စစ်တွေမှ ၀န်ထမ်းများ ကြံ့ဖွံ့ပါတီကို မဲထည့်ရန် နည်းပေါင်းစုံဖြင့် ခြိမ်းခြောက်စည်းရုံးခံနေရ

စစ်တွေမှ ၀န်ထမ်းများ ကြံ့ဖွံ့ပါတီကို မဲထည့်ရန် နည်းပေါင်းစုံဖြင့် ခြိမ်းခြောက်စည်းရုံးခံနေရ
by -
ထွန်းထွန်း

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရုံးဝန်ထမ်းများအား ကြံဖွံ့ပါတီကို မဲထည့်ရန် နည်းပေါင်းစုံဖြင့် ခြိမ်းခြောက်စည်းရုံးနေကြောင်း မြို့ခံတချို့ ပြောပြချက်အရ သိရ.....

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရုံးဝန်ထမ်းများအား ကြံဖွံ့ပါတီကို မဲထည့်ရန် နည်းပေါင်းစုံဖြင့် ခြိမ်းခြောက်စည်းရုံးနေကြောင်း မြို့ခံတချို့ ပြောပြချက်အရ သိရသည်။

Municipal-office-Arakan-stateစစ်တွေ လမ်းမတော် ရပ်ကွက်မှ ရုံးစာရေးမ တဦးကို မေးမြန်းကြည့်ရာ သူမက ယခုကဲ့သို့ ပြောသည်။

“ကျွန်မတို့ ရုံးဝန်ထမ်းတွေ ဆိုလို့ရှိရင် အကုန်လုံး ကြံ့ဖွံ့ကို မဲပေးရမယ့် အနေအထား ရှိပါတယ်။ အစိုးရ ၀န်ထမ်းဆိုတာ အထက် အရာရှိက ဘာညွန်ကြား သလဲ။ ညွှန်ကြားတဲ့အတိုင်း လိုက်နာဆောင်ရွက်ဖို့ လိုတယ် ဆိုပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျွန်မတို့ ရုံးမှာ ခုလို ညွှန်ကြားထားတာတွေ ရှိပါတယ်။ အထက်အကြီးတွေက အမှုထမ်းတွေကို ပြောထားတာကတော့ ဒီစကားတွေကို အပြင် မထွက်စေနဲ့၊ ပါးစပ်က ပေါက်ကြားတဲ့ သူကို အလုပ် ပြုတ်မယ်ဆိုပြီး ပြောထားတယ်လေ” ဟု ပြောသည်။

သို့သော်လည်း အများစု ၀န်ထမ်းများမှာ စစ်အစိုးရ လက်အောက် လစာ မလုံလောက်သည့်အပြင် ဆိုးဝါးလှသော စနစ်အောက်တွင် ကြမ်းတမ်းလှစွာ ရုန်းကန်လူပ်ရှားနေကြရသဖြင့် စစ်အစိုးရ တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်မည်ကို မလိုလားသူ များနေကြသည်ဟု သိရသည်။

“ခုလို အထက်က ညွှန်ကြားထားတာတွေ ရှိပေမယ့် ကျွန်မတို့ ၀န်ထမ်းတွေ ကြားမှာတော့ ကြံ့ဖွံ့ပါတီကို မဲပေးမယ် ဆိုပြီး အားတက် သရော ပြောဆိုသူက တအားနည်းပါတယ်။ ရွေးကောက်ပွဲ ရရက်ရောက်မှဘဲ ဘယ်လို ဖြစ်လာမယ်ဆိုတာ ပြောနိုင်မှာ ဖြစ်ပါတယ်” ဟု သူမက ပြောသည်။

တခြား အစိုးရ၀န်ထမ်းများအား မေးကြည့်ရာတွင်လည်း ယခု ရွေးကောက်ပွဲမှာ “ လုပ်” ရွေးကောက်ပွဲ ဖြစ်မည် ဖြစ်သောကြောင့် အများက အထူးတလည် စိတ်ဝင်စားမူ မရှိကြောင်း ပြောသည်။

