အပစ်ရပ်များ၏ နှစ် ၂၀ အကျိုးအမြတ်

အပစ်ရပ်များ၏ နှစ် ၂၀ အကျိုးအမြတ်

နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ စည်းရုံးရေး ကဏ္ဍအသီးသီးကို  ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ် နှိုင်းဆမည်ဆိုပါက အကျိုးအမြတ် ဆုံးရှုံးမှုများ ရှိ....

နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ စည်းရုံးရေး ကဏ္ဍအသီးသီးကို  ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ် နှိုင်းဆမည်ဆိုပါက အကျိုးအမြတ် ဆုံးရှုံးမှုများ ရှိသည်ဟု ဆိုနိုင်ပါသည်။

စစ်ရေးရှုဒေါင့်မှကြည့်လျှင် စစ်အုပ်စုအဖို့မြို့နယ်တခုလျှင် တပ်ရင်း ၃ ရင်းစီ ဖွဲ့စည်းတိုးချဲ့နိုင်ခဲ့ပြီး၊ နယ်မြေစိုးမိုးရေး၊ ဒေသတွင်း စီးပွါးရေး လက်ဝါးကြီးအုပ်ရေး ဆောင်ရွက်နိုင်ခဲ့သည်။ ဒေသခံများ၏ လယ်ယာခြံမြေများ အသိမ်းခံရပြီး ကျေးလက် ပြည်သူများ အဓမ္မပြောင်းရွှေ့ခံနေရသည်။ အပစ်ရပ် များ၏ စည်းရုံးရေး သြဇာများစွာထိခိုက်ဆုံးရှုံးသည့်အပြင် အခြေခံစခန်းအချို့ဆုံးရှုံးပြီး တောကြိုတောင်ကြားသို့ နောက်ဆုတ်သွားပါသည်။ စစ်အုပ်စုက စစ်အင်အား ဒရကြမ်းတိုးချဲ့နေသော်လည်း အပစ်ရပ်များ၏ စစ်အင်အားတိုးချဲ့နိုင်မှုမှာ တစုံတရာ မပြောပလောက်ပေ။ စစ်ရေးလေ့ကျင့်မှုများလည်း ပြည့်ဝစွာဆောင်ရွက်နိုင်ခြင်း မရှိပေ။ တပ်ဖွဲ့ဝင်များ၏ စားဝတ်နေရေးအတွက်သာ လုပ်ငန်းမျိုးစုံ လုပ်ကိုင်လုံးပမ်းနေကြရ၏။ တခါတရံ စစ်အုပ်စု၏ အထူးစီးပွားရေး ပါမစ်များကို အားကိုးနေခဲ့ကြရသည်။

နိုင်ငံရေးကဏ္ဍတွင်လည်း ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် နှစ် ၂၀ ကြာပြောဆိုဆွေးနွေးတောင်းဆိုနိုင်ခြင်း မရှိသေး သည်ကို တွေ့ရ၏။ နိုင်ငံရေး ရည်မှန်းချက်များအတွက်လည်း အဓိကနှင့် သာမည ကိစ္စပင်လျင် ခွဲခြားလုပ်ကိုင်နိုင်ခဲ့ခြင်း မရှိပေ။

ရွေးကောက်ပွဲနှင့် NLD

ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ အနေအထားသည် နိုင်ငံတကာအဆင့်ဖြစ်သည်။ အနောက် အုပ်စုက ထောက်ခံထားဆဲလည်း ဖြစ်သည်။ နိုင်ငံတကာက (စိတ်ဓာတ်ရေးရာအရ) ဆက်လက်ထောက်ခံသွားမည့် အနေအထားတွင်ရှိနေသည်။

ပြည်တွင်းတွင်လည်း ပြည်သူလူထုအများစုက NLD ကိုထောက်ခံသည့် အနေအထားရှိနေဆဲပင် ဖြစ်သည်။ ထို့ကြောင့် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို တစုံတရာ မလှုပ်ရှားနိုင်သည့် အခြေအနေဖြစ်စေရန် စစ်အုပ်စုက ခြေလက်များ ချုပ်နှောင်ပေးထား သည်။ ပုံစံမျိုးစုံဖြင့် ထိန်းချုပ်ထားသည်။ ကေဒါများကိုပင် မလှုပ်နိုင်အောင်ထိန်းထားသည်။

