ပြည်သူ့စစ် လုပ်ရန် ငြင်းဆန်သည့် တပ်မဟာ ၁ နှင့် နအဖ စစ်တပ်ကြား တတိယအကြိမ် တိုက်ပွဲ ဖြစ်ပွါးသည့် နောက်ပိုင်း သီပေါ-လားရှိုးကြား ကားလမ်းတ၀ိုက် အခြေစိုက်လှုပ်ရှားနေကြသည့် တပ်ဖွဲ့အားလုံး တပ်ရုပ်ဆုတ်ခွါရန် ရမခတိုင်းမှူးက အောက်တိုဘာ ၂ ရက်၌ ညွှန်ကြား.....
ပြည်သူ့စစ် လုပ်ရန် ငြင်းဆန်သည့် တပ်မဟာ ၁ နှင့် နအဖ စစ်တပ်ကြား တတိယအကြိမ် တိုက်ပွဲ ဖြစ်ပွါးသည့် နောက်ပိုင်း သီပေါ-လားရှိုးကြား ကားလမ်းတ၀ိုက် အခြေစိုက်လှုပ်ရှားနေကြသည့် တပ်ဖွဲ့အားလုံး တပ်ရုပ်ဆုတ်ခွါရန် ရမခတိုင်းမှူးက အောက်တိုဘာ ၂ ရက်၌ ညွှန်ကြားလိုက်ကြောင်း စုံစမ်းသိရှိရပါသည်။
“အထူးသဖြင့် မိုင်းရယ်-သီပေါကားလမ်းမြောက်ဘက်ခြမ်း၊ မိုင်းရယ်-ဟိုယ-လားရှိုး ကားလမ်းအနောက်ဘက်ခြမ်းအားလုံးနဲ့ ဟိုယ-နမ့်ပေါင် ကားလမ်းတောင်ဘက်ခြမ်းတွေမှာ အခြေစိုက်လှုပ်ရှားနေတဲ့ တပ်မဟာ ၁ တပ်ဖွဲ့အားလုံး တပ်ရုပ်ခိုင်းတာ” ဟု တပ်မဟာ ၁ မိသားစုဝင် တစ်ဦးက ပြော၏။
အဆိုပါ နေရာအချို့၌ နအဖစစ်တပ်က ဆင့်ခေါ်သဖြင့် မိုင်းဟိုင်းအခြေစိုက် လောမား ဦးဆောင်သော ဌာနေပြည်သူ့စစ် မန့်ပန် အခြေစိုက် ဗိုလ်မွန်း ဦးဆောင်သော မန့်ပန်ဌာနေ ပြည်သူ့စစ် တပ်ဖွဲ့နှင့် စိန်ကျော့ပြည်သူ့စစ် အချို့ပူးပေါင်း၍ လှုပ်ရှားလာသည် ဟုလည်း မိုင်းရယ်ဒေသခံ တစ်ဦးက ပြောပြ၏။
“ဦးလွယ်မောဝ်ရဲ့ အိမ်ရှိတဲ့ ဟန်နားက ပြည်သူ့စစ်တွေက ခလရ ၁၄၇ တပ်နဲ့ ပူးပေါင်းလှုပ်ရှားတယ်၊ မိန်းခေး ပြည်သူ့စစ်နဲ့ နအဖ စစ်တပ် ပူးပေါင်းပြီးတော့လဲ ကားလမ်း လုံခြုံရေး ဆိုပြီး လှုပ်ရှားတာ တွေ့ရတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။
SSA-N တပ်မဟာ ၁ တပ်ဖွဲ့များ တပ်ရုပ်ခြင်း မရှိပါက မည်သို့မည်ပုံ အရေးယူမည်ကိုမူ မပြောဟု ဆို၏။ ဗိုလ်ချုပ် ပန်ဖ ဦးဆောင်သည့် သျှမ်းပြည်တပ်မတော် တပ်ဖွဲ့ကလည်း ယနေ့ထိ တပ်ရုပ်ထွက်ခွါပေးခြင်း တစုံတရာ မရှိသေးကြောင်း လားရှိုးရောက် ကုန်သည် တဦးက ပြောပါသည်။
ထို့အတူ အောက်တိုဘာ ၃ ရက်နေ့က လားရှိုးမှ လာသော နအဖ တုန်းဖုန်း စစ်ကား ၄ စီးကလည်း စစ်သား အပြည့်ဖြင့် မိုင်းရယ်ဘက် ထပ်မံရောက်ရှိနေသော်လည်း “တပ်မဟာ ၁ ကတော့ လွယ်လွယ်နဲ့ တပ်ရုပ်ပြန်မယ့်ပုံ မပေါ်ဘူး” ဟု အသက် ၃၀ ကျော် မိုင်းရယ် လူငယ် အမျိုးသားတဦးက ပြောပြပါသည်။
စက်တင်ဘာ ၃၀ ရက် ပြည်သူ့စစ် အသွင်ပြောင်းလိုက်သည့် ဌာနချုပ် စိန်ကျော့၏ အရှေ့ဖက် မိုင်းရယ်နှင့် သီပေါကြားမိုင်းရယ် အနောက်ဘက် ကောင်းနျုရွာအနီး ခမရ (၃၂၅) အင်အား ၅၀ ကျော်ပါ စစ်ကြောင်းက အင်အား ၇ ယောက်သာ ရှိသည့် သဋမ်း တပ်ဖွဲ့တပ်စခန်း တခုကို ၀င်စီးခဲ့ရာ မိနစ်ပိုင်း တိုက်ပွဲ ဖြစ်ပြီး အင်အားချင်းမမျှသဖြင့် စခန်းက ဆုတ်ခွာပေးခဲ့ရသည်။ နှစ်ဘက်စလုံး သေကြေဒဏ်ရာ ရခြင်း မရှိဟု သျှမ်းတပ်ဖွဲ့နှင့် နီးစပ်သူ တဦးက ပြောပါသည်။
ထို့အတူ တောင်ပိုင်း ၀ တပ်ဖွဲ့အားလည်း မြောက်ပိုင်းသို့ တပ်ရုပ်ပြန်ရန် သျှမ်းပြည်တောင်ပိုင်း မိုင်းတုံအခြေချ စစ်ဗျူဟာမှူးက “အသွင်ပြောင်းရေး ဆွေးနွေးညှိနှိုင်းဖို့ ဆိုတာ ခင်ဗျားတို့အတွက် အချိန်လွန်သွားပြီ။ ခင်ဗျားတို့လမ်း ၃ ခုဘဲ ရွေးဖို့ ရှိတယ်။ မြောက်ပိုင်းကို တပ်ရုပ်ပြန်မလား။ လက်နက် အပြီးချမှာလား၊ ဒါမှမဟုတ် ပြန်တိုက်မလား” ဟု ပြောကြောင်း တောင်ပိုင်း ၀ တပ်မှူးက ပြောပြပါသည်။