မွန်ပါတီ လူထုထောက်ခံမှု ရရှိနေကြောင်း ပါတီဝင်များပြောဆို

မွန်ပါတီ လူထုထောက်ခံမှု ရရှိနေကြောင်း ပါတီဝင်များပြောဆို

“ပါတီရဲ့ ယုံကြည်ချက်ကတော့ မဲအရေအတွက် များများရခဲ့ရင် ၂၀၀၈ ဥပဒေမူကြမ်းကို ပြင်နိုင်မယ်လို့ မျှော်လင့်ထားတယ်” ဟု နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMDP ) ဥက္ကဋ္ဌ နိုင်ငွေသိန်းက အခိုင်အမာပြော.....

 

“ပါတီရဲ့ ယုံကြည်ချက်ကတော့ မဲအရေအတွက် များများရခဲ့ရင် ၂၀၀၈ ဥပဒေမူကြမ်းကို ပြင်နိုင်မယ်လို့ မျှော်လင့်ထားတယ်” ဟု နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMDP ) ဥက္ကဋ္ဌ နိုင်ငွေသိန်းက အခိုင်အမာပြောဆိုသည်။

2810NT1inAMDP ကိုယခုနှစ် ဧပြီလ (ရ) ရက်နေ့တွင် အငြိမ်းစား အစိုးရဝန်ထမ်းများ၊ မွန်အတတ်သိပညာရှင်များ၊ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် အချို့၊ မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သည့် ပါတီဝင်အချို့နှင့် စတင်ဖွဲ့စည်းခဲ့ပြီး မေလ ၄ ရက်နေ့တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့် ခွင့်ပြုချက်ကို ရရှိခဲ့သည်။

မွန်တိုင်းရင်းသားပြည်သူတို့သည် ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး အဆုံးအဖြတ် ပေးဖို့ ၂၀၀၉ ခုနှစ် ဇွန်လ (၂၉) ရက်တွင်  (၁၅) ဦးကော်မတီကို မော်လမြိုင်မြို့၌ စတင်ဖွဲ့စည်းလိုက်ပြီး ၂၀၁၀ မတ်လ (၃၁) ရက်မှာ မော်လမြိုင်မြို့တွင် တဖန်ပြန်ပြီး အစည်းအဝေး ကျင်းပခဲ့ရာ အဆိုပါ (၁၅) ဦး ကော်မတီထဲမှ နာယကအဖွဲ့ဝင် ဆရာတော်များနှင့် ဝါရင့်နိုင်ငံရေးသမားများဖြစ်သည့် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (MNDF) ဥက္ကဋ္ဌ နိုင်ထွန်းသိမ်းနှင့် ဒု-ဥက္ကဋ္ဌ နိုင်ငွေသိန်း (နိုင်ဇနူမွန်) တို့လည်း တက်ရောက်ခဲ့ကြသည်။

အဆိုပါ ၁၅ ဦး ကော်မတီတွင် မွန်ပြည်သစ်ပါတီမှ အနားယူခဲ့ပြီးဖြစ်သည့် နိုင်တင်အောင် (ဗဟိုအလုပ်မှုဆောင်ဟောင်း)၊ နိုင်မြင့်ဆွေ (ဗဟိုကော်မတီဝင်ဟောင်း)၊ ဒေါက်တာ ဗညားအောင်မိုး၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမတ်များဖြစ်သော (MNDF) အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်း၊ အတွင်းရေးမှုး ဒေါက်တာ မင်းကြည်ဝင်းနှင့် အငြိမ်းစား ပြည်နယ် ကျန်းမာရေးမှူးဟောင်း ဒေါက်တာ မင်းနွယ်စိုးတို့ပါဝင်ကြသည်။

ထိုနေ့မှာပင် မွန် (၁၅) ဦးကော်မတီအဖွဲ့ဝင် အများစုက “၂၀၁၀ ရွေးကောက်ပွဲကို မဝင်ရောက်ဖို့  ဆုံးဖြတ်လိုက်တယ်” သို့သော် ၎င်းကော်မတီဝင် တချို့က ရွေးကောက်ပွဲမှာ ဝင်ပြိုင်သွားဖို့ ဆုံးဖြတ်လိုက်ပြီးနောက် ယခုလို AMDP ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲမှ ပါဝင်ယှဉ်ပြိုင်မယ့် AMDP ၏ နိုင်ငံရေး မူဝါဒသဘောထားမှာ -
ပြည်သူတစ်ရပ်လုံး၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝရရှိစေရန်၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ် အခြေခံသော ခိုင်မာသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ရန်၊ စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက် လာစေရန်၊ စစ်မှန်သော ပြည်ထောင်စု ပေါ်ထွန်းလာစေရန်၊ အဂတိလိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်သွားရန်၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားရန်နှင့် ငြိမ်းချမ်းသော ကမ္ဘာ့လူနေမှုစနစ်ထွန်းကားလာရေး ဆောင်ရွက်သွားရန် စသည့် မူဝါဒများ ပါရှိသည်။

