ကလေးမြို့နယ် ကြံ့ဖွံ့ပါတီက လူထုစည်းရုံးရေးအတွက် ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာ အထက်တန်းကျောင်းခွဲအတွက် ကျပ်ငွေ တစ်သိန်း၊ ဘိလပ်မြေ အိတ် ၂၀၀ နှင့် အခြား ပစ္စည်းများ လှူဒါန်းခဲ့သည်မှာ နိုင်ငံတော် ဘဏ္ဍာငွေ ဖြစ်မည်ဟု ပြည်သူတွေက ပြော.....
ကလေးမြို့နယ် ကြံ့ဖွံ့ပါတီက လူထုစည်းရုံးရေးအတွက် ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာ အထက်တန်းကျောင်းခွဲအတွက် ကျပ်ငွေ တစ်သိန်း၊ ဘိလပ်မြေ အိတ် ၂၀၀ နှင့် အခြား ပစ္စည်းများ လှူဒါန်းခဲ့သည်မှာ နိုင်ငံတော် ဘဏ္ဍာငွေ ဖြစ်မည်ဟု ပြည်သူတွေက ပြောကြသည်။
“ဒါတွေက သူတို့က အစိုးရ ဆိုတော့ လုပ်ရမည့် ကိစ္စပါ၊ ကြံ့ဖွံ့ပါတီ ထောက်ခံရေးအတွက် နိုင်ငံတော် ဘတ်ဂျက်ကို သုံးစွဲတာနေမှာပါ ” ဟု ဒေသခံတဦးက ပြောသည်။
ပြီးခဲ့သည့် ၂ ရက်နေ့က အားကစားဝန်ကြီးဌါနမှ ယူနီဖောင်းချွတ်ထားသော သူရအေးမြင့် ဦးဆောင်သည့် ကြံ့ဖွံ့ပါတီ စည်းရုံးရေး အဖွဲ့သည် ကလေးမြို့ ကြံ့ဖွံ့ပါတီ လူကြီးများနှင့်အတူ ကလေးမြို့နယ် အနောက်မြောက်ဘက်ရှိ ကျေးရွာများသို့ စည်းရုံးရေးဆင်းရာတွင် ထိုကဲ့သို့ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
“သူတို့ကို လူရှိုင်း လူငယ်အသင်းက ရိုးရာဝါးညှပ်အကနဲ့ ကြိုဆိုတယ်။ ကျောင်းအတွက် ပိုက်ဆံ တစ်သိန်း၊ ဘိလပ်မြေ အိတ် နှစ်ရာ၊ မိုးကာ ၈ ချပ်၊ ဘောလုံး ၆ လုံးနဲ့ ကျတော်တို့ ရွာက ကြံ့ဖွံ့ပါတီအတွက် digital camera ၁ လုံး လာလှူသွားတယ်” ဟု လက်ပံချောင်းက ကျောင်းဆရာ တဦးက ပြောသည်။
သူရအေးမြင့်နှင့် အဖွဲ့သည် လူထုစည်းရုံးဟောပြောခြင်းများ မပြုလုပ်သော်လည်း ငွေအားဖြင့် ကြံ့ဖွံ့ပါတီ မဲပေးရေးကို ဦးတည်ပြီး လှူဒါန်းနေခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“ကြံ့ဖွံ့ပါတီကို ပြည်သူတွေက သိပ်ပြီး စိတ်မ၀င်စားကြဘူး။ ကျတော်တို့က ချင်းတွေဆိုတော့…ချင်းပါတီကိုပဲ စိတ်ဝင်စား ကြတယ်..ကျတော် အပါအ၀င်ပေါ့” ဟု ကျောင်းဆရာက ဆက်ပြောသည်။
တဆက်တည်း ကလေးမြို့နယ် အနောက်မြောက်ဘက် အဓိက ဆက်သွယ်ရေးလမ်းမပေါ်ရှိ ဆည်ကြီး ချောင်းတံတား တည်ဆောက်ရေး အတွက် ဘိလပ်မြေ အိတ် ၁၅၀ နှင့် သာယာကုန်း မူလွန်ကျောင်းနှင့် ချမ်းသာကြီး မူလွန်ကျောင်းအတွက် ဘောလုံး တလုံးစီ လှူဒါန်းခဲ့သည်ဟုလည်း သိရသည်။
စစ်ကိုင်းတိုင်း၊ ကလေးကဘော် ဒေသရှိ လူရှိုင်းမျိုးနွယ်စုများ၏ အကြီးဆုံး လူမှုအဖွဲ့အစည်း ဖြစ်သော Mizo Welfare Organization ၏ ရည်ရွယ်ချက်တွင် တပ်မတော်အား အမိအဖဟု ခံယူရေး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးအသင်းနှင့် အမြဲလက်တွဲရေး၊ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီကိုသာ တခဲနက် ထောက်ခံရေး စသည့် အချက်များ ပါဝင်သည်ဟု သိရသည်။
လက်ပံချောင်းကျေးရွာသည် ကလေးမြို့ အနောက်မြောက်ဘက်တွင် ရှိပြီး အိမ်ခြေ နှစ်ထောင်ခန့် ရှိသော ချင်းရွာကြီး ဖြစ်သည်။ အိမ်ခြေ ၆၀၀ ကျော်ခန့်မှာ လူရှိုင်းမျိုးနွယ်များ ဖြစ်ပြီး ကျန် ၁၅၀၀ ကျော်ခန့်မှာ ဖလမ်း၊ဟါးခါးနှင့် တီးတိန်ချင်းများ ဖြစ်သည်။
ကြံ့ဖွံ့ပါတီသည် ပြီးခဲ့သော သြဂုတ်လတုန်းကလည်း ကလေးမြို့နယ်၊ သာယာကုန်းကျေးရွာ၏ ရွာလုံးကျွတ် ကောက်စိုက်ပြီးချိန်၌ ကျင်းပလေ့ရှိသော ထွန်တုံးပိတ်ပွဲ ရပ်ကွက်လိုက် ဘောလုံးပွဲတွင်လည်း ပထမဆုအတွက် ကျပ်ငွေ ၁၀၀၀၀၊ ဒုတိယဆုအတွက် ရ၀၀၀ လှူဒါန်းခဲ့သည်ဟု သိရသည်။