ရွေးကောက်ပွဲ နီးလာသော်လည်း မှတ်ပုံတင် မရရှိသေး

ရွေးကောက်ပွဲ နီးလာသော်လည်း မှတ်ပုံတင် မရရှိသေး
by -
ဝီရမာဉ်

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နှင့် ရေးမြို့နယ်ရှိ ရွာများတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) ပြုလုပ်ထားသူများ ယခုအချိန်ထိ မရရှိသေး....

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နှင့် ရေးမြို့နယ်ရှိ ရွာများတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) ပြုလုပ်ထားသူများ ယခုအချိန်ထိ မရရှိသေးဟု မှတ်ပုံတင် ပြုလုပ်သူများက ပြောသည်။

နိုင်ငံသားစိစစ်ရေးကဒ်ပြား ပြုလုပ်ထားသည့် အသက် ၂၅ နှစ်  ရေးမြို့သူတစ်ဦးက “ကျမကတော့ အခုအထိ မှတ်ပုံတင် မရ သေးတော့ မဲမထည့်ရတော့ဘူးပေါ့” ဟု ပြောသည်။

သူမမှတ်ပုံတင်အား ပြုလုပ်ထားခဲ့သည်မှာ သုံးလခန့် ရှိပြီး ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအတွက် မဲထည့်ရန် အချိန် နီးလာသော်လည်း ယခုအထိ နိုင်ငံသားစိစစ်ရေး ကဒ်ပြားကို ရပ်ကွက်ရုံးမှ ခေါ်မပေးသည့်အတွက် သူမ အနေနှင့် ရွေးကောက်ပွဲအတွက် ဆန္ဒမဲ မပေး နိုင်ကြောင်း အမျိုးသမီးမှ ဆိုသည်။

အသက် ၃၈ နှစ် ရေးမြို့သူအမျိုးသမီးတစ်ဦးကတော့ “မှတ်ပုံတင် မရှိတော့ မဲသွားထည့်စရာ မလိုဘူးပေါ့” ဟု ပြောသည်။

သူမ မှတ်ပုံတင် ပြုလုပ်ထားသည်မှာ တစ်နှစ်ခန့် ရှိပြီး ဖြစ်ကြောင်း၊ ယခုအချိန်အထိ ရပ်ကွက်ရုံးမှ လာ၍ မခေါ်ပေးသေးကြောင်း၊ ထို့ကြောင့် မဲထည့်ရာတွင် အခက်တွေ့မည် ဖြစ်ကြောင်း၊ မှတ်ပုံတင် မရှိသည့်အတွက် မဲထည့်စရာလည်း မလိုကြောင်း၊ ယင်း အမျိုးသမီးမှ ပြောသည်။

အသက် (၃၅) နှစ် ရေးမြို့ လူဝင်မှုကြီးကြပ်ရေးရုံး (မှတ်ပုံတင်ရုံး) တွင် အလုပ်လုပ်နေသော ဝန်ထမ်းအမျိုးသမီးတစ်ဦးက “ကျမလည်း အသေအချာ မသိပါဘူး။ ဒီရွေးကောက်ပွဲ မဖြစ်ခင်တော့ မှတ်ပုံတင်ကို အမြန်ပေးမှာပဲ” ဟု ပြောသည်။

နိုင်ငံသားစိစစ်ရေးကဒ်ပြားကို ယခုနှစ် နှစ်ဦးပိုင်းကတည်းက ရွေးကောက်ပွဲတွင် မဲထည့်ရန်အတွက် အိမ်ထောင်စု စာရင်းများကို အသစ် ပြုလုပ်ပေးမည်ဟု ဆိုကာ ရပ်ကွက်ဥက္ကဋ္ဌမှ အိမ်ထောင်စု စာရင်းဟောင်းများကို ယူဆောင်သွားရာမှ ယခုအချိန်အထိ အိမ်ထောင်စု စာရင်း အသစ်သာကမ အဟောင်းကိုပါ ပြန်လည်ပေးအပ်ခြင်း မရှိသေးကြောင်း အသက် ၅၀ ရေးမြို့သူတစ်ဦးက ဆိုပါသည်။

ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နယ်ခွဲတွင် လဝကရုံးမှ အောက်တိုဘာလ တတိယပတ်မှ စပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြား မရှိသေး သူများအား ရွေးကောက်ပွဲအမီ ၎င်းစိစစ်ရေးကဒ် ရရန် အမြန်ပြုလုပ်ပေးနေလျက်ရှိကြောင်း ယင်းမြို့ခံများက  ပြောသည်။

အသက် ၄၀ ခေါဇာမြို့ခံအမျိုးသမီး တစ်ဦးကတော့ “အခု လုပ်ပေးနေတဲ့ မှတ်ပုံတင် ရုံးက လူတွေက အရင်လူတွေ မဟုတ်ကြဘူး။ အခုလူက လူသစ်တွေပဲ”  ဟု ပြောသည်။

ယခု နိုင်ငံသားစိစစ်ရေးကဒ်ပြားကို ပြုလုပ်ပေးသူများသည့် ဝန်ထမ်းသစ်များမှာ အောက်တိုဘာ တတိယပတ်မှ စ၍ ပြုလုပ်ပေးနေ ကြောင်း၊ ၎င်းကဒ်ပြား ပြုလုပ်သူသည် မှတ်ပုံတင် ရုံးသို့ နှစ်ရက် သွားရသည်။ ပထမရက်၌ မှတ်ပုံတင် ပြုလုပ်သူ၏ နာမည် စာရင်း များကို ပေးသွင်းရာတွင် ၎င်းမှတ်ပုံတင် ဝန်ထမ်းများအား ပိုက်ဆံကျပ်ငွေ သုံးထောင်ကျပ် (၃၀၀၀ိ) ကို ပေးရပြီး၊ နောက်တစ်နေ့ လက်မပုံစံနှိပ်သောအခါ ၎င်းဝန်ထမ်းများအား ကျပ် တစ်သောင်း (၁၀၀၀၀ိ/) ထပ်မံ၍ ပေးကြရကြောင်း၊ ယင်းပိုက်ဆံများအား ပေးရသော်လည်း ယခုအချိန်အထိ နိုင်ငံသားစိစစ်ရေးကဒ်ပြား မရှိသေးကြောင်း ခေါဇာအမျိုးသမီးမှ ပြောသည်။

အသက် (၂၉) နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦးကတော့ “ဒီအချိန်မှာ မှတ်ပုံတင် လုပ်ရင် ဈေးသက်တာတယ်လေ”  ဟု ပြောသည်။

ရပ်ကွက်ဥက္ကဋ္ဌမှ ခေါ်ယူပြုလုပ်သည့် နိုင်ငံသားစိစစ်ရေးကဒ်ပြားမှာ ဈေးသက်သာကြောင်း၊ ထိုသို့ မဟုတ်ဘဲ မိမိကိုယ်တိုင် လဝက ရုံးသို့ သွားရောက်ပြုလုပ်ပါက ကျပ်ငွေ ငါးသောင်း (၅၀၀၀၀) ပေးရကြောင်း၊ အမြန်ကြေးမှာ ကျပ် ခုနစ်သောင်း (၇၀၀၀၀) အထိ ပေးရကြောင်း  ယင်းအမျိုးသမီးမှ ဆိုသည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ကျင်းပစဉ်ကလည်း အစိုးရမှ ယခုကဲ့သို့ နိုင်ငံရေး စိစစ်ရေးကဒ်ပြားများကို ပြုလုပ်ပေးခဲ့ပါသည်။ ယင်း မှတ်ပုံတင်၏ ပုံစံမှာ သုံးခေါက် ပုံစံ ဖြစ်သည်။ ယင်းမှတ်ပုံတင်မှာ ထိုရွေးကောက်ပွဲအတွင်းလောက်သာ အသုံးပြုကြရ၍ရွေးကောက်ပွဲ ပြီးဆုံးသောအခါ ဆက်လက်အသုံးပြု၍ မရကြောင်း အသက် ၄၅ နှစ် အမျိုးသမီးတစ်ဦးက ဆိုသည်။