ဒီကေဘီအေ ဗိုလ်စောကျော်သက် အဖွဲ့အား ဖမ်းဆီးရန် စီစဉ်နေပြီ

ဒီကေဘီအေ ဗိုလ်စောကျော်သက် အဖွဲ့အား ဖမ်းဆီးရန် စီစဉ်နေပြီ
by -
မင်းထက်အောင်

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြဝတီရဲစခန်းကို သေနတ်ဖြင့် ဝိုင်းရံခဲ့သော ဒီကေဘီအေ ဗိုလ်စောကျော်သက်နှင့် တပ်ဖွဲ့ဝင် (၂၀) ယောက်တို့အား မြဝတီရဲစခန်းမှ အမှုဖွင့်ထားကြောင်း ခိုင်လုံသော သတင်းရပ်ကွက်များမှ သိရ.....

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြဝတီရဲစခန်းကို သေနတ်ဖြင့် ဝိုင်းရံခဲ့သော ဒီကေဘီအေ ဗိုလ်စောကျော်သက်နှင့် တပ်ဖွဲ့ဝင် (၂၀) ယောက်တို့အား မြဝတီရဲစခန်းမှ အမှုဖွင့်ထားကြောင်း ခိုင်လုံသော သတင်းရပ်ကွက်များမှ သိရသည်။

“ဥပဒေနှင့်အညီ သိမ်းဆည်းထားတဲ့ မော်တော်ယာဉ်တွေကို လက်နက်များဖြင့် ချိန်ရွယ်လုယက်ခြင်း၊ လက်နက်များဖြင့် အများပြည်သူ အထိတ်တလန့် ဖြစ်အောင် ပြုလုပ်ခြင်း စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်လိုက်တယ်” ဟု ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦး ပြောသည်။

စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဒုရဲအုပ်စိုးနိုင်ဝင်းမှ တိုင်တန်းသဖြင့် မြ၀တီရဲစခန်း၌ အမှုဖွင့်လှစ်ပြီး ရဲအုပ်စခန်းမှူး အောင်မျိုးလွင် စစ်ဆေး ဆောင်ရွက်လျှက်ရှိသည်ဟု သိရသည်။

သို့ရာတွင် ဗိုလ်စောကျော်သက်သည် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးထံ အသနားခံစာ တင်ခဲ့သော်လည်း တိုင်းမှူးမှ လက်မခံဟု သိရသည်။

“ဒီကိစ္စမှာ ပါတဲ့ ဒီကေဘီအေ အဖွဲ့တွေကိုလည်း ဆင့်ခေါ်ထားတယ်၊ ကားတွေကိုလည်း ပြန်မပေးတော့ဘူး၊ နောက်အခါ ဒီလိုပြဿနာမျိုး ထပ်ဖြစ်ရင် ပစ်မိန့်ရထားပြီ” လည်း မြဝတီအာဏာပိုင်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
DKBA_2010
နယ်ခြားစောင့်တပ်ဖွဲ့ (၁၂) တပ်ရင်း တပ်အသွင် ပြောင်းလဲခဲ့ပြီး သော်လည်း လက်ကျန် ဒီကေဘီအေ တပ်ဖွဲ့ဝင် အများအပြား ကျန်ရှိနေသေးသဖြင့် ၎င်းတပ်ဖွဲ့များ ရပ်တည်ရေးအတွက် ဘဏ္ဍာငွေများ လိုအပ်နေသည်ဟု သိရသည်။

ဒီကေဘီအေ ရပ်တည်ရေးအတွက် ရံပုံငွေများ ရှာဖွေရေး လုပ်ငန်းတွင် ထိုင်းနယ်စပ်မှ ဇိမ်ခံကားများအား အာဏာပိုင်များနှင့် နားလည်မှု ရယူကာ ပြည်တွင်းသို့ ပို့ဆောင်ပေးခဲ့သည်မှာ ဆယ်စုနှစ်ကျော် ကြာမြင့်ခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၂၁) ရက်နေ့ ညနေပိုင်းတွင်  မြ၀တီခရိုင် ရဲတပ်ဖွဲ့မှူး ရုံးရှေ့သို့ ဗိုလ်စောကျော်သက် ဦးဆောင်အဖွဲ့မှ လက်နက်မျိုးစုံ ကိုင်ဆောင်ကာ ၎င်းရက်ပိုင်းအတွင်း သိမ်းဆည်းထားသော ဒီကေဘီအေ မော်တော်ယာဉ်များ ပြန်လည်တောင်းယူရာမှ အခင်းဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဗိုလ်စောကျော်သက် အဖွဲ့လှုပ်ရှားမှုအား စစ်အစိုးရတပ်ဖွဲ့မှ အနီးကပ် စောင့်ကြည့်နေသည်ဟု သိရသည်။ ထို့အပြင် မြဝတီမြို့ပေါ်ရှိ မြင့်မားသော တိုက်တာအဆောက်အဦးများ ပေါ်တွင်လည်း စစ်အစိုးရ တပ်ဖွဲ့များ နေရာယူထား မျက်မြင်တွေ့ရှိသူများ ဆက်သွယ် ပြောကြား ချက်အရ သိရသည်။

အဆိုပါ ဖြစ်ရပ်သည် ပြီးခဲ့သည့် လတွင် ကရင်နယ်ခြားစောင့်တပ်များ ဖွဲ့စည်းအပြီး စစ်အစိုးရနှင့် ဒီကေဘီအေအကြား ပထမဆုံးအကြိမ် ဖြစ်ပေါ် ခဲ့သော တင်းမာမှုကြီး ဖြစ်သည်။

နောက်ဆုံး ဝင်ရောက်လာသော သတင်းအရဆိုပါ ဗိုလ်စောကျော်သက် အဖွဲ့သည် ၎င်းစခန်းမှ ယနေ့နံနက်ပိုင်းတွင် အခြားတနေရာသို့ တိမ်းရှောင် သွားသည်ဟု သိရသည်။