သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် ၀မ်ကျောင်းကျေးရွာဥက္ကဋ္ဌအား ကျေးလက်လူထုကိုယ်စား ပြည်ခိုင်ဖြိုးပါတီ USDP အား ကြိုတင်မဲ မထည့်လျှင် ကောက်ပဲသီးနှံ ရောင်းဝယ်မှု ပိတ်ပင်မည်ဟု ခြိမ်းခြောက်....
သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် ၀မ်ကျောင်းကျေးရွာဥက္ကဋ္ဌအား ကျေးလက်လူထုကိုယ်စား ပြည်ခိုင်ဖြိုးပါတီ USDP အား ကြိုတင်မဲ မထည့်လျှင် ကောက်ပဲသီးနှံ ရောင်းဝယ်မှု ပိတ်ပင်မည်ဟု ခြိမ်းခြောက်ကြောင်း စုံစမ်းသိရှိရပါသည်။
“၀မ်ကျောင်း ကျေးရွာ ဥက္ကဋ္ဌ ဦးဝါလိန်ကို ကျေးလက်လူထုကိုယ်စား ကြံ့ဖွံ့အတွက် ကြိုတင်မဲ ထည့်ခိုင်းတယ်။ ကြိုတင်မဲ မထည့်ပေးရင် နှမ်း၊ ပြောင်း၊ မြေပဲရောင်းခြံထွက်သီးနှံ ရောင်းဝယ်ခွင့် ပိတ်မယ်လို့ ခြိမ်းခြောက်တယ်” ဟု တန့်ယန်းရောက် မိုင်းရယ် ဒေသခံ တစ်ဦးက ပြောပါသည်။
အောက်တိုဘာ ၃၁ ရက်နေ့ မိုင်းရယ် မယက ဥက္ကဋ္ဌနှင့် ရယက ဥက္ကဋ္ဌတို့ မိုင်းရယ်မြို့ ရပ်ကွက် (၃) ဦးကျော်အုံး နေအိမ်၌ ပြည်ခိုင်ဖြိုး ပါတီအား ကြိုတင်မဲ ပေးပေးရန် ဦးဝါလိန်အား ခြိမ်းခြောက်ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောပါသည်။
“ဦးဝါလိန်လဲ နှမ်း၊ ပြောင်း၊ မြေပဲရောင်းဝယ်မှုဟာ ရွာသူရွာသားတွေရဲ့ အဓိက စီးပွါးရေး ဖြစ်နေတာကြောင့် ကျေးလက်လူထု ၁၀၀ ကျော် ကိုယ်စား ပြည်ခိုင်ဖြိုးပါတီကို ကြိုတင်မဲ မပေးချင်ပေမဲ့ မလွှဲမရှောင်သာ ပေးလိုက်ရတယ်” ဟု တန့်ယန်း ကုန်သည် တစ်ဦးကလည်း ပြောပါသည်။
ရွေးကောက်ပွဲနေ့ နီးကပ်လာသော်လည်း တန့်ယန်းမြို့နယ်တောင်ဟျိုးကျေးရွာအုပ်စု၊ ၀မ့်လွယ်ကျေးရွာအုပ်စု၊ မိုင်းအွက် ကျေးရွာ အုပ်နှင့် နမ့်အွန်-ခမ်းပုံးကျေးရွာအုပ်စုမှ မဲပေးပိုင်ခွင့်ရှိသူ ကျေးလက်လူထုအတွက် မဲရုံအတည်မရှိသေးဘဲ ကျေးရွာအုပ်စုတချို့ ကြိုတင်မဲ ကောက်ယူခြင်း ခံနေရကြောင်း သိရသည်။