အလယ်တန်းကျောင်းသူများ အသုံးချပြီး ပြည်ခိုင်ဖြိုးပါတီ စည်းရုံး

အလယ်တန်းကျောင်းသူများ အသုံးချပြီး ပြည်ခိုင်ဖြိုးပါတီ စည်းရုံး
by -
မင်းထက်အောင်

မော်လမြိုင်မြို့နယ်၊ ကျောက်တန်းကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီမှ ခုနှစ်တန်း၊ ရှစ်တန်းကျောင်းသူများကို အသုံးပြုပြီး မဲဆွယ်စည်းရုံးရေး ဆင်းနေရကြောင်း ပြည်တွင်းမှ လူငယ်တစ်ဦး သတင်းရေးသားပေးပို့.....

မော်လမြိုင်မြို့နယ်၊ ကျောက်တန်းကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီမှ ခုနှစ်တန်း၊ ရှစ်တန်းကျောင်းသူများကို အသုံးပြုပြီး မဲဆွယ်စည်းရုံးရေး ဆင်းနေရကြောင်း ပြည်တွင်းမှ လူငယ်တစ်ဦး သတင်းရေးသားပေးပို့ချက်အရ သိရသည်။

သက်ဆိုင်ရာ ရယကမှ အတင်းအကြပ် အမိန့်ပေး စေခိုင်းမှုကြောင့် ထိုကဲ့သို့ မဲဆွယ်နေရခြင်း ဖြစ်ကြောင်း ကျောင်းသူများက ဒေသခံများကို ပြောသည်ဟု ယင်းသတင်းပေးပို့ချက်တွင် ဖေါ်ပြပါရှိသည်။

ထို့အပြင် မော်လမြိုင်မြို့အတွင်းရှိ ရယက ရုံးများတွင် မဲနံပါတ် သွားရောက်ကြည့်ရှု တောင်းခံသူများကိုလည်း ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေး စာရွက်များ ပေးဝေခဲ့သည်ဟုလည်း သိရသည်။

လွန်ခဲ့သည့် နှစ်ရက်ခန့်က ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စာစောင်များတွင် လူတချို့က ညစ်ညမ်းသော စာသားများ ရေးသားထည့်သွင်းပြီး မော်လမြိုင်မြို့ အနှံ့ ကြဲခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက ပြောသည်။

ရွေးကောက်ပွဲရက် နီးကပ်လာသည်နှင့်အမျှ ပြည်ခိုင်ဖြိုးပါတီက စည်းရုံးရေး လုပ်ငန်းများကို တရားမျှတသည်ဖြစ်စေ၊ မမျှတသည် ဖြစ်စေ တိုးမြှင့်လုပ်ဆောင်နေကြောင်း မော်လမြိုင်မြို့ခံ ရှေ့နေတစ်ဦး ပြောသည်။

“အရှေ့တောင်တိုင်းက တပ်မိသားစုတွေလည်း ကြံ့ဖွံ့ လုပ်ကိုင်ပုံကို မကြေနပ်လို့ တခြားပါတီတွေကိုပဲ မဲပေးကြမှာ၊ ဒါပေမယ့် ကြိုတင်မဲ ဆိုပြီး အရာရှိတွေ ရှေ့မှာ ထည့်ခိုင်းရင်တော့ ဘာမှလည်း မတတ်နိုင်ပါဘူး” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်တရပ်၌ ထိုသို့ ယူဆပြောဆိုခဲ့သည်။

နယ်မြို့များ၌ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေး ဆင်းရာတွင် ၎င်းတို့ ပါတီသည် မွန်ဖြစ်သည်ဟုလည်း ဒေသခံများကြားတွင် လိမ်လည် ပြောဆို စည်းရုံးမှုများ ပြုလုပ်နေသည်။

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဝင် အချို့ကလည်း ကျေးရွာအချို့၌ ဒေသခံကျောင်းသူများကို မွန်တိုင်းရင်းသား ဝတ်စုံဝတ်ဆင်စေ၍ စည်းရုံးရေး ဆင်းခိုင်းနေသည်ကိုလည်း တွေ့ရှိရသည်။

အလားတူ မန္တလေးမြို့ ပြည်ခိုင်ဖြိုး ဆိုင်းဘုတ် တင်ပွဲတစ်ခုတွင်လည်း မြန်မာအမျိုးသမီးများကို မွန်တိုင်းရင်းသူ ဝတ်စုံဝတ်ဆင်စေကာ လုပ်ကြံဝါဒဖြန့်မှုများ ပြုလုပ်ခဲ့သည်ကို အင်တာနက် သတင်းများတွင် တွေ့ရှိနိုင်သည်။