ကြံ့ဖွံ့ဝတ်စုံ မဲရုံဝန်ထမ်းများနှင့် ရွေးကောက်ပွဲ ကျင်းပရာ မွန်ပြည်နယ်၌ မဲမသမာမှုများ ဖြစ်ပွားခဲ့

ကြံ့ဖွံ့ဝတ်စုံ မဲရုံဝန်ထမ်းများနှင့် ရွေးကောက်ပွဲ ကျင်းပရာ မွန်ပြည်နယ်၌ မဲမသမာမှုများ ဖြစ်ပွားခဲ့
by -
မင်းထက်အောင်

ယနေ့ ရွေးကောက်ပွဲတွင် ပါဝင်ကြသော မဲရုံ ဝန်ထမ်းများမှာ ကြံ့ဖွံ့ ဝတ်စုံများ ဝတ်ဆင်ထားကြောင်း ပြည်တွင်းသတင်းဌာန Eleven Media Group သတင်းဓါတ်ပုံ ဖေါ်ပြ ...

မင်းထက်အောင် (နိုဝင်ဘာ-၇)။     ။ ယနေ့ ရွေးကောက်ပွဲတွင် ပါဝင်ကြသော မဲရုံ ဝန်ထမ်းများမှာ ကြံ့ဖွံ့ ဝတ်စုံများ ဝတ်ဆင်ထားကြောင်း ပြည်တွင်းသတင်းဌာန Eleven Media Group သတင်းဓါတ်ပုံ ဖေါ်ပြချက် တရပ်တွင် တွေ့ရှိရသည်။

ယနေ့ မဲထည့်သူများနှင့် ကြံ့ဖွံ့ ဝတ်စုံဝတ် မဲရုံဝန်ထမ်းများထို့အပြင် ယနေ့ နံနက် စောစောပိုင်း မဲပြား စတင်ထည့်ကြရာ၌ မွန်ပြည်နယ်အတွင်း ကြံ့ဖွံ့ပါတီ မဲအနိုင်ရရှိရေးအတွက် မဲရုံများတွင် မသမာမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မင်းနွယ်စိုး၏ ဇာတိရွာ ဖြစ်သော မုဒုံမြို့နယ်၊ ညောင်ကုန်းကျေးရွာ မဲရုံ (၂) ၌ မဲရုံမှူး ကိုယ်တိုင် မဲပြားများပေါ်တွင် လက်မှတ် ရေးထိုးစဉ် ပြည်ခိုင်ဖြိုး ပါတီအား အမှန်ခြစ်ပေးသည်ကို တွေ့ရှိခဲ့သဖြင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကန့်ကွက် ပြောဆိုခဲ့သည်။

အလားတူ အနီးအနားရွာ ဖြစ်သော ကော့ခလယ်ရွာတွင်လည်း ပြည်ခိုင်ဖြိုးပါတီ အဖွဲ့ဝင်များ မဲရုံရှေ့၌ မဲဆွယ်မှုများ ပြုလုပ်ယုံမက မဲရုံအတွင်း မဲထည့်ဝင်သူများ ကိုယ်စား မဲပြားပေါ်တွင် ပြည်ခိုင်ဖြိုးပါတီအား ထောက်ခံမဲ ရေးခြစ်ပေးနေသဖြင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကန့်ကွက်ပြောဆိုခဲ့ရပြန်သည်။

သံဖြူဇရပ်မြို့ပေါ်တွင်လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအား ထောက်ခံမဲ ထည့်သူများဟု ယူဆရသူများ၏ မဲပြားများတွင် မဲရုံမှူး လက်မှတ် မရေးထိုးသော မဲပြားများဖြင့် ဆန္ဒမဲပေးစေခဲ့သည်။

“ကျမ မဲပြားမှာ မဲရုံမှူး လက်မှတ် မပါလို့ လက်မှတ် ထိုးပေးပါလို့ သွားပြောတော့ မဲထည့်ပြီးမှ လက်မှတ် ထိုးပေးမယ် ဆိုလာတယ်၊ ဒါဆို ပယ်မဲ ဖြစ်သွားမယ်၊ မရဘူး၊ မဲရုံမှူး လက်မှတ်ပါမှ ရမယ်ပြောတော့ သူလက်မှတ် ထိုးပေးတယ်၊ ကျမက မွန်ပါတီကိုပဲ မဲထည့်တာပေါ့” ဟု သံဖြူဇရပ်မြို့သူ တစ်ဦးက ပြောသည်။

ထို့အပြင် ရေးမြို့နယ်၊ ဒူးယားကျေးရွာ၌ ကြံ့ဖွံ့ ပါတီအား မဲပေးသူမရှိသလောက် ဖြစ်နေသဖြင့် မဲရုံမှူး၊ မဲရုံဝန်ထမ်းများ ရှောင်ပြေးနေကြပြီး အချိန်မီ မဲပေးနိုင်ရန် စောင့်ဆိုင်းနေရကြောင်း ဒေသခံများနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

“ဒီရွာမှာ မဲပေးရတာက လူဦးရေး လေးထောင့် ရှစ်ရာ ကျော်တယ်၊ မဲရုံနှစ်ရုံပဲ ရှိတာက အထက်တန်း ကျောင်းထဲမှာ၊ မဲရုံ ဝန်ထမ်းတွေကို စောင့်နေရတုန်းပဲ၊ အပြင်တစ်နေရာ ထွက်သွားတာ ခုထိ ပြန်မလာသေး၊ မဲရုံပိတ်တဲ့အထိ စောင့်နေကြမှာ” ဟု ဒူးယားရွာသား တစ်ဦးက ဖုန်းဖြင့် ပြောသည်။

အထူးသဖြင့် မဲရုံမှူးများမှာ ကြံ့ဖွံ့ ပါတီ ဝတ်စုံများ ဝတ်ဆင်ထားကြပြီး မွန်ဒေသလုံးဆိုင်ရာ ပါတီဝင်များမှာ သာမန်ရိုးရိုး အရပ်ဝတ် အင်္ကျီများနှင့် မွန်ဟင်္သာရင်ထိုးတံဆိပ်များသာ တပ်ဆင်ခွင့် ရှိကြသည်။

မဲရုံ ဧရိယာကိုက် (၅၀၀) အတွင်း မွန်တိုင်းရင်းသား ဝတ်စုံ ဝတ်ဆင်ခွင့် မပြုဟု မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က လွန်ခဲ့သည့် ရက်ပိုင်းအတွင်း နှုတ်အမိန့် ထုတ်ပြန်ခဲ့သည်။