ရွေးကောက်ပွဲကော်မရှင်မှ ဒေသခံများထံ ငွေကြေး ကောက်ခံ

ရွေးကောက်ပွဲကော်မရှင်မှ ဒေသခံများထံ ငွေကြေး ကောက်ခံ

ရွေးကောက်ပွဲ ဖောင်ပုံစံ (မဲစာရွက်) များအတွက် ကရင်နီပြည် လွိုင်ကော်မြို့ အနီးရှိ ကျေးရွာများအား ရွေးကောက်ပွဲ ကော်မရှင်မှ တစ်အိမ် ထောင်လျင် ကျပ် ၅၀၀ စီ ကောက်ခံ....

ရွေးကောက်ပွဲ ဖောင်ပုံစံ (မဲစာရွက်) များအတွက် ကရင်နီပြည် လွိုင်ကော်မြို့ အနီးရှိ ကျေးရွာများအား ရွေးကောက်ပွဲ ကော်မရှင်မှ တစ်အိမ် ထောင်လျင် ကျပ် ၅၀၀ စီ ကောက်ခံနေသည်ဟု ဒေသခံများက ပြောကြပါသည်။

“ကျပ်ငွေ ၅၀၀ ဆိုတာ တကယ်တော့ မခက်ခဲပေမယ့် ဒါကို ပေးရတာကို မကျေနပ်ဘူး” ဟု လွိုင်ကော် ဒေသခံ တစ်ဦးမှ ပြောသွားပါသည်။

ဆက်လက်ပြီး အမည်မဖော်လိုသူ ဒေသခံ တဦးကလည်း “ဘာကြောင့် မဲစာရွက်ကို ကျနော်တို့ ၀ယ်ရတာလဲ မသိဘူး။ ကျနော်တို့ မထည့်ချင်တဲ့၊ မလိုချင်တဲ့ မဲတွေကို ကျနော်တို့ ကိုယ်ပိုင်ငွေတွေနဲ့ ၀ယ်နေရတယ်။ မဲထည့်တဲ့ အချိန်လည်း မရောက်သေးဘူး” ဟု ပြောသည်။

စက်တင်ဘာလ ၅ ရက်နေ့က လွိုင်ကော်မြို့နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌမှ နွားလပိုးကျေးရွာ ရွာသူကြီးနှင့် လက်ထောက်ရွာ သူကြီးအား ခေါ်ယူပြီး မြို့နယ်ရုံးဆောက်လုပ်ရန်နှင့် ပြည်လုံးကျွတ် ရွေးကောက်ပွဲအတွက် တအိမ်ထောင်လျှင် ကျပ် ၅၀၀ ကောက်ယူခိုင်းပါသည်။  

ထို့အပြင် ယခင်လကလည်း ဒီးမော့ဆိုမြို့နယ်အတွင်းရှိ တေးဆိုလဲနှင့် ဆိုဘောသဲ ဒေသဘက်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ စည်းရုံးရေး ဆင်းရင်း ဒေသခံများကို ပါတီဝင်ကြေးဟု ဆိုကာ တဦးလျင် ကျပ် တစ်ထောင်မှ နှစ်ထောင် ကောက်ခံသည်ဟု ဒီးမော့ဆိုမြို့နယ် ဒေသခံတဦးက ပြောသည်။

ကရင်နီပြည်ရှိ ဒေသခံများသည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး တစုံတရာ ပြောပြခံထားရခြင်း မရှိခြင်း၊ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် အမတ်လောင်းများ အကြောင်း၊ ကိုယ်စားလှယ်များ အကြောင်း၊ ရွေးကောက်ပွဲ အကြောင်း၊ ပါတီအကြောင်းနှင့် ၎င်းတို့၏ ရပ်တည်ချက်များကို မသိရှိသည့်အပြင် မည်သူမှလည်း ပြောပြခြင်းများ မရှိဟု ပြောဆိုကြပါသည်။

“လူတွေက စစ်အစိုးရအတွက် မဲထည့်ပေးရမှာကိုပဲ သိပါတယ်။ အကယ်၍ သူတို့ (ဒေသခံ)တွေသာ အတင်းအကြပ် ခိုင်းစေခံရမယ် ဆိုရင်တော့ သူတို့ (ဒေသခံ) မဲထည့်ပေးရလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ဒါပေမယ့် ရွေးချယ်ခွင့်သာ ရှိမယ်ဆိုရင်တော့ စစ်အစိုးရရဲ့ လူတွေကို သူတို့ လက်ခံမှာ မဟုတ်ပါဘူး” ဟု လွိုင်ကော်မြို့မှ လူငယ်တဦးက ပြောသွားပါသည်။

ရွေးကောက်ပွဲ ဥပဒေတွင် မည်သည့် ရွေးကောက်ပွဲဖြစ်ဖြစ်၊ ကုန်ကျစရိတ်များကို အစိုးရကသာ ကျခံပေးရပြီး ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း အစိုးရသာလျင် တာဝန်ယူ ကျင်းပပေးရသည်။

ရွေးကောက်ပွဲ ကော်မရှင်နှင့် ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီများ၊ ကိုယ်စားလှယ်များက ဒေသခံ လူထုဆီမှ ငွေကြေး တစုံတရာကို မည်သည့် အကြောင်းပြချက်ဖြင့် ကောက်ခံခွင့် မရှိပေ။ သို့သော် ရွေးကောက်ပွဲ ၀င်မည့် ပါတီများမှ လူထုအား ၎င်းတို့ လိုအပ်သည့် ရန်ပုံငွေများကို ထည့်ဝင် ပေးရန် တောင်းခံပိုင်ခွင့်တော့ ရှိသည်ဟု သထုံမဲဆန္ဒနယ် အမှတ် ၁ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PLNO အထွေထွေအတွင်းရေးမှူး ဦးခွန်မြင့်ထွန်းက ရှင်းလင်းပြောဆိုသွားသည်။

၎င်းက “ရွေးကောက်ပွဲ ၀င်မယ့် နိုင်ငံရေး ပါတီတွေ၊ ရွေးကောက်ပွဲ ၀င်မယ့် ကိုယ်စားလှယ်တွေ အနေနဲ့ဆိုရင် လူထုဆီက ပိုက်ဆံကို တောင်းခွင့် တော့ရှိတယ်။ ဒါပေမယ့် ကောက်ခွင့် မရှိဘူး။ တောင်းတာနဲ့ ကောက်တာ မတူဘူး။ တောင်းတာက မဖြစ်မနေပေါ့ဗျာ။ အတင်းအဓမ္မ ယူတဲ့ဟာ ဒါက ကောက်တာပေါ့။ ဘယ်လောက်နှုန်း ဆိုပြီး သတ်မှတ်ပြီးတော့ ကောက်တာ။ အဲလိုကောက်ခံခွင့်က ရွေးကောက်ပွဲ ကော်မရှင်မှာရော ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေရော၊ ကိုယ်စားလှယ်တွေမှာပါ အဲဒီအခွင့်အလမ်း မရှိပါဘူး” ဟု ပြောကြားသွားသည်။

ရွေးကောက်ပွဲ ကော်မရှင်သည် ဒိုင်လူကြီး အနေဖြင့် ဆောင်ရွက်ပေးရမည် ဖြစ်၍ လူထုဆီမှ ရွေးကောက်ပွဲ အကြောင်းကိစ္စရပ်ပေါ် မူတည်ပြီး ကောက်ခံခွင့်လည်း မရှိသည့်အပြင် တောင်းခံခွင့်လည်း မရှိပါ။