ဟိုတယ် ဆောက်ရန် ထူးကုမ္ပ္ပဏီက မြောက်ဦးတွင် မြေသိမ်း

ဟိုတယ် ဆောက်ရန် ထူးကုမ္ပ္ပဏီက မြောက်ဦးတွင် မြေသိမ်း
by -
မောင်အေး

စီးပွားရေးသမားကြီး ဦးတေဇပိုင် ထူးကုမ္ပဏီက ဟိုတယ် ဆောက်လုပ်ရန်အတွက် ရခိုင် ရှေးဟောင်းမြို့တော် မြောက်ဦးတွင် ဒေသခံများ ပိုင်ဆိုင်သည့် လယ်မြေများကို သိမ်းယူ....

စီးပွားရေးသမားကြီး ဦးတေဇပိုင် ထူးကုမ္ပဏီက ဟိုတယ် ဆောက်လုပ်ရန်အတွက် ရခိုင် ရှေးဟောင်းမြို့တော် မြောက်ဦးတွင် ဒေသခံများ ပိုင်ဆိုင်သည့် လယ်မြေများကို သိမ်းယူနေကြောင်း မြို့ခံများက ပြောသည်။

Myanmar-MraukU“အခု သိမ်းဆည်းခံရတဲ့ လယ်ဧက စုစုပေါင်း ၁၅ ဧက ဖြစ်ပါတယ်။ နေရာက မြောက်ဦး ဆေးရုံနဲ့ဆိုရင် ၄ ဖာလုံခန့် ဝေးပါတယ်။ တောင်ဖြူဆည်တို့ အဘောင်တော်ကန်တို့နဲ့ဆိုရင် ပိုနီးပါတယ်” ဟု မြောက်ဦးမြို့ခံ တစ်ဦးက ပြောသည်။

တခြားမြို့ခံ တစ်ဦးကလည်း “သိမ်းတာတော့ ဟုတ်ပါတယ်။ သိပ်မကြာသေးဘူး။ ရက်ပေါင်း ၂၀ လောက်ဘဲ ရှိပါသေးတယ်။ လျော်ကြေး ပေးမယ်လို့ ကြားရပါတယ်။ လုပ်ငန်းတွေတော့ မစသေးဘူး။ သူတို့ ဟိုတယ် ဆောက်မယ်လို့ သိရတယ်။ ဂေါက်ကွင်းလည်း လုပ်မယ်လို့လည်း ကြားရပါတယ်။ ဘယ်တော့ စဆောက်မယ်ဆိုတာတော့ မသိသေးဘူး” ဟု ပြောသည်။

သိမ်းဆည်းခံရသည့် လယ်မြေများတွင် ဥယာဉ်ခြံမြေများ ပါဝင်ပြီး မြေဧကအလိုက် လျှော်ကြေး ပေးမည်ဟု ပြောသော်လည်း မသေချာကြောင်း သူက ဆက်ပြောသည်။

“သူတို့ ပြောတာက မြေတစ်ဧကကို ကျပ် ၂ သောင်းနှုန်းနဲ့ ပေးမယ်လို့ ပိုင်ရှင်တွေကို ခေါ်ပြီး ပြောတာတွေ ရှိပါတယ်။ အခုထိတော့ ငွေမပေးသေးဘူး။ ဥယာဉ်ပိုင်ရှင်တွေ ပိုပြီး နစ်နာတယ်။ ခြံက ထွက်တဲ့ အသီးဖလံတွေကို အားကိုးပြီး ထမင်းစားနေတာ ခြံသိမ်းပြီး ငွေ ၂ သောင်း ပေးမယ် ဆိုတော့ ဘာမှ မထူးဘူး။”

ယခုအခါ မြောက်ဦးမြို့နယ်တွင် ကာလပေါက်ဈေး လယ်တဧကလျှင် ကျပ်ငွေ ၅ သိန်း ဈေးရှိကြောင်း သိရသည်။

ယခု လယ်မြေသိမ်းဆည်းသည့် ကိစ္စနှင့် ပတ်သတ်ပြီး စစ်တွေမြို့မှ နိုင်ငံရေးသမား တဦးက“ လယ်သိမ်းတာ မြေသိမ်းတာက ရခိုင် ပြည်မှာ ရိုးနေပြီ။ ဘာမှ မထူးခြားတဲ့ ကိစ္စပါ။ ကြက်ဆူ စိုက်ဖို့ ဘာစိုက်ပျိုးဖို့ ဆိုပြီး စစ်တပ်က အကြောင်း အမျိုးမျိုး ပြသိမ်းနေတာတွေ အများကြီး ပါဘဲ။ အခု ဖွဲ့စည်းပုံမှာလည်း လယ်မြေတွေကို အစိုးရက ပိုင်တယ်လို့ ပါနေတော့ ပြည်သူတွေ ပိုပြီး ဒုက္ခ ရောက်ကြဦးမယ်” ဟု ပြောသည်။

သို့သော်လည်း ရခိုင်ပညာတတ် လူငယ် တစ်ဦးက ထူးကုမ္ပဏီက တန်ရာတန်ကြေးကို ပေးမည်ဟု သူထင်မြင်ကြောင်း၊ တန်ရာ တန်ဖိုးကို မပေးပါက ဒေသခံများနှင့် ကုမ္ပဏီအကြား ပြဿနာများ ဖြစ်ပွားနိုင်ကြောင်း ပြောဆိုသည်။

 

 

 

 

Most read this week