ဒီရေများ မြင့်တက်နေမူကြောင့် သောင်းချီသော စပါးစိုက်ခင်းများ ပျက်စီး

ဒီရေများ မြင့်တက်နေမူကြောင့် သောင်းချီသော စပါးစိုက်ခင်းများ ပျက်စီး

ရခိုင်ပြည်နယ် အနှံ့အပြားတွင် ဒီရေများ ဆက်လက်မြင့်တက်နေတုန်း ဖြစ်ပြီး အဆိုပါ ဒီရေများမှာ လယ်ကွင်းများထဲသို့ ၀င်လာသဖြင့် ဧကသောင်းချီသော စပါးစိုက်ခင်းများ ပျက်စီး....

ရခိုင်ပြည်နယ် အနှံ့အပြားတွင် ဒီရေများ ဆက်လက်မြင့်တက်နေတုန်း ဖြစ်ပြီး အဆိုပါ ဒီရေများမှာ လယ်ကွင်းများထဲသို့ ၀င်လာသဖြင့် ဧကသောင်းချီသော စပါးစိုက်ခင်းများ ပျက်စီးနေကြောင်း သတင်းရရှိသည်။

Paddy-field-flooding-Arakan-stateတောင်ကုတ်မြို့နယ်က လယ်သမား တစ်ဦးက “၀င်လာတဲ့ ဒီရေတွေက ဆားငံရေတွေဆိုတော့ စပါးခင်းတွေ အကုန်လုံး ပျက်စီး ကုန်တာ ဖြစ်ပါတယ်။ ၀င်လာတဲ့ ဆားငံရေတွေကလည်း တာတမံတွေ ဆည်တွေ ကျိုးပေါက်ရာကနေ ၀င်လာတဲ့အတွက် စပါးခင်း တွေဟာ ဆားငံရေထဲမှာ နစ်နေတယ်။ ကျွန်တော်တို့ ဒေသမှာတော့ ၇၅ ရာခိုင်နုန်း လယ်မြေတွေ ပျက်စီးသွားခဲ့ပါပြီ” ဟု သူက ပြောသည်။

စပါးများ၊ အဖူးအငုံများ ထွက်နေချိန်တွင် ယခုကဲ့သို့ ဆားငံရေများ ၀င်ရောက် နေသဖြင့် စပါးပင်များ အားလုံးမှာ သေဆုံးကုန်ကြောင်း သူက ပြောသည်။

“ဒီရေတက်ပြီးတော့ မိုးရွာရင် နည်းနည်းခံသာပါတယ်။ အခုတော့ ဒီရေဘဲ မြင့်တက်နေပြီးတော့ မိုးရွာတာ မရှိဘူး။ စပါး စိုက်ခင်းတွေ အကုန်လုံး အပူရှိန်နဲ့ ဆားငံရေတွေကြောင့် အဖတ်ဆယ် မရအောင် သေဆုံးနေပါတယ်။ ဒေသခံ လယ်သမားတွေက အခုလို စပါး ထွက်ခါနီး ခုလို ဖြစ်တော့ အထူးစိတ်မကောင်း ဖြစ်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။

တောင်ကုတ်မြို့နယ် တောင်ပိုင်းတွင် တာတမံနှင့် ဆည်ပေါင်း ၂၀ ကျိုးပေါက်သွားခဲ့ပြီး အဆိုပါ တာတမံနှင့် ဆည်များမှာ ဘုရွှေမော်၊ ကျော်ကိုင်း၊ အတာ၊ ငရုတ်တောင်၊ ရှောက်အင်း၊ ဆားပြင်၊ ကျောက်ဝေ၊ သိမ်ချောင်းပြင်နှင့် ငှက်ပျောတော ကျေးရွာများ အနီးတွင် တည်ရှိသည်။

“ကျွန်တော်တို့ မျက်မြင်အရ ပြောရရင် တောင်ကုတ် တောင်ပိုင်းမှာတင် သောင်းချီတဲ့ စပါးစိုက်ခင်းတွေ ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီရေတက်နေတာကလည်း နောက်တရက် နှစ်ရောက်မှ ကျသွားမှာဆိုတော့ တာရိုးတွေကို ဖေါက်ပြီး ရေတွေကို ပြန်ထုတ်ရမယ်။ ပြန်ထုတ်ပီးမှ တစ်ခါ နောက်ထပ် စိုက်ပျိုးရမယ်ဆိုတော့ အချိန်လည်း မမှီတော့ပါဘူး။ မိုးရာသီကလည်း ကုန်ဆုံးတော့မယ်ဆိုတော့ ဘယ်လိုမှ စပါး စိုက်ပျိုးလို့ မရတော့ဘူး” ဟု ပြောသည်။

လယ်သမား အများစုမှာ စပါး စိုက်ခင်းများ ပျက်စီးသွားသဖြင့် ၀မ်းစာ စပါး မရသည့်အပြင် အစိုးရထံမှ ချေးယူထားသော အမတော် ငွေများကိုလည်း ပြန်ဆပ်နိုင်မည် မဟုတ်သဖြင့် အထူးစိတ်ဒုက္ခရောက်နေကြရကြောင်း သိရသည်။

ရခိုင်ပြည်နယ် ပင်လယ် ကမ်းရိုးတန်း မြို့နယ်များ ဖြစ်ကြသော မာန်အောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ မြေပုံ၊ ပေါက်တော၊ စစ်တွေနှင့် မောင်တောမြို့နယ်များတွင် ရာချီသော တာတမံများ အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ပေါ်ခဲ့သော မုန်တိုင်းကြောင့် ဒီရေများ တက်ကာ ကျိုးပေါက် ပျက်စီးသွားခဲ့သည်။

ဒေသခံလယ်သမားများ အပြောအရ နှစ်စဉ်နှစ်တိုင်း မိုးရာသီတွင် လပြည့်လကွယ် နေ့များတွင် ဒီရေများ တက်လေ့ရှိသော်လည်း ယခုနှစ်ကဲ့သို့ အခြေအနေ မဆိုးကြောင်း ယခုနှစ်တွင် ဒီရေတက်မူမှာ အထူးဆိုးရွားပြီး တာတမံများကို ကျော်လွန်ပြီး လယ်ကွင်းများသို့ ရေများ ၀င်ရောက်လာသည်ဟု ပြောကြားသည်။

ယခုနှစ်တွင် ယခုကဲ့သို့ အခြေအနေများကြောင့် မြန်မာနိုင်ငံအတွင်း အဓိက စပါးထွက်ရာ ဒေသထဲတွင် တခုအပါအ၀င် ဖြစ်သော ရခိုင် ပြည်နယ်၏ စပါးအထွက်နုန်း အလွန်ကျဆင်းနိုင်ကြောင်း လယ်သမားများက ပြောကြားသည်။

 

 

 

 

 

Most read this week