ထိုင်းနယ်စပ်နှင့် ထိကပ်နေသော ဘုရားသုံးဆူမြို့နယ်ခွဲရှိ ဝန်ထမ်းအားလုံး ကိုယ်တိုင်မဲပေးစရာ မလိုတော့ဟု မြို့ခံဝန်ထမ်းများထံမှ စုံစမ်းသိရှိရ....
ထိုင်းနယ်စပ်နှင့် ထိကပ်နေသော ဘုရားသုံးဆူမြို့နယ်ခွဲရှိ ဝန်ထမ်းအားလုံး ကိုယ်တိုင်မဲပေးစရာ မလိုတော့ဟု မြို့ခံဝန်ထမ်းများထံမှ စုံစမ်းသိရှိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ သက်ဆိုင်ရာ ဝန်ထမ်းဌာန အသီးသီး၏ အကြီးအကဲများက ဘုရားသုံးဆူမြို့ ဝန်ထမ်းများအတွက် မဲထည့်ပေးရမည်ဟု သိရသည်။
“၂၀၀၈ ဖွဲ့စည်းပုံ မဲထည့်တုန်းကလည်း ဒီအတိုင်းပါပဲ၊ ကြာအင်းဆိပ်ကြီးမှာ ရှိတဲ့ ကျနော်တို့ ဦးစီးမှူးက ထည့်ပေးခဲ့တာ” ဟု အမည် မဖေါ် လိုသော ဝန်ထမ်းတစ်ဦးက ပြောသည်။
ဘုရားသုံးဆူမြို့၌ ဝန်ထမ်းဦးရေ (၃၀၀) ကျော် ရှိသည်ဟု မှတ်တမ်းများအရ သိရသည်။
အင်အားအများဆုံးမှာ စစ်တပ်မှ (၁၂၀) ဦး ရှိပြီး ရဲ (၅၀) ဦးကျော်၊ ပညာရေးဝန်ထမ်း (၅၀) ဦးခန့် ရှိသည့်အပြင် အစိုးရ ဌာနပေါင်း (၂၀) ခန့် ရှိသည်။
စုံစမ်းသိရှိထားချက်အရ ဘုရားသုံးဆူဒေသ၌ မဲရုံ (၁၀) ရုံ ထားရှိမည် ဖြစ်ပြီး မဲပေးနိုင်သူ လူဦးရေ (၉၈၅၆) ဦး ရှိသည်ဟု သိရသည်။
ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလောင်းများမှာ အမျိုးသားလွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း စောမြဝင်း၊ ပြည်သူ့ လွှတ်တော်တွင် စောကြည်အေး (တစည)၊ စောထွဋ်ခေါင်လွင် (ပြည်ခိုင်ဖြိုး)၊ ပြည်နယ်လွှတ်တော်တွင် စောဒယ်ရီ (ဖလုံ-စဝေါ်)၊ စောအောင်ကျော်လင်း (ပြည်ခိုင်ဖြိုး) ဖြစ်သည်ဟု သိရသည်။
ကရင်ပြည်နယ်လူမျိုးစုလွှတ်တော်၌ မွန်၊ ပအို့၊ ဗမာတို့ ပါဝင်ပြီး မွန်လူမျိုးစုကိုယ်စားလှယ်တွင် နိုင်ချစ်ဦး (မွန်ဒေသလုံးဆိုင်ရာ ဒီမို ကရေစီပါတီ)၊ မောင်မောင်လွင်၊ ဦးအောင်ကြွယ် (တစညနှင့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်)၊ ပအို့လူမျိုးစုတွင် ခွန်သန်းမြင့်၊ ခွန်သိန်းဝင်း (တစညနှင့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်)၊ ဗမာလူမျိုးစုတွင် ဦးခင်ကြူး (တစည)နှင့် ဒေါ်မြဝင်း (ပြည်ခိုင်ဖြိုး)တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဟု သိရသည်။