မဲထည့်ရန် မှတ်ပုံတင် အတင်းလုပ်ခိုင်းပြီး ငွေတောင်း

မဲထည့်ရန် မှတ်ပုံတင် အတင်းလုပ်ခိုင်းပြီး ငွေတောင်း
by -
မောင်အေး

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် အသက် ၁၈ နှစ်ပြည့်သူများကို ရွေးကောက်ပွဲတွင် မဲထည့်ရန်အတွက် လ၀ကမှ မလုပ်မနေရ မှတ်ပုံတင် အတင်းလုပ်ခိုင်းကာ ငွေးကောက်ခံနေ....

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် အသက် ၁၈ နှစ်ပြည့်သူများကို ရွေးကောက်ပွဲတွင် မဲထည့်ရန်အတွက် လ၀ကမှ မလုပ်မနေရ မှတ်ပုံတင် အတင်းလုပ်ခိုင်းကာ ငွေးကောက်ခံနေကြောင်း သတင်းရရှိသည်။

လူဝင်မှုကြီးကြပ်ရေးဌာန (လ၀က) မှ မှတ်ပုံတင် လုပ်ခအတွက် တဦးလျှင် ကျပ် ၆၀၀၀ ကနေ ၁၀၀၀၀ အထိ ကောက်ခံနေကြောင်း ကျောက်တော်မြို့ခံတဦးက ယခုကဲ့သို့ ပြောသည်။

“လ၀ကက လုပ်ခိုင်းတာပါ။ အိမ်ထောင်စု စာရင်းမှာ ပါပြီး မှတ်ပုံတင် မရှိသူတွေကို လုပ်ခိုင်းတာ ဖြစ်ပါတယ်။ အရင်ရှိတဲ့ သူတွေတော လုပ်စရာ မလိုဘူး။ အဲဒီမှာ ဓါတ်ပုံ ရိုက်ခနဲ့ လျှောက်လွှာ ဖြည့်ခ ဆိုပြီး ကျပ် ၆၀၀၀ ကနေ ကျပ် ၁၀၀၀၀ အထိ ပေးရတယ်။ မလုပ် လို့ကို မရဘူး။ အတင်းလုပ်ခိုင်းတာ ဖြစ်ပါတယ်။”

ယခု လုပ်ပေးနေသည့် မှတ်ပုံတင်များမှာ ရွေးကောက်ပွဲတွင် မဲထည့်ရန်အတွက် ယာယီသာ ဖြစ်ကြောင်း သိရသည်။

“ခရီးလွန်နေသူတွေ၊ နိုင်ငံခြားသွားပြီး အလုပ်လုပ်နေသူတွေအတွက်လည်း လုပ်ခိုင်းတယ်။ အခု လုပ်တာက အိမ်ထောင်စု စာရင်းအရ သူတို့ လိုက်ပြီး လုပ်ခိုင်းနေတာ” ဟု သူက ဆက်ပြောသည်။

ကျောက်တော်မြို့နယ်ထဲမှ တချို့ကျေးရွာများတွင် မိသားစုလိုက် ရန်ကုန်သို့ ပြောင်းရွေ့သွားသည်မှာ ကြာပြီ ဖြစ်သော်လည်း သူတို့၏ အမည်များကို ကျေးရွာ မဲစာရင်းတွင် တွေ့နေရကြောင်း ရခိုင်အမျိုးသား တိုးတက်ရေးပါတီ ကျောက်တော်ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

ယခုကဲ့သို့ အိမ်ထောင်စု တခုလုံး ရန်ကုန်ကို ပြောင်းရွှေ့သွားကြသူများ၏ စာရင်းများပါ မဲစာရင်းတွင် ထပ်ပါလာသဖြင့် မဲမသာမူများ ပေါ်ပေါက်နိုင်ကြောင်း လေ့လာသူများက ပြောသည်။

တဘက်တွင်လည်း ကျောက်တော်မြို့နယ်တွင် ရှိကြသည့် အသက် ၁၈ နှစ် ပြည့်ပြီးသူ မူဆလင် အမျိုးသားများကို မှတ်ပုံတင် ထုတ်ပေးခြင်း မရှိသော်လည်း ရွေးကောက်ပွဲတွင် မဲထည့်ခွင့် ရမည်ဟု သတင်း ထွက်ပေါ်နေကြောင်း ကျောက်တော်မြို့မှ ထမင်းဆိုင် ပိုင်ရှင် တဦးက ပြောသည်။

 

 

 

 

 

Most read this week