ရခိုင် အင်တာနက်လိုင်း ဖြတ်တောက် ခံရ

ရခိုင် အင်တာနက်လိုင်း ဖြတ်တောက် ခံရ
by -
ထွန်းထွန်း

ရခိုင်ပြည်နယ်တွင် အသုံးပြုနေသော အင်တာနက်လိုင်းများ ဖြတ်တောက် ခံထားရသဖြင့် ယခုအခါ အင်တာနက်မှတဆင့် ဆက်သွယ်မူများ ပြတ်တောက်နေ....

ရခိုင်ပြည်နယ်တွင် အသုံးပြုနေသော အင်တာနက်လိုင်းများ ဖြတ်တောက် ခံထားရသဖြင့် ယခုအခါ အင်တာနက်မှတဆင့် ဆက်သွယ်မူများ ပြတ်တောက်နေကြောင်း သတင်းရရှိသည်။

ကျောက်ဖြူက လူငယ် တစ်ဦးက “ဂီရိ တိုက်ပြီး အောက်တိုဘာလ ၂၅ ရက်နေ့ထိ အင်တာနက် လိုင်းတွေ ကောင်းနေခဲ့ပါတယ်။ ၂၅ ရက်နေ့ နောက်ပိုင်းက စပြီး ဘယ်လိုမှ အင်တာနက်က သုံးလို့ မရတော့ပါဘူး” ဟု ပြောသည်။

စစ်တွေတွင်လည်း အင်တာနက် လိုင်းပြတ်တောက်နေသဖြင့် အလုပ်ပျက် အကိုင်ပျက် ဖြစ်နေရသည်ဟု စစ်တွေမှ အင်တာနက် ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

“လိုင်းပြတ်နေတာက ရက်အနည်းငယ် ကြာပါပြီ။ ခုဆိုလို့ရှိရင် ဆိုင်ကို ပိတ်ထားရမဲ့ အခြေအနေကိုတောင် ရောက်နေပါပြီ။ ဘယ်နေ့ လာမယ်ဆိုတာတော့ အသေအချာ မသိရသေးဘူး။ ရွေးကောက်ပွဲကြောင့် အဆက်အသွယ် ဖြတ်တယ် ဆိုပြီး ဒီမှာတော့ ခုလို သတင်းတွေ ထွက်နေပါတယ်။ ခုလို အကြာကြီး ပိတ်ထားရင် ကျွန်တော်တို့ ဆိုင်ပိုင်ရှင်တွေအတွက် တကယ့်ကို နစ်နာရတာ ပေါ့ဗျာ” ဟု ပြောသည်။

ယခင် အင်တာနက် လိုင်းကောင်းစဉ်က စစ်တွေနှင့် ကျောက်ဖြူရှိ အင်တာနက် ဆိုင်များတွင် အစိုးရ အမှုထမ်းများ၊ ကျောင်းသူ- ကျောင်းသားများနှင့် ကြိတ်ကြိတ်တိုး စည်ကားခဲ့သော်လည်း ယခုအခါ အင်တာချက် လုပ်သူများ မရှိဘဲ တိတ်ဆိတ်ငြိမ်သက် နေကြောင်း သူက ပြောသည်။

ရွေးကောက်ပွဲ ကာလတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံရနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ယခုကဲ့သို့ ရွေးကောက်ပွဲ မကျင်းပမှီကပင် ကြိုတင်ပြီး အင်တာနက် လိုင်းများကို စစ်အာဏာပိုင်များက ဖြတ်တောက်ထားသဖြင့် အများက နားမလည်အောင် ဖြစ်နေကြသည်။

ရွေးကောက်ပွဲ ကာလအတွင်း ပြည်ပနှင့် ဆက်သွယ်မည်ကို စိုးရိမ်၍ အင်တာနက်ကို ယခုကတည်းကပင် ဖြတ်တောက်သကဲ့သို့ ဖုံးလိုင်းများကိုပါ ဆက်လက်ဖြတ်တောက်မည်ကို အများက စိုးရိမ်နေကြောင်း သတင်းများ ရရှိသည်။

 

 

 

 

Most read this week