ရွေးကောက်ပွဲသည် အဖြေမဟုတ်

ရွေးကောက်ပွဲသည် အဖြေမဟုတ်
by -
ကို ၂

မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးစုတွေ အားလုံး လိုလား တောင်းတနေကြတဲ့ စည်းကမ်းပြည့်ဝပြီး စစ်မှန်သည့် ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီး ဖြစ်ပေါ်လာရေး ...

မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးစုတွေ အားလုံး လိုလား တောင်းတနေကြတဲ့ စည်းကမ်းပြည့်ဝပြီး စစ်မှန်သည့် ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီး ဖြစ်ပေါ်လာရေးကို ဖော်ဆောင်ဖို့ ရည်ရွယ်ပြုလုပ်တဲ့ နိုဝင်ဘာရွေးကောက်ပွဲဟာ မြန်မာနိုင်ငံသားတွေအတွက် အဖြေမဟုတ်ပါဘူး။

ထိုင်း-မြန်မာနယ်စပ်၊ ကရင်နီထိမ်းချုပနယ်မြေတခုမှာ ရွေးကောက်ပွဲမပြုလုပ်ခင် ၂ ရက်အလိုက ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့လွတ်တော် (ပြည်ထောင်စုမြန်မာနိုင်ငံ) အဖွဲ့က ဒု-ဥက္ကဌ ဖြစ်တဲ့ ဦးသိန်းဦးက “ရွေးကောက်ပွဲဟာ အဖြေမဟုတ်ဘူးဆိုတာ အဲ့ဒါပဲ။ ရွေးကောက်ပွဲဟာ ပါတီစုံလို့သာ ပြောရင်ပြောကြမယ့် တကယ့်ပါတီစုံမဟုတ်ပဲနဲ့ ပါတီတခုကပဲ အနိုင်ရအောင် လုပ်တာဖြစ်တယ်” လို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။

ပြည်သူ့လွတ်တော် ဒု-ဥက္ကဌ ဦးသိန်းဦး ("ဓါတ်ပုံ-ကေတီ)သူကပဲ “အဲဒီပါတီ စစ်တပ်ရဲ့ ပါတီဖြစ်တယ်။ တနည်းအားဖြင့် ပြောရမယ်ဆိုရင် စစ်အစိုးရ အနိုင်ရအောင် လုပ်တဲ့ ရွေးကောက်ပွဲပဲ ဖြစ်တယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံရဲ့ ပြဿနာတွေဟာ ပိုဆိုးလာဖို့ပဲရှိတယ်” လို့လည်း ပြောသွားပါတယ်။

ပြည်သူ့လွှတ်တော်ကို တိုင်းရင်းသားအဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီအဖွဲ့တွေနဲ့၊ ၉ဝ-ခုနှစ် ရွေးကောက်ပွဲက အမတ်တွေနဲ့ စုပေါင်းပြီး ပြီးခဲ့တဲ့ သောကြာနေ့ (၅ ရက်) နေ့မှာ ဖွဲ့စည်းလိုက်တာပါ။

ညီလာခံတက်ရောက်ခဲ့သူတွေအားလုံးက နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲဟာ စစ်အစိုးရရဲ့ သက်ဆိုးရှည်ရေး အတွက်သာ ဖြစ်တယ်လို့ မှတ်ချက်ပေး ပြောဆိုသွားကြပါတယ်။

ရွေးကောက်ပွဲအပေါ် ကမ္ဘာ့အသိုင်းအဝိုင်းက ဝေဖန်မှုများ၊ အိမ်နီးချင်းနိုင်ငံက ပြစ်တင်ရှုံ့ချမှုတွေရှိနေတဲ့အပြင် အတိုက်အခံအင်းအားစုတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ဝေဖန်နေကြပါတယ်။

နောက်ပြီး ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိင်မယ့် တိုင်းရင်းသားပါတီတွေ စည်းရုံးရေးခရီးစဉ်တွေအပေါ် နအဖ နောက်ခံပေးထားတဲ့ ကြံ့ဖွတ်အဖွဲ့ဝင်တွေက နည်းအမျိုးမျိုးနဲ့ တားဆီးနှောင့်ယှက်တာတွေ ခြိမ်းခြောက်နေတာတွေရှိတဲ့အပြင် နအဖ ဘက်ခံပါတီမဟုတ်တဲ့ တခြားနိုင်ငံရေးပါတီတွေက ပါတီခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ အဖွဲ့ဝင်တွေကို ဖမ်းဆီးထိန်းသိမ်းတာတွေလုပ်ဆောင်နေတာဟာ တပါတီထည်းကိုပဲ အနိုင်ရအောင် လုပ်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။

နိုင်ငံတခုမှာ အရေးကြီးတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ပါမှသာလျှင် ပါတီစုံစနစ်ကို ကျင့်သုံးနိုင်တာ ဖြစ်တယ်။ စစ်အစိုးရက ရွေးကောက်ပွဲလုပ်တယ်လို့ ပြောပေမယ့် နိုင်ငံရေးပါတီတွေကို လွတ်လပ်ခွင့်တွေ မပေးပါဘူး။ နိုင်ငံရေး ခေါင်းဆောင်တွေကိုလည်း ဖမ်းထားတဲ့အတွက်ကြောင့် တစ်ပါတီရဲ့ အနိုင်ရရေးကိုသာ ဆောင်ရွက်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့မှာဆိုလျှင် မြန်မာစစ်အစိုးရက ၁၉၉ဝ ရွေးကောက်ပွဲရလဒ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အနိုင်ရ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားပြည်သူလူထု တရပ်လုံးရဲ့ ဒီမိုကရေးစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို လျစ်လှူရှုပြီးတော့ စစ်အာဏာရှင် စနစ်ကို တရားဝင်လာရေးအတွက် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းရန် ၂ဝ၁ဝ ရွေးကောက်ပွဲကို ကျင်းပ ပြုလုပ်လာနေတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရသစ်ကလည်း လက်ရှိစစ်အုပ်ချုပ်ရေးစနစ်မှာ အာဏာရထားတဲ့ ဗိုလ်ချုပ်တွေ ဖြစ်နေတဲ့အတွက် အာနာဂတ်မြန်မာနိုင်ငံဟာ အေးချမ်းသွားနိုင်မယ့် အရိပ်အယောင်တွေမရှိဘူးလို့ သုံးသပ်သူတွေက ပြောပါတယ်။