ထို့ကြောင့် ရွေးကောက်ပွဲကာလအတွင်း ပြည်တွင်း NLD ၏ အခန်းကဏ္ဍှ တစုံတရာ ထူးခြားလာနိုင်စရာ အကြောင်းမရှိပေ။  NLD တစုံတရာ လှုပ်ရှားတိုင်း စစ်အုပ်စုက ၎င်းတို့၏ လမ်းပြမြေပုံ ၇ ချက်ဖြင့် ကာဆီးဖုံးဖိနေပြီး၊  မဖြစ်မနေ  အကောင်အထည်ဖော်နေသည့် အတွက် NLD ၏ သြဇာလွှမ်းမိုးမှုမှာ ထင်ထားသည့်အတိုင်း အရာရောက်မည် မဟုတ်ပေ။

နိုင်ငံတကာ အဆင့်အနေအထားအတွက် NCGUB နှင့် NLD ပူးပေါင်းနိုင်ခဲ့သည်။ လက်နက်ကိုင်တပ်များအပါအ၀င် တိုင်းရင်းသား အင်အားစု များနှင့်ပါ ပေါင်းစပ်ပြီး စင်ပြိုင်အစိုးရဖွဲ့ပါက နိုင်ငံတကာ၏ အနေအထားက တမျိုးတဖုံ ထူးခြား ပြောင်းလည်းသွားနိုင်သည်။
သို့မဟုတ် ပြည်တွင်း လူထုအုံကြွမှုများ NLD အနေဖြင့် ဦးဆောင်နိုင်သည့် အခြေအနေ ဖြစ်ပေါ်လာပါကလည်း NLD သြဇာ တက်လာ နိုင်သည့် အနေအထားရှိသည်။

ရွေးကောက်ပွဲလွန် တိုင်းရင်းသားများ၏ ကံကြမ္မာ

နအဖ၏ ၂၀၀၈ နားဂစ် ဖွဲ့စည်းပုံအရ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ် တော် စသည့်လွှတ်တော် ၃ ရပ် စလုံး၌  စစ်တပ်အရာရှိ ကိုယ်စားလှယ်အမတ် ၂၅ % ပေးထားပြီး ၇၅ % သာ နိုင်ငံရေးပါတီပေါင်းစုံ မှရွေးကောက်ပွဲ အနိုင်ရသော လွှတ်တော်ကိုယ်စားလှယ်များအတွက် ဖြစ်သည်။ ရွေးကောက်ပွဲ ယှဉ်ပြိုင်ကြရသည့် အမတ်နေရာ ၇၅ % အတွက်စစ်အုပ်စု ကျောထောက် နောက်ခံပြုထားသော   ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း တပြည်လုံးအနှံ့ ကိုယ်စားလှယ် လောင်းတစ်ထောင်ကျော် နာမည်စာရင်းသွင်းပြီး အဓိကပါဝင် ယှဉ်ပြိုင်ကြသည်။ ကြံ့ဖွတ်ပါတီ ရည်မှန်းအကွက်ချထားသည့် ၆၀ % အမတ်နေရာ အနိုင်ရလျှင် လွှတ်တော်အတွင်း စကားပြောပိုင်ခွင့် အခြေအနေတမျိုးဖြစ်ပြီး ၅၀ % အောက် သာ အမတ်နေရာရလျှင် လွှတ်တော်အတွင်း စကား ပြောနိုင်ခွင့် တမျိုးဖြစ်သွားသည် ဟုဆိုသည်။

ထို့ကြောင့်ရွေးကောက်ပွဲအပြီး တိုင်းရင်းသားများ၏ ကံကြမ္မာနှင့်ရေတိုရေရှည် အကျိုးစီးပွါးသည် လွှတ်တော်များအတွင်း  ပြောရေး ဆိုခွင့် အခွင့်အရေးအပေါ် အတိုင်းအတာတခုအထိ မှီတည်နေ ပါသည်။ တဖန် ပြည်ထောင်စုလွှတ်တော် ၂ ရပ်နှင့် ပြည်နယ် လွှတ်တော်အတွင်း အဓိကကျသော ရေးရာကောင်စီ/ ကော်မတီ၌ ပါဝင်ခွင့်ရရှိမှုသည်လည်း အရေးကြီးသည်။ ဥပမာအားဖြင့် ကာကွယ်ရေး နှင့် လုံခြုံရေးရာကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ နိုင်ငံခြားရေးရာကော်မတီ၊ တရားရေး ကော်မတီ၊ နယ်စပ်ရေးရာ ကော်မတီများ ဖြစ်ပါသည်။အရေးပါအရာရောက်သော အဆိုပါရေးရာကောင်စီ/ ကော်မတီများ၌ ပါဝင်နိုင်မည့် တိုင်းရင်းသား ကိုယ်စားလှယ် အရေအတွက်မှာလည်း များများစားစားရှိနိုင်မည့် အလားအလာ မတွေ့ရသဖြင့် တိုင်းရင်းသားများ၏ ရေတို ရေရှည် အကျိုးစီးပွါးလည်း ရေရာသေချာမှု သိပ်မရှိလှပေ။   

