သိန္နီ၌ USDP အ၀င်ကြမ်း စစ်တပ်အနိုင်ကျင့်ရင် ကူညီဖြေရှင်းမည်ဟု စည်းရုံးပြောဆို

သိန္နီ၌ USDP အ၀င်ကြမ်း စစ်တပ်အနိုင်ကျင့်ရင် ကူညီဖြေရှင်းမည်ဟု စည်းရုံးပြောဆို

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့သို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေး ဆင်းစဉ် နအဖစစ်တပ်မှ အနိုင်ပြုကျင့်လာရင် ကြံ့ဖွံ့ပါတီ ကူညီဖြေရှင်းပေးမည်ဟု ကတိပေးပြောဆို....

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့သို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေး ဆင်းစဉ် နအဖစစ်တပ်မှ အနိုင်ပြုကျင့်လာရင် ကြံ့ဖွံ့ပါတီ ကူညီဖြေရှင်းပေးမည်ဟု ကတိပေးပြောဆိုကြောင်း စုံစမ်းသိရှိရသည်။

“လက်ရှိ အခြေအနေအရ မြို့ထဲမှာတော့ ကြံ့ဖွံ့အင်အား များတယ်။သူတို့ စည်းရုံးရေး ဆင်းတုန်းက အဓိက ပြောသွားတာက တကယ် လို့ စစ်တပ်က အနိုင်ကျင့် ခိုင်းစေတာတို့ ဖိနှိပ်တာတို့ ရှိလာရင် ကြံ့ဖွံ့က ကူညီ ဖြေရှင်းပေးမယ်တဲ့။ အဲဒါ စစ်တပ်က လူထုကို တကယ် အနိုင်ကျင့်ဖိနှိပ်နေတယ်ဆိုတာ သူတို့တောင်မှ လက်ခံတဲ့သဘော” ဟု လားရှိုးရောက် သိန္နီသား တဦးက ပြော၏။

မြို့တွင်း၌မူ ကြံ့ဖွံ့ပါတီအား တခြားပါတီက ယှဉ်နိုင်ရန် သိပ်မလွယ်လှဟုလည်း ကျားဖြူပါတီဝင် တဦးက ပြောသည်။

“ကြံ့ဖွံ့ပါတီက စိုင်းခွန်ဆေ ပြည်သူ့လွှတ်တော် ၀င်ပြိုင်မှာလေ။ အမျိုးသားလွှတ်တော်က ဒေါက်တာ စိုင်းမောက်ခမ်းပေါ့။ မိုင်းပါး ဥက္ကဌ ဆရာ စိုင်းစံအေးနဲ့ စိုင်းစံညွန့်တို့က ပြည်နယ်လွှတ်တော်မှာ ၀င်ပြိုင်မှာ” ဟု ဆိုသည်။

၁၅/ ၁၀/ ၂၀၁၀ ယနေ့တွင်လည်း သိန္နီမြို့၌ ပြည်နယ်လွှတ်တော်အမတ် ၀င်ပြိုင်မည့် ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ကိုယ်တိုင် ဦးဆောင်၍ စည်းရုံးရေး ဆင်းနေကြောင်း စုံစမ်းသိရသည်။

“ကျေးရွာတွေမှာသာ ကျားဖြူအင်အား ရနိုင်တယ်။ ရွာသားအများစု ဆိုရင် ကျားဖြူကိုဘဲ မဲပေးကြမယ့်ပုံဘဲ” ၎င်းက ပြော၏။

ပြီးခဲ့သည့် ဥပုပ်နေ့ကလည်း မိုင်းပါးကျေးရွာအုပ်စုမှ ကျောင်းထိုင်ဆရာတော်က မိမိလူမျိုးကိုယ်စားပြုသည့် ပါတီကိုသာ မဲထည့် သင့်ကြောင်း တရားဟောရာတွင် ထည့်သွင်းဟောကြားပြီးနောက်ပိုင်း ထောက်လှမ်းရေးများ၏ လိုက်ကြည့်ခြင်း ခံနေရကြောင်း ကြားသိရသည်။

“မိုင်းပါးအုပ်စုဥက္ကဌ ဆရာ စိုင်းစံအေးက ကြံ့ဖွံ့ဆိုတော့ ဘုန်းဘုန်းတရားဟောတာကို သူဘ၀င် မတွေ့လှဘူး။ အဲ့တော့ နောက်ကွယ်မှာ ဘုန်းဘုန်းကို အတင်းအုပ်တာ။ ဘုန်းကြီးအလုပ် မဟုတ်ဘူး ဆိုပြီးတော့” ဟု မိုင်းပါး ရောက်ကုန်သည်တဦးကလည်း ပြော၏။   

သိန္နီမြို့၌ ကျားဖြူပါတီအပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တစညပါတီနှင့် ကိုးကန့်ပါတီတို့လည်း  စည်းရုံးရေး ဆင်းခဲ့သည်ဟု ဆို၏။

တစညပါတီတွင်မူ အများအားဖြင့် သက်ကြီးပိုင်းများသာ ဖြစ်သောကြောင့် စည်းရုံးရေးခရီး အရာမထင်လှဟုလည်း ၎င်းက ပြောပြသည်။

“ကိုးကန့်ကတော့ တရုတ်တွေများတဲ့ ရပ်ကွက် ၄ မှာဘဲ အင်အား ရှိတယ်။ သိန္နီမှာ ပြည်သူ့လွှတ်တော်ကို မောရစ်ဆိုသူက ၀င်ပြိုင်မယ်။ အမျိုးသားလွှတ်တော်ကို ကိုးကန့်သူ မပြုံး ( ၃၈ နှစ်) က ၀င်ပြိုင်မယ်။ ၂ ယောက်စလုံးက ရပ်ကွက် ၄ က” ဟု ရပ်ကွက် ၄ မှ တရုတ် အမျိုးသားက ပြော၏။

ကျားဖြူပါတီအတွက် အင်အားရနိုင်သည်မှာ စယ့်အူအုပ်စု ၈ ရွာ (တရွာလျှင် ပျှမ်းမျှ ၁၀၀ အိမ်ထောင်ခန့်) နှင့် မိုင်းပါး အုပ်စု ၁၀ ရွာ (တရွာလျှင် အိမ်ထောင်စု ၈၀ ခန့်) ဖြစ်သည်။ သို့သော် ထိုအုပ်စုများမှာ လူငယ်မောင်မယ် ထက်ဝက်ကျော်မှာ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသည်ဟု သိရသည်။

သိန္ဒီမြို့နယ်တွင် ရပ်ကွက် ၄ ခုရှိရာ ရပ်ကွက် ၁ ဈေးတန်း၊ ရပ်ကွက်၂၊ ရပ်ကွက် ၃ ကောင်းထိုလင်နှင့် ရပ်ကွက် ၄ ၀ိန်းနန်းအပြင် ရပ်ကွက် ၃ နှင့် ရပ်ကွက် ၄ အကြား၌ ခုတ်နမ့်နှင့် ၀မ့်ဟောင် ဟူ၍ ရွာ ၂ ရွာ ရှိသေးသည်။