ဥက္ကဌ ဦးဌေးမြင့် နာမည်တပ်၍ ယုဇနကုမ္ပဏီအား တရားစွဲဆိုခြင်း အပယ်ခံရ

ဥက္ကဌ ဦးဌေးမြင့် နာမည်တပ်၍ ယုဇနကုမ္ပဏီအား တရားစွဲဆိုခြင်း အပယ်ခံရ

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းက လယ်ယာမြေများ အဓမ္မ သိမ်းယူမှုနဲ့ ပတ်သက်ပြီး လယ်သမားများက ယုဇန ကုမ္ပဏီပေါ် တရားစွဲဆိုထားသည့် အမှုတွင် ဥက္ကဌ ဦးဌေးမြင့် နာမည်တပ်စွဲဆိုခြင်း ပယ်ဖျက်ကြောင်း ပြည်နယ်တရားရုံးက ယနေ့ ကြားဖြတ်အမိန့်ချ....

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းက လယ်ယာမြေများ အဓမ္မ သိမ်းယူမှုနဲ့ ပတ်သက်ပြီး လယ်သမားများက ယုဇန ကုမ္ပဏီပေါ် တရားစွဲဆိုထားသည့် အမှုတွင် ဥက္ကဌ ဦးဌေးမြင့် နာမည်တပ်စွဲဆိုခြင်း ပယ်ဖျက်ကြောင်း ပြည်နယ်တရားရုံးက ယနေ့ ကြားဖြတ် အမိန့်ချခဲ့သည်။

u-htay-myintနစ်နာကြေး ရရန် လယ်သမား ၁၇ ဦးမှ ဦးဌေးမြင့်အား တရားစွဲထားခြင်းကို ၎င်းကိုယ်စား အစ်ကိုဖြစ်သူ ဦးပုကြည်သို့ လွှဲပြောင်းရန် တုန့်ပြန်လျှောက်ထား ချက်ပေါ် တရားသူကြီးက သဘောတူ ဆုံးဖြတ်ပေးခြင်း ဖြစ်သည်ဟု လယ်သမား များအား ကူညီပေးနေသူ ဒေါ်ဘောက်ဂျာ ပြောသည်။

“ယုဇန ကုမ္ပဏီ ဥက္ကဋ္ဌဆိုတာကို ဖယ်ပြီးတော့ တာဝန်ခံ ဒါရိုက်တာနဲ့ပဲ ဆက်ပြီး အမှုဆက်စွဲမယ် ဆိုပြီး တရားသူကြီးက အဲလိုပဲ အမိန့်ချပေးတယ်လေ။ တကယ်တော့ အမှန်တရား ဆိုရင်တော့ ယုဇန ကုမ္ပဏီကို ဖြုတ်ဖို့ မဟုတ်ဘူးလေ။ ကျမတို့ စွဲတာက ယုဇန ကုမ္ပဏီကို စွဲတာဆိုတော့ တရားသူကြီးက မှန်ကန်တယ် သူက မှန်မှန်ကန်ကန် ချတယ်ဆိုရင်တော့ ဒါက မပယ်ဖျက်ရဘူးပေါ့နော်။”

“ဒါ အမှန်အတိုင်းပဲ ယုဇန ကုမ္ပဏီ အတိုင်းကို စွဲရမယ် ဆိုပြီးမှပဲ ချရမှာလေ။ သူက ဟိုဘက်ကနေ စားထားပြီးသား ဟိုဘက်က ရပ်တည်ပေးတယ်။ ယုဇနဘက်က ရပ်တည်တယ် ဆိုရင်တော့ သူက ပြောင်းပြန်အမိန့်ချဖို့ပဲ ရှိတာပေါ့။ ဒီနှစ်ခုပဲ ရှိတာကိုး ဒီနေ့ အမိန့်က” ဟုပြောသည်။

မည်သို့ပင်ဖြစ်စေ လယ်သမားများအတွက် နစ်နာကြေးများ ရရန် ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပြီး  မအောင်မြင်ဘူးဆိုရင် အထက်ကို ဆက်တက်သွားမှာ ဖြစ်ကြောင်း ဖားကန့်မြို့နယ် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ အမတ်လောင်းလည်း ဖြစ်တဲ့ ဒေါ်ဘောက်ဂျာက ဆက်ပြောသည်။