ရွေးကောက်ပွဲနှင့်တိုင်းရင်းသားများ၏ နိုင်ငံရေးအခွင့်အရေး

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခြင်းမရှိဘဲ စစ်အရာရှိများက အမတ်နေရာ ၂၅ % ယူထားပြီးဖြစ်နေသည်။ တိုင်းရင်းသားပေါင်းစုံနိုင်ငံရေးပါတီများ ပါဝင်ယှဉ်ပြိုင်ခွင့်သည် အမတ်နေရာ ၇၅ % သာဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲ မစတင်မီကတည်းက တိုင်းရင်းသားများ၏ နိုင်ငံရေးအခွင့်အရေးသည် အလိုအလျောက် ၂၅ % ဆုံးရှုံးနေပြီးဖြစ်တယ်။

ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ  အမတ်ဦးရေ မည်မျှပင် အရွေးခံရပင်ဖြစ်စေ၊ ကာကွယ်ရေး ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီး၊ နယ်စပ်ဒေသရေးရာဝန်ကြီး စသည့် အရေးကြီး နေရာများကို စစ်တပ်ကသာ နေရာယူမည်ဖြစ်သည့်အတွက် နိုင်ငံရေးအခွင့်အရေး ထပ်မံထပ်ဆုံးရှုံးရပြန်သည်။

ဝန်ကြီးဌာနအသီးသီး၏ ဌာနဆိုင်ရာများတွင်လည်း ဦးစီးအရာရှိကဲ့သို့ လက်ထောက်ညွှန်ကြားရေးမှူးတို့မှအစ ညွှန်ကြား ရေးမှူးချုပ် ရာထူးအထိ ၇၀% ခန့်ကို စစ်တပ်မှ အရာရှိများကိုခန့်ထားပြီးဖြစ်သည့်အတွက် တိုင်းရင်းသားများအတွက် နိုင်ငံရေးအခွင့်အရေး ထပ်မံဆုံးရှုံးရပြန်သည်။ အစိုးရရုံးများတွင် နိုင်ငံတော်တာဝန်ထမ်းဆောင်မည့် တိုင်းရင်းသားဝန်ထမ်းများအတွက်မှာမူ အဆင့်မြင့် ရာထူးများ ခံစားရရှိရန် အခွင့်အလမ်းပေးမထားပေ။

ရွေးကောက်ပွဲပြီးဆုံးပါက ပြည်နယ်နှင့် တိုင်း၊ လွှတ်တော်နှင့် အစိုးရက ပြည်နယ်အတွင်း ၀န်ထမ်းခန့်ထားခွင့်များ ရရှိနေစေကာမူ ခန့်အပ်မည့် ၀န်ထမ်းများသည် စစ်တပ်မှ အရာရှိများသာ အဓိက ဖြစ်နေသည်။ ထိုသို့ခန့်ထားခြင်းပင်လျင် နိုင်ငံရေး အခွင့်အရေး ဆုံးရှုံးမှုပင်ဖြစ်သည်။

ရွေးကောက်ပွဲနှင့် အပစ်ရပ်များ ပဋိပက္ခ

၁၉၉၀ ရွေးကောက်ပွဲတွင် အပစ်ရပ်အဖွဲ့များ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။ အချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းတို့သည် ရွေးကောက်ပွဲအပြီး နောက်ပိုင်းမှသာ နအဖ နှင့် အပစ်ရပ်ခဲ့ကြခြင်း ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခွင့်ရရန် ကြိုးစားခဲ့သည့် KIO ဒုဥက္ကဌဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်သည့် KSPP ပါတီအား နအဖက ပါတီမှတ်ပုံတင်ခွင့် တရားဝင် ငြင်းပယ်ခဲ့ခြင်းသည် အပစ်ရပ်အဖွဲ့များကို လွှတ်တော်ထဲ မပါဝင်စေလိုသည့် စစ်တပ်၏ သဘောထားသာ ဖြစ်သည်။