နိုဝင်ဘာလ ၇ ရက်နေ့ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားရန် AMDP မှ ကိုယ်စားလှယ်လောင်းနေရာ ၅၆ ဦး လျာထားတယ်ဟု ပါတီခေါင်းဆောင် နိုင်ငွေသိန်း (နိုင်ဂျနူမွန်) ကပြောဆိုခဲ့ပြီး၊ “ဒါပေမဲ့ အချိန်ရဲ့တိုတောင်းမှုနှင့် ဘဏ္ဍာရေးရဲ့ အခက်အခဲကြောင့် ကိုယ်စားလှယ်လောင်း ၃၄ နေရာသာ ရရှိခဲ့တယ်” ဟု သူက ပြောသည်။

မွန်ပြည်သူတွေရဲ့ထောက်ခံမှုကို ရရှိနေကြောင်းလည်း ပါတီဥက္ကဌက ဆိုသည်။

“စည်းရုံးရေးဆင်းပြီးတဲ့ကာလနှင့် မဆင်းရသေးတဲ့ကာလ တော်တော်လေးကို ကွာခြားမှုရှိတယ်။ မွန်ဒေသမှာရှိတဲ့ မွန်ပြည်သူ အများစုဟာ ပြောရေးဆိုရေး သိပ်မကြောက်တော့ဘူး။ နောက်ပြီး နိုင်ငံရဲ့အရေးကိုလည်း စိတ်ဝင်စားလာတယ်။ ဒါဟာ ပါတီရဲ့ ကြီးကြီးကျယ်ကျယ် အားရမှု တရပ်ပါပဲ” ဟု AMDP ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောသည်။

ပါတီအနေဖြင့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်စုစုပေါင်း ၆ ခုတွင် ကိုယ်စားလှယ် ၆ ဦး၊ အမျိုးသားလွှတ်တော်တွင် မြို့နယ် ၆ ခုမှ ကိုယ်စားလှယ် ၇ ဦး၊ ပြည်နယ်လွှတ်တော် အတွက် မြို့နယ် ၆ မြို့နယ်အတွက် ကိုယ်စားလှယ် ၁၂ ဦး စုစုပေါင်း ( ၃၄ ) ဦး ၀င်ရောက် အရွေးခံမည်ဖြစ်သည်။

ကိုယ်စားလှယ်တင်သွင်းဖို့ ခွင့်ပြုသည့်အချိန် တိုတောင်းလွန်းသည့်အတွက် ကိုယ်စားလှယ်ဦးရေ လျော့နည်းရခြင်းဖြစ်သည်ဟု ပါတီဝင်များက မှတ်ချက်ပေး ပြောဆိုကြသည်။

“မွန်ပြည်နယ်ကို အခြေပြုတဲ့ ကျနော်တို့ ပါတီဟာ အဓိကပြောရရင် အချိန်ပါပဲ။ အချန်တအားကြီး တိုတောင်းသွားတော့ မွန်ပြည်နယ်မှာရှိတဲ့ ပြည်နယ် ၇ ခုလောက် လွှတ်သွားတယ်။ တိုင်းရင်းသားလွှတ်တော် မရှိခဲ့ဘူး” ဟု ဆိုသည်။

ယခုလိုလွတ်သွားတဲ့မြို့ကြီးများတွင် မွန်ပြည်နယ်အတွင်းရှိ သထုံ၊ ဘီလင်း၊ ကျိုက်ထို၊ ရန်ကုန်နှင့် ပဲခူးတို့ ဖြစ်သည်။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မည့် AMDP ပါတီသည် မွန်ပြည်သူများကို ကိုယ်စားပြုထားသည့် ပါတီအဖြစ် ရပ်တည်နေသည့်အသွင် ဆောင်သော် လည်း အချို့သော မွန်အဖွဲ့အစည်းများက ခေါင်းဆောင်များကမူ ရွေးကောက်ပွဲ ကိုဆန့်ကျင်ပြီး ဆန္ဒမဲပေးရေး ဆန့်ကျင်သပိတ်မှောက် သူများရှိနေပြီး၊ အချို့သော အဖွဲ့အစည်းများကမူ မွန်ပါတီအပေါ် တစုံတရာ တားမြစ်ခြင်းမရှိသလို အားပေးထောက်ခံခြင်းလည်း မပြုပေ။

