ တရားမျှတမှု မရှိသဖြင့် ရွေးကောက်ပွဲရလဒ်များကို အသိအမှတ် မပြုနိုင်ကြောင်း ဦးသိန်းဋ္ဌေးနှင့် ပဲခူးတိုင်း မဲဆန္ဒနယ်များတွင် ဝင်ပြိုင်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအင်အားစု NDF အမတ်လောင်း ၅ ဦးတို့က လက်မှတ်ထိုးကာ နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်သို့ ယခုလ ၁ဝ ရက်နေ့တွင် အသိပေး တင်ပြခဲ့ပြီး ဖြစ်သည်။
ပဲခူးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁ တွင် မဲပေးပိုင်ခွင့်ရှိသူ ၂ သိန်း ၉ သောင်းကျော် ရှိပြီး မဲဆန္ဒရှင် ၁ သိန်း ၉ သောင်းကျော် လာရောက်မဲပေးခဲ့ သဖြင့် မဲလက်မှတ်ပေါင်း ၁၉၉ဝ၁၂ ရရှိခဲ့သည်။
ယင်းမဲများအနက် မဲလက်မှတ် ၄ သောင်းကျော်မှာ ပယ်မဲဖြစ်သွားသဖြင့် ၁၅၄၉၈၂ မဲဖြင့် အနိုင်အရှုံး ဆုံးဖြတ်ခဲ့ကြောင်း ဦးသိန်းဋ္ဌေးက ဆိုသည်။
တာမွေ ပြည်သူ့လွှတ်တော်တွင်လည်း ကြံ့ဖွံ့အမတ်လောင်း ဒေါ်လဲ့လဲ့ဝင်းဆွေက ဦးသိန်းတင်အောင်ကို ထောက်ခံမဲ ၇၈၇၁ မဲဖြင့် အနိုင်ရခဲ့သည်။ ဒေါ်လဲ့လဲ့ဝင်းဆွေက ကြိုတင်မဲ ၉၃၃၇ မဲ အပါအဝင် ထောက်ခံမဲ ၂၃ဝ၃၂ မဲ ရရှိခဲ့ပြီး ဦးသိန်းတင်အောင်က ကြိုတင်မဲ ၁၇၂ မဲ အပါအဝင် ၁၅၁၆၁ မဲ ရရှိခဲ့သည်။
တာမွေတွင် မဲပေးပိုင်ခွင့်ရှိသူ ၁ သိန်း ၃ သောင်းကျော် ရှိသည့်အနက် ၉ဝ၃၃၇ ဦး လာရောက်မဲပေးခဲ့သည်ဟု ဦးသိန်းတင်အောင်က ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၃ ၊ ပုဒ်မ ၁၂ အပိုဒ်ခွဲ (က) အရ ပါတီတခုသည် မှတ်ပုံတင်ပြီးပါက လွှတ်တော်သုံးရပ်၌ မည်သည့်လွှတ်တော်မှ ဖြစ်စေ အနည်းဆုံး ကိုယ်စားလှယ် ၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မယှဉ်ပြိုင်ပါက ဖျက်သိမ်းခြင်း ခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယခု ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း အနည်းဆုံး ၃ ဦး ဝင်ရောက်ယှဉ်ပြိုင်းခြင်း မရှိသဖြင့် မြန်မာ့ဒီမိုကရေစီ ကွန်ယက်နှင့် ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ် အပါအဝင် ပါတီ ၅ ခု ဖျက်သိမ်းဖြင်း ခံခဲ့ရသည်။