ဝေဖန်သူ တပ်သားကို တပ်ရင်းမှူးက အသေပစ်သတ်ပြီး ကိုယ်ဝန်ဖြင့် ကျန်ခဲ့သူ ဇနီးကို တပ်ရင်းမှ နှင်ထုတ်

ဝေဖန်သူ တပ်သားကို တပ်ရင်းမှူးက အသေပစ်သတ်ပြီး ကိုယ်ဝန်ဖြင့် ကျန်ခဲ့သူ ဇနီးကို တပ်ရင်းမှ နှင်ထုတ်

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့ အခြေစိုက် ခမရ ၅၅၀ တပ်ရင်းမှ တပ်ရင်းမှူးသည် သူ့အား ဝေဖန်သူ တပ်သား တစ်ဦးကို သေနတ်ဖြင့် အသေပစ်သတ်ပြီး နောက်တန်းတွင် ကိုယ်ဝန်ဖြင့် ကျန်နေခဲ့သူ ဇနီးကိုလည်း တပ်ရင်းမှ နှင်ထုတ်....

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့ အခြေစိုက် ခမရ ၅၅၀ တပ်ရင်းမှ တပ်ရင်းမှူးသည် သူ့အား ဝေဖန်သူ တပ်သား တစ်ဦးကို သေနတ်ဖြင့် အသေပစ်သတ်ပြီး နောက်တန်းတွင် ကိုယ်ဝန်ဖြင့် ကျန်နေခဲ့သူ ဇနီးကိုလည်း တပ်ရင်းမှ နှင်ထုတ်လိုက်ကြောင်း သတင်း ရရှိသည်။

LIB-550အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပစ်သတ်ခံရသူ တပ်သား၏ ဆွေမျိုး တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ဖြစ်တာက ပုဏ္ဍားကျွန်း အခြေစိုက် ခမရ ၅၅၀ တပ်ရင်းက တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အေးနိုင်နဲ့ တပ်စုတစ်စု အိန္ဒိယနယ်စပ် ရှေတန်းကို သြဂတ်စ်လ အတွင်းက သွားရောက်တဲ့အခါ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲသလို ရှေ့တန်းကို သွားတဲ့အခါ တပ်ရင်းမှူးက ကျေးရွာသားတွေကို အထမ်းသမား ပေါ်တာ ဆွဲသလို တချို့ကျေးရွာတွေက သမီးပျိုတွေဟာ တပ်ရင်းမှူးကို ပျိုတော် ဆက်ခဲ့ရတယ်လို့ သိရပါတယ်။ အဲသလို လုပ်တဲ့အပေါ် တပ်သား ဦးရွှေသိန်းက တပ်ရင်းမှူးကို ဝေဖန်တဲ့ အတွက် တပ်ရင်းမှူးက မကျေနပ်တာကြောင့် သူနဲ့အတူ ရှိနေတဲ့ တပ်သား ၁၀ ဦးကို မသေမချင်း ရိုက်သတ်ခိုင်းခဲ့တယ်။ တပ်သားတွေ ရိုက်သတ်တဲ့အတွက် သေလုမျောပါး ဖြစ်နေတဲ့အခါ တပ်ရင်းမှူးက သူ့ကို သေနတ်နဲ့ အသေပစ်သတ်ခဲ့ပါတယ်။”

ဦးရွှေသိန်းကို သတ်ပြီးနောက် အလောင်းကို ဖျောက်ဖျက်ပစ်ကာ ဦးရွှေသိန်းမှာ လက်နက်ဖြင့် ထွက်ပြေးသွားကြောင်း အထက်သို့ အစီရင်ခံထားသည်ဟု သိရသည်။ ၎င်းပြင် ဦးရွှေသိန်းအား သတ်ရာတွင် ပါဝင်ခဲ့သူ ရဲဘော် ၁၀ ဦးကိုလည်း အဆိုပါ သတင်း လုံးဝ မပေါက်ကြားရန် တပ်ရင်းမှူး အေးနိုင်က သစ္စာရည် တိုက်ထားသည်ဟု သူက ပြောသည်။

“အဲသလို သတ်ပစ်ခဲ့တာကို မကျေနပ်တဲ့ စစ်သားတွေက သူတို့ရဲ့ ဇနီးမယားတွေကို ပြောရာကနေ ဒီသတင်း ထွက်လာတာ ဖြစ်ပါ တယ်။ အခုက ဒီသတင်းက တအားကို ပျံ့နေပါပြီ။ လူတိုင်းလိုလို သိနေကြတော့ စိတ်မကောင်း ဖြစ်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။

ဦးရွှေသိန်းမှာ ပုဏ္ဍားကျွန်းမြို့နယ် ယိုးတရုတ် ကျေးရွာ ဇာတိ ဖြစ်ပြီး သူ့တွင် ၂ နှစ်အရွယ် သမီးတစ်ဦးနှင့် ဇနီး မဌေးဌေးဝင်း ကျန်ရစ်ခဲ့ပြီး မဌေးဌေးဝင်းမှာလည်း ကိုယ်ဝန် လွယ်ထားရသည်ဟု သိရသည်။

များမကြာမှီက အဆိုပါ တပ်ရင်းမှူး ဦးဆောင်သည့် တပ်စု ပုဏ္ဍားကျွန်း တပ်ရင်းသို့ ပြန်ရောက်လာပြီးနောက် တပ်ရင်းတွင် ကျန်နေ ခဲ့သူ ဦးရွှေသိန်း၏ ဇနီး မဌေးဌေးဝင်းကို စခန်းမှ နှင်ထုတ်လိုက်သည်ဟု သူက ဆက်ပြောသည်။

“နင်ယောင်္ကျားက သေနတ်ယူပြီး ထွက်ပြေးသွားတဲ့အတွက် နင်ကိုလည်း စခန်းထဲမှာ မထားနိုင်တော့ဘူး ဆိုပြီး နှင်ထုတ်လိုက်ပါတယ်။ အခု မဌေးဌေးဝင်းက ယိုးတရုတ် ကျေးရွာကို ပြန်ရောက်ရှိနေပါတယ်။”

ဦးရွှေသိန်း သတ်ဖြတ်ခံရသော သတင်းမှာ ယိုးတရုတ်၊ ပုဏ္ဍားကျွန်းနှင့် အဆိုပါ ဒေသအတွင်း ပျံ့နှံ့နေပြီး ဦးရွှေသိန်း၏ ဆွေမျိုး များကလည်း အဆိုပါ ဖြစ်ရပ်ကို တတ်သိနားလည်သူများနှင့် တိုင်ပင်ပြီး နေပြည်တော်အထိ တိုင်းတန်းရန် စီစဉ်နေကြောင်း စုံစမ်းသိရှိရသည်။

 

 

 

 

 

Most read this week