ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်များ ကမ္ဘာအေး ဘုရားလမ်းတွင် ပျံ့နှံ့

ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်များ ကမ္ဘာအေး ဘုရားလမ်းတွင် ပျံ့နှံ့
by -
သင်းသဇင်ခိုင်

ရွေးကောက်ပွဲ ဆန့်ကျင်သည့် စာရွက်များကို ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းတွင် ဖြန့်ကျဲချထားသည်ကို တွေ့မြင်ခဲ့ရသည်ဟု မျက်မြင်အမျိုးသမီး တဦးက ပြော....

ရွေးကောက်ပွဲ ဆန့်ကျင်သည့် စာရွက်များကို ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းတွင် ဖြန့်ကျဲချထားသည်ကို တွေ့မြင်ခဲ့ရသည်ဟု မျက်မြင်အမျိုးသမီး တဦးက ပြောသည်။

Yangon-campaign-Myanmar-election-2010သူမက “ကျွန်မ တွေ့တာက အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်မှာ ကမ္ဘာအေး ဘုရားရှေ့က ကမ္ဘာအေး ဘုရားလမ်းမှာ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်မလည်း တချို့စာရွက်တွေကို စိတ်ဝင်စားတဲ့အတွက် ကောက်ယူလာ ခဲ့ပါတယ်” ဟု ပြောသည်။

အဆိုပါ စာရွက်များတွင် “ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် ရှိသလို မဲမပေးဘဲ နေပိုင်ခွင့်လည်း ရှိသည်။ အတင်းအဓမ္မ မဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖေါက်ခြင်း ဖြစ်သည်။ (ဒေါ်အောင်ဆန်းစုကြည်)” ဟု ပါရှိပြီး တခြားစာရွက် နှစ်ရွက်တွင်လည်း အောက်ပါအတိုင်း ရေးသား ထားသည်ဟု သိရသည်။

“မဲဆန္ဒရှင်ပြည်သူကသာ တိုင်းပြည်ရဲ့ အနာဂတ်ကို ပြဌာန်းပေးနိုင်သည်။ မဲဆန္ဒရှင် ပြည်သူများ သတိရှိကြ။ လုပ်သင့်တာကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ကြ။” ဟု ပါရှိပြီး တခြားတရွက်တွင်လည်း “အာဏာရှင် ချယ်လှယ်သော ရွေးကောက်ပွဲ အလိုမရှိ။ ပြည်သူတိုင်း လုံးဝ မဲမပေးပါနှင့်။ ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော ဒီမိုကရေစီအရေး အမြန်ဆုံး ဖေါ်ဆောင်ပေး။ အမျိုးသားရေး အသိဖြင့် ဆက်လက် ဖြန့်ဝေပေးပါ။” ဟု ပါရှိကြောင်း သိရသည်။

“ဘယ်အဖွဲ့ ဖြန့်တယ် ဆိုတာတော့ အဖွဲ့ရဲ့ နာမည် မပါတော့ မသိဘူးလေ။ ရွေးကောက်ပွဲကို မကြိုက်တဲ့ သူတွေက လုပ်တာ ဖြစ်နိုင်ပါတယ်။ ကျွန်မ အထင်တော့ ခုလို စာရွက်တွေ လမ်းပေါ်မှာ ၃၀၀ လောက်ရှိမယ် ထင်တယ်။ ပြန့်ကြဲနေပါတယ်” ဟု သူမက ပြောသည်။

အဆိုပါ စာရွက်များကို ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ တပ်ပေါင်းစု (ဗဒတ) က ပြုလုပ်ခြင်း ဖြစ်ကြောင်း အများထင်မြင် ယူဆနေကြသည်။

အဆိုပါ အဖွဲ့သည် အောက်တိုဘာလ ၁၆ ရက်နှင့် ၁၇ နေ့များက ၂၀၁၀ ရွေးကောက်ပွဲ၌ မဲမပေးရေး လှုပ်ရှားမှု တစ်ရပ်ကို ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၂၀ မြို့နယ်တို့တွင် အခြေပြုလှုပ်ရှားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဗဒတ တပ်ပေါင်းစုသည် ပို့စကဒ်ပေါင်း တစ်သောင်း ခြောက်ထောင်ကို လူနေအိမ် တိုက်ခန်းများ၊ လူစည်ကားရာ လမ်းမများ၊ ရုပ်ရှင်ရုံများ၊ လက်ဖက်ရည်ဆိုင်များ၊ ဓါတ်တိုင်များနှင့် တိုက်နံရံများတွင် လိုက်လံ၍ ကပ်ခြင်း၊ ဖြန့်ကျဲခြင်းများ ပြုလုပ်လျက် ရှိနေ ကြောင်း သိရသည်။

ဗဒတ တပ်ပေါင်းစုတွင် သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၊ ၂၀၀၇ မျိုးဆက် ကျောင်းသားများ သမဂ္ဂ၊ ရွှေဝါရောင် မျိုးဆက် အဖွဲ့၊ New Generation၊ မြေလတ်ကျောင်းသားများ အဖွဲ့နှင့် ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေကြသည့် ကျောင်းသား လူငယ်ပေါင်း ၂၀၀ ကျော် ပါဝင်ပြီး ၂၂ ကြိမ်မြောက် ၈ လေးလုံး နှစ်ပတ်လည်နေ့ ဖြစ်သည့် ၈ ရက် ၈ လ ၂၀၁၀ တွင် စတင်ဖွဲ့စည်း ခဲ့သည်ဟု သိရသည်။

 

 

Most read this week