မောင်တောမြို့မှ ရခိုင်အမျိုးသား နစက တစ်ဦးက “ကျွန်တော်တို့ဆီမှာ ဘယ်အဖွဲ့ကို မဲပေးရမယ် ဆိုပြီး ခုချိန်ထိ ညွှန်ကြားချက် ထုတ်တာ မရှိဘူး။ ကျွန်တော်တို့ တပ်တွင်းမှာ အောက်ခြေ ရဲဘော်တွေက မကျေနပ်မူတွေ များနေတဲ့အတွက် အထက်အရာရှိ လောက်ဘဲ ကြံ့ဖွံ့ကို မဲပေးကောင်း ပေးနိုင်ပါတယ်။ အောက်ခြေကတော့ ပေးချင်သူကို ပေးသွားကြမယ် ထင်ပါတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ရခိုင်ပြည်၌ ကြံ့ဖွံ့ပါတီမှ မြို့နယ်တိုင်းလိုလိုတွင် ဒေသခံလူထုများကို အခွင့်ရေးပေး စည်းရုံး နေသည်ဟု သိရသည်။

“သူတို့ ပြောတာက ငါတို့ ပါတီကို မဲထည့်ပါ။ ငါတို့ ပါတီဟာ အင်အားလည်း ကောင်းတယ်။ ပါတီဘဏ္ဍာငွေလည်း ရှိတယ်။ ငါတို့ ပါတီသာ နိုင်ရင် မင်းတို့ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ရခိုင် တပြည်လုံး တိုးတက်ဖွံ့ဖြိုးအောင် လုပ်ပေးမယ် ဆိုပြီးတော့ ပြောပါ တယ်။ သူတို့ ရှေ့ထက်မှာတော့ ခေါင်းညိတ်လိုက်ရတယ်ဗျာ။ ဒါပေမယ့် အများအားဖြင့် လူတွေက ကိုယ့်ရခိုင်ပါတီကိုသာ မဲပေးဖို့ လူတွေ များတယ်” ဟု အိုးတန်း ရပ်ကွက်နေ နိုင်ငံရေး တက်ကြွသူ တဦးက ပြောသည်။

လွန်ခဲ့သော တနင်္လာနေ့က စစ်တွေမြို့ လမ်းမတော် ရပ်ကွက်တွင် ကြံ့ဖွံ့ပါတီမှ မဲဆွယ်စည်းရုံးရာတွင် စုစုပေါင်း လူအင်အား ၂၀ ခန့်သာ တက်ရောက်ခဲ့သည်ဟု ကိုယ်တိုင်ပါဝင်ခဲ့သူ လူငယ်တဦးက ပြောသည်။

ကျောက်ဖြူမြို့ခံ တဦးကလည်း “ကြံ့ဖွံ့တွေက ရပ်ကွက်တွေမှာ လူတွေကို ပြောနေတာက ငါတို့ ပါတီကို မဲပေးကြပါ။ ခုပြိုင်မယ့် ပါတီတွေ အထဲမှာ ငါတို့ ပါတီက အကြီးဆုံး ဖြစ်တယ်။ အစိုးရ လုပ်နိုင်တဲ့ ပါတီ ဖြစ်တယ်။ ငါတို့ ပါတီ အနိုင်ရရင် မင်းတို့ ကျောက်ဖြူမှာ လိုအပ်တာကို ဖြည့်ဆည်းပေးမယ် ပြောတယ်။ ဒါပေမယ့် လူတွေက သိပ်နားမထောင်ကြဘူး။ အများအားဖြင့် ခုရွေးကောက်ပွဲကို စိတ်မ၀င်စားသူ များပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီများမှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၊ မြို(ခေါ်)ခမီးအမျိုးသားညီညွတ်ရေးအဖွဲ့နှင့် ရခိုင် တိုင်းရင်းသားတိုးတက်ရေးပါတီတို့ အသီးသီး ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟု သတင်းရရှိသည်။

 

 

 

 

 

 

Most read this week