သူမကပဲ “ဒီလိုမှ တရားမစွဲဘူးဆိုရင်လည်း ကျမတို့ လယ်ယာမြေ ပြန်ရဖို့ဆိုတာ မရှိတော့ဘူးလေ။ အဲဒါကြောင့် ကြိုးစားပြီးမှ ဘယ်လိုပဲဖြစ်ဖြစ် ချေးငှားပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ဟိုချေးဒီချေး တတ်နိုင်သလောက် ၀ိုင်းကူပြီးတော့ အဲလိုနဲ့ ကျမတို့ တရားစွဲထားတယ်။ တချို့ဆိုရင် စားစရာတောင် မရှိဘူး။ ဒါမယ့် ဖြစ်တဲ့ နည်းနဲ့ တစ်ယောက်နဲ့တစ်ယောက် ၀ိုင်းကူပြီးတော့ လုပ်နေရတာပဲ။”

စစ်အစိုးရနှင့် အကျိုးတူ လုပ်ကိုင်နေသူ ယုဇန ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဌေးမြင့်သည် လာမည့် နိုဝင်ဘာ ၇ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်း၊ မြိတ်မြို့မှ စစ်အစိုးရ၏ ကြံ့ဖွံ့ပါတီအမတ်လောင်းအနေဖြစ် ဥပဒေနှင့် တစုံတရာ ငြိစွန်းမှု မဖြစ်အောင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း လေ့လာသိရသည်။

တရုတ်လူမျိုးတစ်ဦးဖြစ်သူ ဦးဌေးမြင့်သည် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးနဲမှ ဖြစ်သည်။

တဖက်မှာလည်း ခုလို တရားဆိုင်ထားတဲ့ ဟူးကောင်း ဒေသခံတွေကို ယုဇန ကုမ္ပဏီ ၀န်ထမ်းများနှင့် စစ်အာဏာပိုင်များက အမှု မဖွင့်ရန် ငွေပေးပြီး သိမ်းသွင်းမှုတွေ လုပ်နေသလို ရပ်တန့်အောင် ခြိမ်းခြောက်မှုတွေလည်း ပြုလုပ်နေကြောင်း ဒေသခံများ ပြောပါသည်။

လယ်ယာ၊ ဥယျာဉ်ခြံမြေများ အသိမ်းခံရမှုကြောင့် စားဝတ်နေရေး ပြဿနာကြုံတွေ့ရသည့် ဒေသခံ နောက်ထပ် ၅၀ သည်  မိမိ လက်လွှတ် ဆုံးရှုံးခဲ့ရသော မြေယာများအတွက် ယုဇန ကုမ္ပဏီမှ နစ်နာကြေး ရရှိရန် တရားရုံးသို့ အမှုတင်ထားသည်ဟု လယ်သမား အကျိုးဆောင် မန္တလေးဗဟိုတရားရုံးချုပ်ရှေ့နေ ဦးမြင့်သွင်မှ ပြောသည်။

ယုဇန ကုမ္ပဏီ၏ မြေသိမ်းမှုနှင့် ပတ်သက်ပြီး အခြားသီးသန့် ဒေသခံ ၂၀ ဦး စုပေါင်းတင်သည့် အမှုကိုလည်း အောက်တိုဘာ ၁၅ ရက် နေ့တွင် ပြည်နယ်တရားရုံးမှ ကြားနာဆုံးဖြတ်ပေးရန်ရှိကြောင်း သိရသည်။

ယုဇန ကုမ္ပဏီသည် ၂၀၀၆ ခုနှစ်မှ ဟူးကောင်းချိုင့်ဝှမ်းသို့ ၀င်ရောက်ပြီး ကြံနှင့် ဇီဝလောင်စာဆီအတွက် ပီလောပီနံစိုက်ပျိုးရန် လက်ရှိ မြေဧက ၃ သိန်းကျော် သိမ်းပိုက်ထားရာ ယင်းတွင် ဧက ၂ သိန်းကျော်မှာ ကျားထိန်းသိမ်းရေးနယ်မြေအထဲ ပါဝင်ကြောင်း ကချင် လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ (KDNG)၏ ပြီးခဲ့တဲ့ သြဂုတ်လထုတ်အစီရင်ခံစာ “Tyrants, Tycoons and Tigers” တွင် ဖော်ပြ ထားသည်။

ဌာနေဒေသခံများ၏ နေအိမ်ခြံဝင်း၊ ကျေးရွာများ၊ ဥယျာဉ်ခြံနှင့် လယ်ယာမြေများ ဧကထောင်ပေါင်းများစွာကို ယုဇန ကုမ္ပဏီက မတရား ဈေးနှိမ်ဝယ်ယူမှုနဲ့ အဓမ္မ သိမ်းယူမှုတွေကို ယခုချိန်ထိ လုပ်နေကြောင်း KDNG အစီရင်ခံစာက ဖော်ပြသည်။

 

 

 

 

 

Most read this week