အလုပ်သမား (၅၀၀) ကျော်၏ လစာကို စက်ရုံတာဝန်ခံက ယူထား

အလုပ်သမား (၅၀၀) ကျော်၏ လစာကို စက်ရုံတာဝန်ခံက ယူထား
by -
ဇော်ကြီး

ထိုင်း-လာအိုနယ်စပ် ခေါန်ကန်မြို့ရှိ ငါးဖမ်းပိုက်စက်ရုံမှ အလုပ်ထွက်ခွင့် တောင်းဆိုသည့် မြန်မာအလုပ်သမား (၅၀၀) ကျော်၏ လုပ်ခ လစာ များကို စက်ရုံတာဝန်ခံက လိမ်ယူ....

ထိုင်း-လာအိုနယ်စပ် ခေါန်ကန်မြို့ရှိ ငါးဖမ်းပိုက်စက်ရုံမှ အလုပ်ထွက်ခွင့် တောင်းဆိုသည့် မြန်မာအလုပ်သမား (၅၀၀) ကျော်၏ လုပ်ခ လစာ များကို စက်ရုံတာဝန်ခံက လိမ်ယူထားသည်။

ခေါန်ကန်မြို့ရှိ ဒစ်ချာဖန်းနစ် (Finishing Net) ငါးဖမ်းပိုက်ထုတ်လုပ်သည့် စက်ရုံအလုပ်သမားများသည် အလုပ်သမား အခွင့် အရေးများ ဆုံးရှုံးရခြင်း၊ ထိုင်းနိုင်ငံသား အလုပ်သမား ခေါင်းဆောင်တို့၏ အနိုင်ကျင့်မှု ခံရခြင်းတို့ကြောင့် အလုပ်မှ နုတ်ထွက်ခွင့် ပြုရန် ယခုလ (၅) ရက်နေ့က တင်ပြတောင်းဆိုခဲ့သည်။

ယင်းကိစ္စကို စက်ရုံတာဝန်ခံမှ ခွင့်ပြုပေးခဲ့သော်လည်း အလုပ်သမားများ၏ လုပ်ခလစာများအား မပေးဘဲ ယူထားသည်ဟု အလုပ်သမားကို ထွန်းထွန်းက ယခုလို ပြောသည်။

“(၆) ရက်နေ့ညနေမှာ စာလာကပ်တယ်။ အလုပ်ထွက်ခွင့်ကို သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနတွေမှာ ပြောပြီးသွားပြီ။ အဲဒီ အတွက် (၇) ရက်နေ့မနက်  ကိုးနာရီကစလို့ ဒီအလုပ်သမားတွေက ဒီစက်ရုံကနေ ထွက်ပေးရမယ်။ လစာကိုလည်း တောမောရုံးမှာ ရှင်းပေးမယ်လို့ စာလာကပ်တယ်။ သူက (စက်ရုံမှူး) ဒီအလုပ်သမား (၅၆၉) ယောက်ရဲ့လစာတွေကို ပေးပြီးပြီ ဆိုပြီး အခု ဗြောင်လိမ် နေတယ်။”

အလုပ်သမားများအား အလုပ်မှ နုတ်ထွက်ခွင့် ပြုမည့် အကြောင်းကို ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ ရုတ်တရက် စက်ရုံမှ မောင်း ထုတ်နေသဖြင့် အလုပ်သမားများ အခက်အခဲ ဖြစ်ကြသည့်အပြင် ထိုင်းလူဝင်မှု ကြီးကြပ်ရေး ရုံးမှတဆင့် နယ်စပ်သို့ ပြန်ပို့မည်ကို စိုးရိမ် နေကြသည်ဟု သိရသည်။

ထို့အပြင် အလုပ်ရှင်မှ အလုပ်သမားများအား ခြိမ်းခြောက်မှုများ ပြုလုပ်ကြောင်း “ဒီမနက် သုံးနာရီခွဲလောက်ကပေါ့နော် လုံခြုံရေး သမားတွေက အလုပ်သမားတွေဖက်ကို သေနတ်နဲ့ နှစ်ခါသုံးခါချိန်လိုက် မိုးပေါ် ထောင်ပစ်လိုက် လုပ်တယ်ဗျ။” ဟု ကိုထွန်းထွန်းက ပြောသည်။

