မြေပုံမြို့နယ်တွင် သေဆုံးသူ အလောင်း ၅၀ ခန့် တွေ့ရှိ၊ ကျောက်ဖြူတွင် ဒုက္ခသည်များ အစိုးရထံမှ အကူညီ မရရှိသေး

မြေပုံမြို့နယ်တွင် သေဆုံးသူ အလောင်း ၅၀ ခန့် တွေ့ရှိ၊ ကျောက်ဖြူတွင် ဒုက္ခသည်များ အစိုးရထံမှ အကူညီ မရရှိသေး
by -
စံလင်း၊ စောသူဝင်း၊ မေဖြိုးအောင်

ရခိုင်ပြည် မြေပုံမြို့နယ် ကျွန်းသာယာကျေးရွာတွင် ဂီရိမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူ အလောင်း ၅၀ ခန့် တွေ့ရှိပြီး ဖြစ်ပြီး အငူရွာနဲ့ ရေနီကြီးရွာများ ပျောက်ဆုံးသွား....

 

ရခိုင်ပြည် မြေပုံမြို့နယ် ကျွန်းသာယာကျေးရွာတွင် ဂီရိမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူ အလောင်း ၅၀ ခန့် တွေ့ရှိပြီး ဖြစ်ပြီး အငူရွာနဲ့ ရေနီကြီးရွာများ ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။

နိရဉ္စရာမှ ဆက်သွယ်မေးမြန်းကြည့်ရာ မြေပုံမြို့နယ်မှ ဒေသခံ တဦးက အခုလို ပြောသည်။

“ကျွန်းသာယာမှာ အလောင်း ၅၀ လောက် ရပြီ၊ ငပသုံးမှာလည်း အသေပျောက် များတယ်၊ အငူရွာနဲ့ ရေနီကြီးရွာ ရွာလုံးကျွတ် ပျောက်သွားတယ်၊ အဲဒီရွာတွေမှာ အသေပျောက်တော့ အသေချာ မသိရသေးဘူး၊ မြို့ပေါ်မှာ ကယ်ဆယ်ရေး လုပ်သား ၆၀၀၀ လောက် ရှိတယ်၊ FNG အဖွဲ့အစည်းနဲ့ အခြား ကယ်ဆယ်ရေး အဖွဲ့တွေပါ၊ နယ်တွေကိုတော့ မရောက်သေးဘူး၊ ကျွန်းသာယာ၊ ငပသုံးကနေပြီးတော့ ကမ်းထောင်းကြီးအထိ တောက်လျောက် အများအပြား ပျက်စီးသွားတယ်၊ မြေပုံမြို့နယ် ပျက်စီးတာ ၇၅ ရာခိုင်နှုန်း လောက်တော့ ရှိမယ်” ဟု ပြောသည်။

Burma-after-Cyclone-Giri-lashes-Arakan-Coast-in-Kuauk-Pru-Myanmarမြေပုံမြို့နယ်တွင် အခုချိန်ထိ သေဆုံးသူ စာရင်းကို အသေချာ မသိရှိရသေးသော် လည်း သေဆုံးသူဦးရေ ရာကျော်နိုင်ကြောင်း ခန့်မှန်းပြောဆိုကြသည်။ နိုင်ငံတော်က အကူအညီပေးရန် လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ဒေသခံများ ပြောပြောသည်။

ကျောက်ဖြူ မြို့နယ်တွင် ကယ်ဆည်ရေး သင်္ဘောများနှင့် NGO အဖွဲ့များကို ကျောက်ဖြူမြို့နယ် ခ.ယ.က.ဥက္ကဌမှ ဝင်ခွင့် မပြု သောကြောင့် အခုချိန်ထိ အကူညီ မရရှိသေးကြောင်း သိရသည်။

“ကျောက်ဖြူမြို့ကို အယင်လို ပြန်ဖြစ်အောင် ပြုပြင်ဖို့ အချိန်နဲ့ ငွေများစွာ လိုအပ်မယ်။ ခ.ယ.က ဥက္ကဌက သူများ အကူညီကို မယူဘူး၊ နိုင်ငံတော်က လုပ်ပေးမယ် ဆိုပြီး NGO အဖွဲ့စည်းတွေကို ရပ်ဆိုင်း ထားပါတယ်၊ ဒုက္ခသည်တွေကတော့၊ နီးစပ်ရာ ဘုန်းကြီးကျောင်း တွေမှာ တည်းခိုနေရတယ်၊ ဗိုလ်ချုပ်ကြီး သိန်းစိန် ရဟတ်ယာဉ် (၃) စီးနဲ့ ကျောက်ဖြူမြို့ကို လာရောက်ကြည့်ရှုပါတယ်၊ အခုချိန်ထိ ကူညီမှု တစုံတရာ မရရှိသေးဘူး” ဟု ကျောက်ဖြူမြို့ခံ တဦးက ပြောသည်။

ကျောက်ဖြူတွင် မုန်တိုင်း ဒဏ်ကြောင့် ရောဂါ ဖြစ်ပွားသူများကို ဘုရားကြီး ဓမ္မာရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ အခုချိန်တွင် ဒုက္ခသည်များ အကူညီများကို အထူးစောင့်မျှော်နေကြောင်း သိရသည်။

အရကျောက်ဖြူမြို့နှင့် အနီးနားရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးဒုက္ခသည်စာရင်းမှာ- ကျောက်ဖြူ ပိုက်ဆိပ်ကျောင်း အထက (၂) တွင် ဒုက္ခသည် ၁၃၇၅ ဦး၊ သံဖြူဘုန်ကြီးကျောင်းတွင် ၈၀၀ ကျော်၊ မူလာဒွါ ဘုန်းကြီးကျောင်းတွင် ၁၀၀ နီးပါး၊ သန်ပန်ချောင်းကျောင်း အထက (၄) တွင် ၁၀၀ ကျော်၊ စိန်ပန်းဘုန်းကြီးကျောင်တွင် ၂၀၀ စုစုပေါင်း ၂၈၀၀ ကျော် အခက်အခဲ ရှိနေကြောင်း သိရှိရသည်။

ဂီရိမုန်တိုင်း အဓိက တိုက်ခတ်ရာ ကျောက်ဖြူမြို့တွင် အိမ်များ အမိုးလန်ခြင်း၊ ဓာတ်တိုင်များ ပျက်ပြိုလဲပျက်စီးခြင်း၊ သစ်ပင်များ ပြိုလဲ ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ အဓိက ပျက်စီးဆုံးရှုံးမှု ဖြစ်သည့် နေရာများမှာ စေတီယျရွာ၊ ပြင်ဖြူမော်၊ ကညင်တော၊ ငလ ပွေ့နှင့် ကျွန်းသာယာမှ ကျေးရွာများ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ နေရာများသည် မူလကတည်းက မြေနိမ့်ပိုင်း ဒေသများ ဖြစ်သောကြောင့် နေအိမ် အဆောက်အဦးများ ရေမြုပ်ခြင်း ဒဏ်ကို ခံစား ရကြောင်း သိရှိရသည်။ အထူးသဖြင့် ရေစပ်နားတွင် ဆောက်လုပ်ထားသော အိမ်များမှာ လုံးဝ ပျက်စီးသွားကြောင်း သိရှိရသည်။

 

 

Most read this week