မိုးရွာ ရေကြီး၊ ဘူးသီးတောင်-မောင်တော ကားလမ်း ကျိုးပျက်

မိုးရွာ ရေကြီး၊ ဘူးသီးတောင်-မောင်တော ကားလမ်း ကျိုးပျက်
by -
မင်းဆက်ခိုင်

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် မြန်မာနိုင်ငံ အနောက်ဘက် ကုန်သွယ်ရေး လမ်းမတခု ဖြစ်သော ဘူးသီးတောင်-မောင်တော ကားလမ်းမှာ အပိုင်းပိုင်း ကျိုးပျက်သွား....

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် မြန်မာနိုင်ငံ အနောက်ဘက် ကုန်သွယ်ရေး လမ်းမတခု ဖြစ်သော ဘူးသီးတောင်-မောင်တော ကားလမ်းမှာ အပိုင်းပိုင်း ကျိုးပျက်သွားကြောင်း သတင်းရရှိသည်။

Butheidaung-maungdow-roadမောင်တောမှ ကုန်သည်မ တဦးက “ကျမ ဒီနေ့ စစ်တွေကို သွားမလို့ ဘူးသီး တောင်ကို ကားနဲ့ ဆင်းတာ။ လမ်းက ကျိုးပျက်ပြီး သွားလာလို့ မရတဲ့အထိ လုံးဝအခြေနေ ဆိုးသွားတော့ မောင်တောကိုပဲ ပြန်လည့်လာရတယ်” ဟု ပြောသည်။

ဘူးသီးတောင်-မောင်တော ကားလမ်းတွင် မောင်တောဘက်ခြမ်း၌ လမ်းသုံးပိုင်း ပိုင်းသွားပြီး ၆ မိုင် တံတားမှာလည်း ပြိုပျက် သွားကြောင်းနှင့် ဘူးသီးတောင် ဘက်ခြမ်း အခြေအနေကို မသိရှိရသေးကြောင်း သူမက ပြောသည်။

အလားတူ နစက ဌာနချုပ်ရှိရာ မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာသို့ သွားရာလမ်းတွင် ရှိသော သုံးမိုင် တံတားမှာလည်း ကျိုးပျက်သွားပြီး ရေထဲ မျောပါသွားကြောင်း ဒေသခံများက ပြောသည်။

“အခုက အဆက်အသွယ် ပြတ်နေပါတယ်။ ဘယ်လိုမှ လမ်းက သုံးလို့ မရတော့ပါဘူး။ ဒီလမ်းကောင်းဖို့ ဘယ်လောက်ကြာမလဲ ဆိုတာတော့ မပြောတတ်တော့ပါဘူး။ တနေ့လုပ် တနေ့စား နေရတဲ့ လူတွေအတွက် အခက်အခဲ ဖြစ်ကြပြီပေါ့။ ကုန်ဈေးနှုန်းတွေ တက်လာမှာကတော့ ပြောစရာလိုမှာ မဟုတ်ပါဘူး” ဟု သူမက ဆက်ပြောသည်။

ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး ဒီရေ တက်လာမူကြောင့် မောင်တောမြို့ရှိ ရပ်ကွက် အများအပြားကို ရေလွမ်းခဲ့သည်ဟု မောင်တောမြို့ခံ တဦးက ပြောသည်။

“မနေ့ည ၈ နာရီလောက်ကတည်းက ဒီရေနဲ့အတူ ရေပြည့်ခဲ့ပါတယ်။ လူတွေက ဆူနာမီ ဖြစ်မလား ဆိုပြီးတော့ တော်တော့ကို အထိတ်တလန့် ဖြစ်သွားကြပါတယ်။ မောင်တော ကမ်းနားလမ်းက လူတွေဆိုရင် အကုန်လုံးနီးပါးဟာ အိမ်ထဲမှာ မနေရဲခဲ့ကြပါဘူး။ အိမ်၊ ခြံထဲတွေအထိ ရေပြည့်ခဲ့ပါတယ်။”

ရေပြည့်ခဲ့သော မြို့ပေါ်ရပ်ကွက်များမှာ အောက်ရွာ၊ ဒက်ရွာ၊ ကမ်းနားလမ်း၊ ဝိမလ၊ စံပြရွာ၊ ရွာသစ်၊ ဗိုလ်မှူးရွာနှင့် တခြား ရပ်ကွက် ကျေးရွာများတွင် ဖြစ်သည်။

၎င်းအပြင် မောင်တောမြို့နယ်ရှိ ကျေးရွာများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် ပုဇွန်ကန်များ ပြိုပျက်သွားခဲ့ပြီး လယ်ကွင်းများတွင်လည်း ရေပြည့်လျှံနေကြောင်း သိရသည်။

လယ်ကွင်းများတွင် ဆားငန်ရေနှင့်အတူ မိုးရေများပါ ပြည့်နေမှုကြောင့် စပါးပင်များ ပျက်စီးသွားမည်ကို လယ်သမားများ အထူးစိုးရိမ် နေကြကြောင်း မောင်တောမြို့နယ် အောက်ပြူးမ ကျေးရွာသား တဦးက ပြောသည်။

လွန်ခဲ့သော ဇွန်လအတွင်းကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မိုးသက်လေပြင်းနှင့်အတူ ရေကြီးမှုကြောင့် ဘူးသီးတောင်နှင့် မောင်တောတွင် လူ ၁၀၀ နီးပါး သေဆုံးသွားခဲ့ပြီး ရာချီသော ပြည်သူများ အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။

ယခု သတင်းရေးသား နေချိန်တွင်လည်း မိုးရွာသွန်းပြီး လေပြင်းနှင့်အတူ ဒီရေများ တက်လာနေသဖြင့် မြို့ပေါ် ရပ်ကွက်များကို တဖန် ရေမြုပ်နိုင်ခြေ ရှိကြောင်း မြို့ခံများက ပြောသည်။

 

 

 

 

 

Most read this week