သျှမ်းအရှေ့ မြို့နယ်အချို့ မဲဆန္ဒနယ်မှ ပယ်ထုတ်ခံရနိုင်ဟု လားဟူပါတီအား နအဖအာဏာပိုင် ခြိမ်းခြောက်

သျှမ်းအရှေ့ မြို့နယ်အချို့ မဲဆန္ဒနယ်မှ ပယ်ထုတ်ခံရနိုင်ဟု လားဟူပါတီအား နအဖအာဏာပိုင် ခြိမ်းခြောက်

လားဟူပါတီအား ပါတီဝင်အင်အား များများသိမ်းသွင်းပြီး မဲနိုင်ရေး သေချာစေရန် မစည်းရုံးနိုင်ပါက ၀င်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်တချို့ ရွေးကောက်ပွဲ ကျင်းပမည့် စာရင်းမှ ပါယ်ဖျက်....

လားဟူပါတီအား ပါတီဝင်အင်အား များများသိမ်းသွင်းပြီး မဲနိုင်ရေး သေချာစေရန် မစည်းရုံးနိုင်ပါက ၀င်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်တချို့ ရွေးကောက်ပွဲ ကျင်းပမည့် စာရင်းမှ ပါယ်ဖျက်နိုင်ဖွယ်ရှိကြောင်း နအဖ အာဏာပိုင်များ၏ ခြိမ်းခြောက်ခံရကြောင်း နယ်စပ် လားဟူ သတင်းရပ်ကွက်က ဆိုပါသည်။

“LNDP ၀င်ပြိုင်မှာက မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းပြင်း၊ ကျိုင်းတုံ၊ တာချီလိတ်နဲ့ မက်မန်း။ လားဟူပါတီ အနေနဲ့ အနိုင်ရဖို့ ရာနှုန်းပြည့် မသေချာရင် မိုင်းတုံ၊ မိုင်းဆတ်  အပါအ၀င် မိုင်းယောင်း၊ မိုင်းခတ်နဲ့ မိုင်းယန်း စတဲ့ မြို့နယ်တွေ ထပ်မံဖယ်ထုတ်ခံရမယ်လို့ မိုင်းတုံက နအဖအာဏာပိုင်တွေက ခြိမ်းခြောက်တယ်” ဟု လားဟူမျိုးချစ် ပုဂ္ဂိုလ်တဦးက ပြောပြ၏။

ပြည်နယ်လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်သို့ ၀င်ပြိုင်မည့် လားဟူပါတီမှ အမတ်လောင်း 9 ယောက် ရှိရာ အင်အားများများ မစည်းရုံးနိုင်ပါက မြို့နယ်တချို့ ပါယ်ဖျက်စာရင်းထဲ ထပ်ပါမည် ဖြစ်ကြောင်း လားဟူခေါင်းဆောင်များအား နအဖ ဒေသခံ အာဏာပိုင်နှင့် ရွေးကောက်ပွဲကော်မရှင်က ခြိမ်းခြောက်ခြင်း ဖြစ်သည်ဟု ဒေသခံ လားဟူအမျိုးသား တဦးကလည်း ပြော၏။

“မိုင်းဆတ်၊ မိုင်းတုံမြို့မှာ လားဟူ လူဦးရေ များတယ် ဆိုတော့ လားဟူပါတီအတွက် မျှော်လင့်ချက် ရှိတယ်။  နောက်ပြီး ကျားဖြူ ပါတီကလဲ အဲဘက်မှာ ၀ ဆီကရော လားဟူဆီကပါ ထောက်ခံအားပေးမှု ရနေတယ်။ ဆိုတော့ ဒီနှစ်ပါတီကို ကြံ့ဖွံ့က ယှဉ်နိုင်ပါ့မလား စဉ်းစားစရာပေါ့။ အဲ့ဒါကြောင့် အဲ့ဒီ ၂ မြို့နယ် ရွေးကောက် ပွဲစာရင်းထဲက ပါယ်ဖျက်မယ် ဆိုတာ ဖြစ်နိုင်ချေရှိတယ်” ဟု နယ်စပ်  သျှမ်း အမျိုးသားတဦးက ပြောသည်။

သို့သော် မိုင်းဆတ် ကြံ့ဖွံ့ပါတီ ဥက္ကဌနှင့် သြဇာညောင်းသူ ပြည်သူ့စစ်ခေါင်းဆောင် စိုင်းလုံကို ဒေသခံလူထုက ရင်းနှီးထောက်ခံ ကြသဖြင့် ကြံ့ဖွတ်ပါတီအတွက်လည်း မျှော်လင့်ချက် အရှိဆုံး ဖြစ်ကြောင်း မိုင်းတုံမှ ကြံ့ဖွံ့ပါတီဝင် တဦးက  ပြောသည်။

“မိုင်းဆတ်ကြံ့ဖွတ်ပါတီမှာဆိုရင် စိုင်းလုံက ပြည်နယ်လွှတ်တော်မှာ ၀င်ပြိုင်မှာလေ။ ပြည်သူ့လွှတ်တော်ကို ၀င်ပြိုင်မှာက ဦးခတ္တိယနဲ့  ဦးယောပ (လားဟူ)။ အမျိုးသားလွှတ်တော်အတွက် လာပြီး ၀င်ပြိုင်မှာက တာချီလိတ်က ရာဘာခြံပိုင်ရှင် ၀ီလဆင်မိုးတဲ့ လားဟူ အမျိုးသားပေါ့။ ကြံ့ဖွံ့လဲဘဲ အားပြင်းနေတော့ မိုင်းတုံ မိုင်းဆတ်ကို တကယ်ပါယ်ဖျက်မလား ဆိုတာလဲ ပြောရခက်တယ်” ဟု ၎င်းက ရှင်းပြ၏။

လုံးဝမဲလာမပေးနိုင်သူများကိုသာ ကြိုတင်မဲထည့် ခိုင်းမည်ဟု နေပြည်တော်ရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စု ဒီမိုကရေစီ ပါတီကို  ပြောခဲ့ဖူးသော်လည်း  မဲလိမ်၊ မဲခိုးမှု ဖြစ်နိုင်သဖြင့် အတတ်နိုင်ဆုံး ကြိုတင်မဲပေးခြင်းကို ရှောင်ရှားရန်၊ တကယ့်မဲထည့်ရမည့် နိုဝင်ဘာ ၇ ရက်ကျမှ မဲသွားထည့်ကြရန် တိုင်းရင်းသားနိုင်ငံရေးပါတီများကလည်း တိုက်တွန်းထားသည်ဟု သိရသည်။

 

 

 

 

Most read this week