ထိုင်းနိုင်ငံ၏ အလုပ်သမား ဥပဒေအရ အလုပ်သမား လုပ်အားခကို အလုပ်ရှင်ထံ၌သာ ထုတ်ယူရမည်ဟု ပြဌာန်းထားကြောင်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအား ကူညီပေးနေသည့် မက်ဖောင်ဒေးရှင်းမှ ကိုနစ်က ယခုလို ပြောသည်။

“အမှန်မှာ အလုပ်သမား ဥပဒေက ဆိုထားတာ ရှိတယ်။ လစာက သူတို့ အလုပ်လုပ်တဲ့ နေရာမှာပဲ ယူရမယ်။ တောမောရုံးတို့ ဘာတို့မှာ သွားယူလို့ မရဘူးလေ။”

ယနေ့နေ့လည် ၂ နာရီအချိန်က အလုပ်ရှင်မှ အလုပ်သမားများအား ယခုည ၇ နာရီခွဲ အချိန် နောက်ဆုံးထား၍ စက်ရုံတွင်းမှ ထွက်ခွာ သွားရန် နောက်ထပ်စာတစ်စောင် ရေးသား၍ ထုတ်ပြန်ခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အလုပ်သမားများကလည်း မိမိတို့ လိုအပ်ချက်များ ရရှိမှသာ စက်ရုံအတွင်းမှ ထွက်ခွာသွားနိုင်မည်ဟု ပြန်လည် အကြောင်းကြားခဲ့ကြောင်း ကိုထွန်းထွန်းက ယခုလို ပြောသည်။

“ကပ်ထားတဲ့ စာရွက်အတိုင်း ကျနော်တို့ ထွက်ခွာသွားသင့်တာတော့ သေခြာပါတယ်ပေါ့နော်။ ဒါပေမယ့် အလုပ်သမားတို့ ရပိုင်ခွင့် ရှိတဲ့ တရားဝင် စာရွက်စာတမ်းတွေနဲ့ လုပ်အားခငွေများ အားလုံးရှင်းပေးပြီးမှသာ အေးချမ်းစွာနှင့် ထွက်ခွာသွားမည် ဖြစ်ကြောင်း ဆိုပြီး အကြောင်းကြားစာ ပို့လိုက်ပါတယ်။”  

အလုပ်သမားများ အနေနှင့် အလုပ်ရှင်တစ်ဦးမှ အခြားတစ်ဦးထံ ပြောင်းရွှေ့လျှင်သော်လည်းကောင်း၊ အလုပ်မှ နုတ်ထွက်လျှင်သော် လည်းကောင်း လက်ရှိ အလုပ်ရှင်ထံမှ တရားဝင် ပြောင်းရွှေ့၊ နုတ်ထွက်ခွင့် စာများ လွှဲပြောင်းယူရသည်။

လွန်ခဲ့သည့် စက်တင်ဘာလက အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုကြောင့် ယင်းစက်ရုံမှ အလုပ်သမား တစ်ထောင်ခန့် ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။ ထိုစဉ်က တနေ့လျှင် နံနက် ၈ နာရီမှ ည ၈ နာရီအထိ အလုပ်လုပ်ကြရပြီး တရက်လုပ်အားခ ထိုင်းငွေ (၁၇၀) ဘတ် ရခဲ့သည်။

ယခုအခါ တနေ့လျှင် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ အလုပ်လုပ်ကြရပြီး လုပ်အားခ တရက်လျှင် ထိုင်းငွေ ၁၅၇ ဘတ် ပေးမည်ဟု အလုပ်ရှင်ဖက်မှ သဘောတူထားခဲ့သော်လည်း နောက်ပိုင်းတွင် အတိအကျ မရခဲ့ပေ။ လတ်တလော အခြေအနေအရ အလုပ်သမား တစ်ဦးအတွက် လစာငွေ ပျမ်းမျှဘတ် (၄၀၀၀) ခန့်ကို  အလုပ်ရှင်မှ ပေးရန် ကျန်ရှိသည်ဟု သိရသည်။

 

 

 

 

 

Most read this week