သျှမ်း/ အလယ်မြို့နယ်တချို့ လုံခြုံရေး အကြောင်းပြ ကြိုတင်မဲ ကောက်ယူ

သျှမ်း/ အလယ်မြို့နယ်တချို့ လုံခြုံရေး အကြောင်းပြ ကြိုတင်မဲ ကောက်ယူ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အလယ်ပိုင်း ကျေးသီး၊ မိုင်နောင်၊ မိုင်းနန်းမြို့နယ်များ၌ ယနေ့မှ စ၍ လုံခြုံရေး အကြောင်းပြ  ကြိုတင်မဲများ ကောက်ယူနေ...

သျှမ်းပြည်အလယ်ပိုင်း ကျေးသီး၊ မိုင်နောင်၊ မိုင်းနန်းမြို့နယ်များ၌ ယနေ့မှ စ၍ လုံခြုံရေး အကြောင်းပြ  ကြိုတင်မဲများ ကောက်ယူနေ ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“မနေ့က စရဖ လျှို့ဝှက်သတင်းအရတဲ့။ ရွေးကောက်ပွဲ ကျင်းပမယ့် နိုဝင်ဘာ ၇ ရက်မှာ သောင်းကျန်းသူတွေက ဗုံးခွဲဖျက်ဆီးဖို့ အစီအစဉ် ရှိတယ်တဲ့။ လုံခြုံရေးအတွက် ဆိုပြီး ကြိုတင်မဲတွေ စကောက်တာ ဖြစ်တယ်” ဟု မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောသည်။

ကျေးသီးမြို့နယ်တွင် မဲရုံ ၂၄ ရုံ သတ်မှတ်ထားရာ (နိုဝင်ဘာ ၇ ရက် ကျင်းပရန်) မြို့တွင်း ၆ ရပ်ကွက်နှင့် ခလရ ၁၃၁ မှအပ ကျန်မဲရုံ ၁၇ ရုံအတွက် ကြိုတင်မဲ စတင်ကောက်ယူခြင်း ဖြစ်သည်ဟု  မဲရုံတာဝန်ကျ လူငယ်တဦးကလည်း ပြောပြသည်။  

မဲရုံ ၂၃ ရုံရှိ မိုင်းနောင်မြို့နယ်ခွဲတွင်လည်း မြို့တွင်း  ၅ ရပ်ကွက်နှင့် စကခ ၂၊ ခလရ ၉ ၊ ခလရ ၂၈၆၊ ခလရ ၂၈၇ တို့မှအပ ကျန်ရှိ မဲရုံ ၁၄ ရုံအတွက် ကြိုတင်မဲ စကောက်ရန်အတွက် ယမန်နေ့က မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က အုပ်စုစာရေးများအား မဲပြားများ စတင်ထုတ်ပေးနေပြီဟုလည်း အဆိုပါ ရွေးကောက်ပွဲ ကော်မရှင်အသိုင်းအ၀ိုင်းထံကပင် သိရသည်။    

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲနေ့၌ ကျန်ရှိသော မြို့တွင်းမှမဲရုံ အနည်းအကျဉ်းနှင့် တပ်တွင်းတွင်သာ ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်ဟု မိုင်းနောင်မှ ၀န်ထမ်းတဦးကလည်း အတည်ပြုပြောဆိုသည်။

“မဲပေးခွင့် ရှိသူကိုလဲ စာရင်းလျော့ပြထားတာ တွေ့ရတယ်ဗျ။ ဥပမာ မိုင်းနန်းမှာ မဲပေးခွင့် ရှိသူ ၃ ထောင် ကျော်ရှိတာကို စာရင်း ၈ ရာကျော်ဘဲ ပြတယ်။ ၀မ့်ခဲမ်တိုက်နယ်ဆိုရင်လဲ မဲပေးခွင့်ရှိ သူ ၈၀၀ ကျော်မှာ စာရင်း ၅၀၀ လောက်ဘဲ ပြတယ်။ ဘာလို့လဲဆိုတော့ ဒေသခံတွေက ကျားဖြူပါတီကိုဘဲ ထောက်ခံကြတယ်လေ” ဟု အစိုးရပါတီအား မထောက်ခံလိုသော အဆိုပါ မဲရုံတာဝန်ကျလူငယ်က ဆက်၍ ရှင်းပြသည်။

ကျေးသီးမြို့နေ နိုင်ငံရေး စိတ်ဝင်စားသည့် မိသားစု တစုကမူ “ကြိုတင်မဲ ယူတယ် ဆိုတာက ကြံ့ဖိုင်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံမဲ ဖြစ်အောင် ကလိမ်စေ့ငြမ်းဆင်ဖို့ဘဲ။ မဲရေတွက်ချိန် မရောက်ခင်အထိ ရွေးကောက်ပွဲ ကော်မရှင်တွေလက်ထဲမှာဘဲ ထားမယ်လေ။  အဲချိန်ဘယ်သူမှ မမြင်ရတော့ သူတို့ လုပ်ချင်သလို လုပ်လို့ ရတာပေါ့” ဟု သုံးသပ်ပြောဆိုပြသည်။

 

 

 

 

Most read this week