တိုးတက်သောမွန်လူငယ်အဖွဲ့မှ ဥက္ကဋ္ဌ မိအိုင်းစွန်းကလည်း “ကျမတို့ အဖွဲ့အစည်း အမြင်ပြောရမယ်ဆိုရင် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို အခြေခံထားတဲ့အတွက် ရွေးကောက်ပွဲကို မဝင်စေခြင်ဘူးလို့ ပြောချင်တယ်။ ပါလည်း မပါစေချင်ဘူး၊ အကျိုးမရှိဘူးဆိုတာ သိတယ်။ မွန်ပါတီအတွက်ရော အခြားပါတီအတွက်ပါ သူတို့ရဲ့စည်းရုံးရေးခရီးစဉ်မှာ လွတ်လွတ်လပ်လပ် ပြောဆိုစည်းရုံးခွင့် ဘာမှ မရှိဘူး” ဟု ရွေးကောက်ပွဲအပေါ် သူမထင်မြင်ချက်ကို ပြောဆိုသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်    ၍ မွန်အမျိုးသားရေးရာအဖွဲ့ချုပ်ကလည်း ၎င်းတို့သဘောထားကို အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး နိုင်လရီရွတ်က ယခုလို မှတ်ချက်ပေး ပြောဆိုခဲ့သည်။

“ဒို့အနေနဲ့ မွန်နိုင်ငံရေးပါတီအသစ်နဲ့ပတ်သက်ပြီး ဒို့အားလည်းမပေးဘူး၊ ဆန့်လဲ မဆန့်ကျင်ဘူး။ ဒါပေမဲ့ ပြည်သူလူတွေက ဘယ်လို ထောက်ခံမယ်ဆိုတာကို သူတို့ပေါ်မှာရပ်တည်တယ် သူတို့ရှေ့ရေးကိုတော့ ဒို့မသိဘူး။ အခု ဒို့အဖွဲ့အနေနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင် သွားမယ်။ ဥပမာ ဒို့မွန်အမျိုးသားထဲကတစ်ဦး ဝင်ပြိုင်မယ် ပြောမယ်ဆိုရင် သူတို့ပါတီနဲ့ သူတို့ပြိုင်မယ။် ဒို့အားမပေးဘူး ဒို့လည်း မဆန့်ကျင်ဘူး သူတို့အလုပ်နဲ့ သူတို့လုပ်မယ်။”

သူကဆက်၍ ပြောဆိုရာတွင် “ဒီပါတီရှိကောင်း မရှိကောင်းကိုတော့ အဖွဲ့အစည်းနဲ့ဆိုတော့ တစ်မျိုးသွားမယ်။ ဒို့မွန်ပြည်သူလူထုတွေ အနေနဲ့ ရှိလည်းကောင်း မရှိကောင်းပေါ့။ အဖွဲ့အစည်းအကြံညာဏ်ပေးထားတဲ့အတိုင်းဆို သူတို့ဆုံးဖြတ်ချက်ချထားတဲ့အတိုင်း သူတို့က ရွေးကောက်ပွဲကို လက်မခံဘူး။ ဒို့လည်းဒီလိုပဲမြင်တယ်” ဟု ဆိုသည်။

ယခု မွန်ပြည်သူတရပ်လုံးကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်သွားမည့် AMDP ကို အချို့သော မွန်အဖွဲ့အစည်းများက ၎င်းတို့အနေနှင့် လက်ရှိလူထု၏ထောက်ခံမှုကို တဖြည်းဖြည်း ပိုမိုရရှိလာနေကြောင်း ပါတီဝင်များက ဂုဏ်ယူစွာပြောဆိုနေကြသည်။

ပါတီဥက္ကဌ နိုင်ငွေသိန်းက “ဒို့ပါတီက ငွေရေးကိစ္စနှင့် ပြောဆိုရေးကိစ္စကို အခက်အခဲကြားမှာ စည်းရုံးရေးဆင်းခဲ့ပေမဲ့ စည်းရုံရေး ဆင်းခဲ့တဲ့ ကာလတလျှောက်တော့ ဒို့ပါတီကို မွန်ရွာမှာ ဗမာရွာတွေအပါဝင် အများဆုံး ကောင်းကောင်းကြီး ကြိုဆိုသွားတာကိုလည်း မြင်ခဲ့တယ်။ ဒါဟာ ပါတီရဲ့ အားကောင်းချက်တစ်ခုဖြစ်သလို ယုံလဲယုံကြည်ထားပါတယ်” ဟု ပြောဆိုသည်။