ရခိုင်အမျိုးသမီးများက ရွေးကောက်ပွဲအား ဆန့်ကျင်ဆန္ဒပြ

ရခိုင်အမျိုးသမီးများက ရွေးကောက်ပွဲအား ဆန့်ကျင်ဆန္ဒပြ
by -
မင်းဆက်ခိုင်

ဘင်္ဂလာဒေခ်ျ့ အခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံးမှ နိုဝင်္ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲ တရပ်ကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒက္ကားမြို့ မြန်မာ သံရုံးရှေ့တွင် ပြုလုပ်....

ဘင်္ဂလာဒေခ်ျ့ အခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံးမှ နိုဝင်္ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲ တရပ်ကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒက္ကားမြို့ မြန်မာ သံရုံးရှေ့တွင် ပြုလုပ်ခဲ့ကြသည်။

RWU-against-Burmese-Election-2010နိုဝင်္ဘာလ ၅ ရက်နေ့က နံနက် ၁၁ နာရီ အချိန်တွင် “၂၀၁၀ ရွေးကောက်ပွဲ-အလိုမရှိ၊ တွေ့ဆုံဆွေးနွေးရေး အမြန်ခေါ်၊” စသည့် ကြွေးကြော်သံများနှင့် ဆန္ဒပြပွဲကို စတင်ခဲ့ကြသည်။

ဆန္ဒပြရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသမီးများ အစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ယခုကဲ့သို့ ပြောသည်။

“နိုဝင်္ဘာလ ၇ရက်နေ့မှာ နအဖ စစ်အစိုးရက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ပွဲဝင်ခြင်း အနေနဲ့ ဆန္ဒပြရတာပါ။ ကျမတို့ အခုလို ဆန္ဒပြခြင်းအားဖြင့် နအဖစစ်အစိုးရက လုပ်နေတဲ့ ရွေးကောက်ပွဲဟာ မတရားဆိုတာကို ကျမတို့ ပြည်သူတရပ်လုံး သိလာစေချင်ပါတယ်။ ပြီးတော့ ပြည်သူ တရပ်လုံးမှာ ကိုယ်ပိုင် အခွင့်အရေးတွေကို ဖေါ်ထုတ်ဖို့ အခွင့်အလမ်းတွေ ရှိပါတယ်။ ဒါကြောင့် ကိုယ့်ပိုင် အခွင့်အရေးတွေအတွက် တိုက်ပွဲ ဝင်ရမယ်။ နောက် တိုင်းရင်းသား လူထု တရပ်လုံးကလည်း ရဲရဲဝံ့ဝံ့ တိုက်ပွဲ ဝင်ရမယ် ဆိုတဲ့ အနေအထားကို သိစေချင်တဲ့အတွက် ဆန္ဒပြပွဲကို ကျင်းပရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာသံရုံးရှေ့တွင် ပြုလုပ်ခဲ့ကြသော ဆန္ဒပြပွဲကို မွန်းတည့် ၁၂ နာရီခန့်တွင် အဆုံးသတ်ခဲ့ကြပြီး တဆက်တည်းတွင် ဒက္ကားမြို့ရှိ တရားရုံးချုပ်ရှေ့တွင် သွားရောက် ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြပွဲကို နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် အဆုံးသတ်ခဲ့ကြသည်။

“ပြည်သူလူထုတရပ်လုံး အနေနဲ့ ကြောက်နေရမယ့် အချိန် မဟုတ်တော့ပါဘူး။ ပြည်သူတွေမှာ အခွင့်အရေး ဆိုတာ ရှိပါတယ်။ အဲဒီ အခွင့်အရေးကို ထိုင်နေလို့ မရပါဘူး၊ ကျမတို့ တိုက်ယူမှရမှာပါ။ ပြီးတော့ တိုင်းရင်းသားတွေ အနေနဲ့လည်း အခွင့်အရေးကို ပေးပါ ပေးပါဆိုပြီးတော့ လက်ဖြန့် တောင်းနေရုံနဲ့ မရပါ။ တိုက်ပွဲ ပေါင်းစုံနဲ့ ကျမတို့ တိုက်ပွဲ ဝင်ရမယ်ဆိုတာကို တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ ပြည်သူတွေကို ကျမ ဒီနေရာကနေပြီးတော့ ပြောချင်ပါတယ်။”

ဆန္ဒပြပွဲတွင် ဒီမိုကရေစီအရေး လှုပ်ရှားသူ စုစုပေါင်း ၃၀ ခန့် တက်ရောက်ခဲ့ပြီး ဒေသခံ ဘင်္ဂလာဒေ့ခ်ျ သတင်းဌာများမှ သတင်းထောက် ၂၀ နီးပါးခန့် လာရောက် သတင်းယူခဲ့ကြသည်။

အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသော ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး RWU ၏ ထုတ်ပြန်ချက်ကိုလည်း ပြည်သူများနှင့် သတင်းထောက်များ အကြားတွင် ဖြန့်ဝေခဲ့ကြသည်။

 

 

 

 

 

Most read this week