ထိုင်းအခြေဆိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးအောင်နိုင်ဦးက “ရွေးကောက်ပြီးတာနဲ့ ကရင်ပြည်နယ်မှာပဲဖြစ်ဖြစ် ကယားပြည်နယ်မှာပဲ ဖြစ်ဖြစ် တခြားဒေသတွေမှာပဲဖြစ်ဖြစ် ပဋိပက္ခတွေက ပြေလည်သွားမယ့် အနေအထားမျိုးမှာ မရှိဘူး။ တိုက်ပွဲတွေတောင်ပိုပြီးတော့ ဆက်ဖြစ်လာနိုင်တဲ့ အနေအထားမှာ ရှိတယ်” ဆိုပြီး သူ့ရဲ့အမြင်ကို ပြောသွားပါတယ်။

တဆက်တည်းမှာပဲ စစ်အစိုးရက မကြာသေးခင်မှာ ရုရှားနိုင်ငံလုပ်  Mi -၂၄ စစ်သုံး ရဟတ်ယာဉ် အစီး ၅ဝ နှင့်  Mi-၂ သယ်ပို့ ရဟတ်ယာဉ် ၁၂ စီး ဝယ်ယူမှုက မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ နယ်နိမိတ်တလျှောက်က နယ်မြေတွေကို ထိန်းချုပ်ထားတဲ့ အပစ်ရပ် တိုင်းရင်းသားအုပ်စုတွေကို ရွေးကောက်ပွဲပြီးရင် စစ်ဆင်ရေးလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ခန့်မှန်းပြောဆိုနိုင်ပါတယ်။

စစ်အစိုးရရဲ့ အလိုကျ အတင်းအဓမ္မ အတည်ပြုသွားခဲ့တဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုနိုင်ရန် ရွေးကောက်ပွဲကို ကျင်းပပြုလာတာဖြစ်တယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ခေတ်မှီပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ် တည်ဆောက်နိုင်တော့မယ်လို့ မြန်မာ့အလင်း သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

တကယ်တမ်း မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းလာရန် သုံးပွင့်ဆိုင်ဆွေးနွေးမှုတွေ ပြုလုပ်ရမယ်လို့ အတိုက်အခံ အင်အားစုတွေက ပြောပါတယ်။

မြန်မာနိုင်ငံ တိုးတက်ပြောင်းလဲလာရန် ယခု ပြည်သူ့လွတ်တော်အဖွဲ့ဖြစ်စေ၊ ပြည်တွင်း အတိုက်အခံပါတီတွေ ဖြစ်တဲ့ အဲန်အဲလ်ဒီဖြစ်စေ၊ တိုင်းရင်းသားအင်အားစုတွေက တက်လာမယ့် စစ်အစိုးရသစ်နဲ့ သုံးပွင့်ဆိုင် ဆွေးနွေးနိုင်ရန် တံခါးဖွင့်ထားကြောင်း ပြောပါတယ်။

“အနာဂတ်ကာလမှာ စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ နားပိတ်မထားပါဘူး။ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးပါတီတွေကလည်း ဒီကိစ္စကိုပဲ အစဉ်ဆက်တိုက် တောင်းဆိုနေပါတယ်။ ငြင်းဆန်နေတာကတော့ နအဖ ပဲဖြစ်ပါတယ်” ဒု-ဥက္ကဌ ဦးသိန်းဦးက ပြောတာပါ။

ပြည်သူ့လွတ်တော်အဖွဲ့က နိုင်ငံရေးအရလည်းကောင်း စစ်ရေးအရလည်းကောင်း စစ်အစိုးရကို ဆန့်ကျင်သွားမယ်လို့ ဆိုပါတယ်။

ပြည်သူ့လွတ်တော်အဖွဲ့က ဥက္ကဌ ဖြစ်သူ ဦးရီမာန်ထူးက “အဲဒီလိုမျိုး အတူတကွ လုပ်သွားနိုင်ဖို့ ရည်မှန်းပြီးတော့ ကျနော်တို့က တိုင်းရင်းသားတွေနဲ့ လာပူးပေါင်းတာ ဖြစ်တယ်။ ဘာဖြစ်လဲဆိုတော့ တိုင်းရင်းသားမှာ ပြည်သူရှိတယ်။ နယ်မြေရှိတယ် နောက်ပြီးတော့ စစ်တပ်ရှိတဲ့အတွက်ကြောင့် ကျနော်တို့ အစိုးရတခုနဲ့တူအောင် နိုင်ငံရေးနဲ့လည်း တိုက်ပွဲဝင်မယ်၊ စစ်ရေးနဲ့လည်း တိုက်ပွဲဝင်မယ်” ဆိုပြီး ပြောသွားပါတယ်။