သျှမ်းပြည်တောင်ပိုင်း လွယ်လင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်က မဲရုံမှူးများအား မဲပြား အလွတ်ထောင်ချီ လက်မှတ်ထိုး ပေးခိုင်း...
သျှမ်းပြည်တောင်ပိုင်း လွယ်လင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်က မဲရုံမှူးများအား မဲပြား အလွတ်ထောင်ချီ လက်မှတ်ထိုး ပေးခိုင်းကြောင်း အမည်မဖေါ်လိုသည့် မဲရုံမှူးတဦး ပြောသည်။
“လွယ်လင်မြို့နယ်မှာ မဲရုံ ၄၈ ရုံ ထားတယ်။ မဲတရုံ မဲလက်မှတ် ၁၅၀ လက်မှတ် ထိုးခိုင်းတယ်၊ မထိုးရင် မရဘူး၊ ဒုက္ခရောက် နိုင်တယ် ဆိုပြီး ခြိမ်းခြောက်လို့ လက်မှတ်ထိုး ပေးလိုက်ရတယ်” ဟု မဲရုံမှူး မိသားစုဝင် တဦးက ပြောပါသည်။ ရပ်ကွက်၊ ကျေးရွာ အကြီးအသေး အလုပ် မဲရုံ တရုံတွင် မဲပြားအစောင်ရေမှ ၃၀၀ သတ်မှတ်ထားသည်ဟု ဆို၏။
“မဲတအုပ်မှာ အစောင်ရေ ၅၀ ပါတယ်။ တရုံ ၁၅၀ ဆိုတော့ ၃ အုပ်ပေါ့။ ကုန်သည်တွေ ခရီးလွန်နေသူတွေ ကြိုတင်မဲ ထည့်ဖို့ စာရင်း ကောက်ဖို့ သွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်တွေက ပြောတော့ မဲရုံမှူးတွေက သူတို့လဲ လိုက်မယ်ပေါ့။ ရွေးကောက်ပွဲ ကော်မရှင် တွေက ပေးမလိုက်ချင်ဘူး။ အဲဒါနဲ့ ကတောက်ကဆတွေ ဖြစ်ပြီး နောက်ပိုင်း ၃-၄ ရက်အကြာ မဲလက်မှတ်ပေါ် မဲရုံမှူးတွေကို လက်မှတ် ထိုးခိုင်တာ။ အမှန်ဆို မဲပေးမယ့်ရက်မှာ မဲပြားသွားယူမှ မဲရုံမှူးက လက်မှတ် ထိုးရမှာလေ” ဟု ဆက်ပြေသည်။
ထိုသို့ လုပ်ခြင်းမှာ ကြံ့ဖွံ့ပါတီ အနိုင်ရရေးအတွက် မတရားသော နည်းလမ်းဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း လွယ်လင် ရပ်ကွက် (၄) မှ ရပ်ကွက်သား တဦးက ထောက်ပြသည်။
အလားတူ ဟိုပုံးမြို့နယ် အမျိုးသားလွတ်တော်အဆင့် ၀င်ရောက်ယှဉ်ပြိုင်မည့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်မှ ဦးနေ၀င်းထွန်းကလည်း ဟိုပုံးမြို့နယ် ပုံးအယ်ကျေးရွာအုပ်စု ပုံးအယ်ဘုန်းကြီးကျောင်း၌ ပအိုဝ်းပါတီ PNO သို့မဟုတ် ကြံ့ဖွံ့ပါတီကိုသာ မဲထည့်ပေးရမည်ဟု ဆို၏။ ဤနှစ်ပါတီမှ တပါတီအား မဲထည့်မပေးမှန်း နောက်ပိုင်း စစ်ဆေးသိရှိခဲ့ပါက ဒဏ်ငွေ ၅ သောင်းစီ ရိုက်ခံရမည် ဖြစ်ကြောင်း လလယ်ပိုင်းက ခြိမ်းခြောက်ထားသည်ဟု PNO အဖွဲ့ဝင်ဟောင်း တဦးက ပြောပါသည်။