နအဖ အနေဖြင့် စစ်မှန်သည့် ငြိမ်းချမ်းရေးလိုချင်ပါက ၎င်းတို့နှင့် အပစ်ရပ်ထားသည့် အဖွဲ့များကို ရွေးကောက်ပွဲဝင်ခွင့်နှင့် လွှတ်တော် ထဲဝင်ခွင့် ပေးရမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ပါက နအဖနှင့် တိုင်းရင်းသားအပစ်ရပ်အဖွဲ့တို့အကြား ငြိမ်းချမ်းရေးအတွက် ရှေ့ခြေ တလှမ်းတိုး ဖြစ်လာနိုင်သည်။  စစ်တပ်က ရွေးကောက်ပွဲစတင် ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိမီ အမတ်နေရာ ၂၅% ရယူထားပါက အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို ဦးဆောင်ရန် ရည်ရွယ်ထားပါက အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များကိုလည်း အမတ်နေရာ ၂၅ % ရာခိုင်နှုန်းတွင် အခင်းအကျင်း တစုံတရာ နေရာပေးသင့်သည်။ သို့သော် နအဖ စစ်အုပ်စု အမြဲတစေ ပြောနေသည့် တပ်မတော်ဟူသည် မဟာဝါဒီ ဗမာနာဇီ စစ်တပ်ကြီးကို ဆိုလိုခြင်းသာဖြစ်နိုင်သည်။ ဗိုလ်သန်းရွှေ နှင့် စစ်အုပ်စုတို့ဟာ ခေတ်အဆက်ဆက် တိုင်းရင်းသားများအပေါ် သဘောထားကြီးသူများ မဟုတ်ကြပေ။  

နယ်ချဲ့အင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်တို့ထက် ပိုမိုဆိုးရွားသည့် သွေးခွဲရေးဝါဒနှင့် ဓားမိုးအုပ်ချုပ်နေခြင်းသာဖြစ်နေသည့်အတွက် ရွေးကောက်ပွဲဝင်ရန်ကြိုးစားနေကြသည့် အပစ်ရပ် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအတွက် အမတ်နေရာ ပေးဖို့ရန် (သို့) ရရှိရန်မှာမူ မြန်မာစကားပုံပါ ဖုတ်လေသည့် ငါးပိ ရှိမှန်းပင်မသိ ဆိုသကဲ့သို့ပင် ဖြစ်နေသည်။

၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအရ၊ လက်နက်ကိုင်တပ်ဖွဲ့အားလုံး ကာကွယ်ရေးဦးစီးချုပ်အောက်တွင် ရှိရမည်ဟု ဆိုထားသည့်အတွက် အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ချော့မြူ၍တဖုံ၊ ခြိမ်းခြောက်၍ တမျိုးကိုလုပ်နေခဲ့သည်။ သို့သော် စစ်အစိုးရ၏ သံသယရှိဖွယ် နယ်ခြားစောင့်တပ်ဖွဲ့ စည်းရေးကိစ္စသည် စစ်တပ်နှင့် အပစ်ရပ်များအကြား လက်နက်ကိုင် ပဋိပက္ခအဆင့်အထိ ရောက်ရှိသွားပါက ပြည်တွင်းစစ်မီး တဟုန်းဟုန်း ထပ်မံတောက်လာနိုင်ဖွယ် အခြေအနေရှိနေသည်။ ထို့အတွက် တရုတ်အစိုးရ အနေဖြင့် အထူးစိုးရိမ်ရမည့် အချက်ဖြစ်သည်။ အခြေအနေအမျိုးမျိုးကို မီးစင်ကြည့်ကနေရသည့် ထိုင်းနိုင်ငံအတွက်မှာမူ တရုတ်ထက် အတွေ့အကြုံပိုမိုသာနေသည်။

