သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့ အနီးရှိ ပအိုဝ်းကျေးရွာသူရွာသားအချို့အား ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် PNO ကိုယ်စားလှယ်လောင်းက ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံမဲ ပေးရန် စည်းရုံးပြောဆို....
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့ အနီးရှိ ပအိုဝ်းကျေးရွာသူရွာသားအချို့အား ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် PNO ကိုယ်စားလှယ်လောင်းက ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံမဲ ပေးရန် စည်းရုံးပြောဆိုနေကြောင်း စုံစမ်းသိရှိရပါသည်။
“ပြည်ခိုင်ဖြိုးကို မဲမပေးရင် တစ်ယောက်ကို ကျပ်ငါးသောင်း ဒဏ်ငွေ ပေးရမယ်လို့ ခြိမ်းခြောက်နေတယ်” ဟု လွိုင်လင်မှ ပအိုဝ်း လူငယ်တစ်ဦးက ပြောပါသည်။
PNO သည် ၂၀၀၈ ဖွဲ့စည်းပုံပါ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဖြစ်သော ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်တို့၌သာ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ကျန်ဒေသရှိ ပအိုဝ်းလူမျိုးများကို ပြည်ခိုင်ဖြိုးပါတီအတွက် ကူညီမဲဆွယ်စည်းရုံးပေးမည်ဟု နှစ်ဦးနှစ်ဖက် သဘော တူညီမှု ရရှိထားကြောင်း ၎င်းက ဆက်လက်ပြောပါသည်။
ပြည်ခိုင်ဖြိုးပါတီက လွိုင်လင်မြို့အတွင်း မဲစာရွက်နမူနာလိုက်လံကပ်ရာ ၎င်းတို့ နောက်ကွယ်၌ ပြည်သူများက ဆုတ်ဖြဲပစ်ကြသည်ဟု လွယ်လင်မြို့ခံ တစ်ဦးကလည်း ဤကဲ့သို့ ပြောပါသည်။
“ကျားဖြူလုပ်သလို ကြံ့ဖွံ့ကလဲ မဲစာရွက် နမူနာတွေ လိုက်ကပ်တယ်လေ။ မြို့ခံတွေကတော့ ကြံ့ဖွံ့ပါတီဝင် နောက်ကွယ်မှာ သူတို့ရဲ့ မဲစာရွက် နမူနာတွေ ခွါပြီး ဖြဲပစ်လိုက်ကြတယ်။ သူတို့ လျှပ်စစ်ရုံး EPC ရှေ့မှာ သွားကပ်ထားတာ ရုံးဝန်ထမ်းတွေ မြင်တော့ လာမကပ်ဖို့ ဟောက်လွတ်လိုက်တယ်။ ကျားဖြူကိုတော့ မြို့ခံတွေက ကူကပ်ပေးကြတယ်လေ”
သျှမ်းပြည်မြို့တော် တောင်ကြီး၌လည်း ပြည်ခိုင်ဖြိုးပါတီက ညောင်ရွှေဟော်ကုန်းရပ် ရယကရုံးသို့ ရပ်ကွက်သူရပ်ကွက်သားများအား အစည်းအဝေး သုံးကြိမ် ခေါ်ရာတွင် မည်သူမျှ ရောက်မလာကြသဖြင့် ရုံးအနီးရှိ န၀ရတ်ခန်းမ စင်တင်တေးဂီတမှ အလုပ်သမားများကို ခေါ်ယူပြောဆိုခဲ့ရကြောင်း သိရှိရပါသည်။
“ပြီးခဲ့တဲ့ အပတ်ကပေါ့။ အစည်းအဝေး ခေါ်တာ ရပ်ကွက်သားတွေ တစ်ယောက်မှ မသွားကြတော့ ရပ်ကွက်ရုံး အနီးက န၀ရတ် ခန်းမစင်တင်တေးဂီတက အလုပ်သမ ၁၀ ယောက်ကျော် ခေါ်ပြီး ပြောဆိုရှင်းလင်းခဲ့တယ်။ တစ်ယောက်ကို ပိုက်ဆံ တစ်ထောင် ပေးပြီး ပြည်ခိုင်ဖြိုးကို ထောက်ခံမဲ ပေးဖို့ လက်မှတ်ထိုးခိုင်းတယ်” ဟု ညောင်ရွှေဟော်ကုန်းရပ်နေ တောင်ကြီးသား တစ်ဦးက ပြောပါသည်။
ထို့အပြင် တောင်ကြီးဈေးကြီးအတွင်း၌လည်း SNDP ကျားဖြူပါတီကလည်း ၎င်းတို့၏ မဲဆွယ်လက်ကမ်းစာစောင်များ ယနေ့ ဖြန့်ဝေ နေကြောင်း သိရှိရပါသည်။