ရွေးကောက်ပွဲအပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်က တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကို ပြည်နယ် အစိုးရတပ် အဖြစ်အသွင်ပြောင်းခွင့်ပေးရန်မှာမူ ဗဟိုအစိုးရအဖို့ လက်ခံနိုင် မည့် ကိစ္စမဟုတ်ပေ။ စစ်အစိုးရ ကြေညာထားသည့် ရွေးကောက်ပွဲမကျင်းပနိုင်သည့် ကျင်းပပြုလုပ်ခြင်းမရှိမည့် ဒေသများတွင် နအဖအနေဖြင့် ထိုးစစ်တစုံတရာ ပြုလုပ်ခဲ့သော် ဆိုးကျိုးသာ သက်ရောက်နိုင်ပါသည်။ ဒေသခံ လူထုသာဒုက္ခရောက်မည့် အနေအထားတွင်ရှိနေမည့်အပြင် ငြိမ်းချမ်းရေး ပိုမို အလှမ်းဝေးသွားစေ နိုင်သည်။ ဥပမာ- ယူဂိုဆလားဗီးယား ပြည်ထောင်စုဖြစ်ခဲ့စဉ်အခါက ပြည်နယ်အစိုးရတပ်၊ ပြည်နယ်ရဲတပ် ဖွဲ့ဟူ၍ သီးခြားစီရှိခဲ့သည်။ နအဖ အနေဖြင့် ထိုပုံစံမျိုး လက်ခံနိုင်မည်လား၊ အကယ်၍လက်မခံနိုင်ခဲ့ပါက မည်သို့သောနည်းလမ်းဖြင့် ရှေ့ဆက်သွားမည်နည်း။ ထွက်ပေါက်မရှိပါက ထုံးစံအတိုင်း ပြည်တွင်းစစ်ထပ်မံဖြစ်ပေါ်လာနိုင်သည်။ ထိုနည်းတူ အရှေ့တီမောနိုင်ငံတွင် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့စစ်တို့အကြား ပဋိပက္ခ္ခဖြစ်ခဲ့ပုံကို နအဖ အနေဖြင့် လေ့လာကာ သင်ခန်းစာယူသင့်သည်။

တဖန် ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်တွင်း သယံဇာတထုတ်ယူခွင့်၊ အခွန်အရပ်ရပ်အပြည့်အ၀ကောက်ယူခွင့်၊ နိုင်ငံခြားနှင့် ကုန်သွယ်ခွင့်၊ လျှပ်စစ်ဓါတ်အားသုံးစွဲခွင့်၊ ပညာရေး၊ ကျန်းမာရေး လွတ်လပ်စွာ ဆောင်ရွက်နိုင်ခွင့်များ လုပ်ပိုင်ခွင့်များ မည်သည့် အတိုင်းအတာအထိ ရရှိမည်ဆိုသည်ကလည်း အရေးကြီးသည့် ကိစ္စတရပ်ဖြစ်နေသည်။

အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ တရားစီရင်ရေး ၊ ဥပဒေပြုရေး၊ ကုန်သွယ်ရေး၊ဖွံ့ဖြိုးရေး၊ အခွန်ကောက်ခံရေး၊ ပြုပြင်ပြောင်းလဲရေး စသည့် ကိစ္စရပ်များတွင် ပြည်နယ်အစိုးရအပေါ် ဗဟိုအစိုးရက စွက်ဖက်မှုအနည်းဆုံး အခြေအနေဖြစ်မှသာလျင် ထိုဒေသနေ တိုင်းရင်းသား များ၏  ကံကြမ္မာသည် တိုးတက်ကောင်းမွန်မည့် အနေအထားဖြစ်နေသည်။ ဥပမာ တရုတ်-ထိုင်း  နယ်စပ် ကုန်သွယ်ရေးမှ တဆင့် ရရှိနေသည့် အခွန်ငွေများကို ပြည်ထောင်စုအစိုးရက လက်ဝါးကြီးအုပ်သိမ်းကြုံးယူသွားခြင်းသည် ပြည်နယ်အစိုးရထံဝင် ၀င်မည့် အခွန်ငွေများဆုံးရှုံးရပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ရန်အတွက် ရံပုံငွေမရှိ ဖြစ်စေပါသည်။ (ဥပမာ - အောင်ဘာလေထီ အမြတ် ကနေ ၁ နှစ်ကို ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၂ သောင်းကျော် ပြည်ထောင်စုအစိုးရက ရရှိနေသည်။ ထို့အတူ တံဆိပ်ခေါင်းအခွန်မှ ရရှိ ငွေသည် တနှစ် ကျပ်သန်းပေါင်း ၂ သောင်း ပုံမှန်ရရှိနေသည်)။

 

 

 

 

Most read this week