ရတပ ပါတီ၏ ရွေးကောက်ပွဲ ခရီးစဉ် နှောင့်ယှက်မူ မျိုးစုံနှင့် ရင်ဆိုင်နေရ

ရတပ ပါတီ၏ ရွေးကောက်ပွဲ ခရီးစဉ် နှောင့်ယှက်မူ မျိုးစုံနှင့် ရင်ဆိုင်နေရ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို စက်တင်္ဘာလ ၂၃ ရက်နေ့က စတင်နိုင် ခဲ့သော်လည်း နည်းလမ်း ပေါင်းစုံနှင့် အာဏာပိုင်များကို နှောင့်ယှက်မူကို ခံနေကြရ.....

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို စက်တင်္ဘာလ ၂၃ ရက်နေ့က စတင်နိုင် ခဲ့သော်လည်း နည်းလမ်း ပေါင်းစုံနှင့် အာဏာပိုင်များကို နှောင့်ယှက်မူကို ခံနေကြရကြောင်း သတင်း ရရှိသည်။

ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်မှ ထိုကဲ့သို့ နှောင့်ယှက်ခံနေရမူကို ယခုကဲ့သို့ ပြောသည်။
RNDP-election-campaign-pic-2
“ကျွန်တော်တို့ စက်တင်္ဘာလ ၂၃ ရက်နေ့မှာ စစ်တွေ အောင်မင်္ဂလာ ရပ်ကွက်ကနေပြီးတော့ မဲဆွယ် စည်းရုံး ရေးကို စတင်ခဲ့ပါတယ်။ ညနေ ၆ နာရီက ၈ နာရီထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ လူပေါင်း ၂၀၀ ခန့် လာပါတယ်။ ဒါပေမယ့်လို့ သက်ဆိုင်ရာ ရဲစခန်းမှူးတွေ လာတယ်။ ဓါတ်ပုံတွေ ရိုက်တယ်။ ဒါ့အပြင် ရပ်ကွက် ရယက ဥက္ကဌ ကပါ လာပြီးတော့ တက်ရောက်တဲ့ သူတွေကို ဓါတ်ပုံ ရိုက်တယ်။ ဓါတ်ပုံ ရိုက်တော့ လူတွေက ကြောက်ကြ တာပေါ့။ ခုလို လုပ်တဲ့အခါ အမျိုးသားတွေက တက်ရောက် နားထောင်ဆွေးနွေးချင်ပေမယ့်လို့ ကြောက်တဲ့ အတွက် မလာရဲတော့ဘူး။ ခုလို အခက်အခဲတွေကို ကြုံနေ ပါတယ်။”

အောင်မင်္ဂလာ ရပ်ကွက်တွင် ပြုလုပ်ခဲ့သော မဲဆွယ်စည်းရုံးပွဲသို့ တက်ရောက်ခဲ့သူ အများစုမှာ အမျိုးသမီးများ ဖြစ်ကြသည်။

“ကျွန်တော်တို့ နောက်တစ်နေ့ စက်တင်္ဘာလ ၂၄ ရက်နေ့မှာ မောင်နီပြင်ကျေးရွာမှာ လုပ်တော့လည်း ရေချမ်းပြင် ရဲစခန်းမှူးက ရောက်နေပြီ ကားကို ရွာထဲမှာ ရပ်ထားတော့ လူတွေက မလာရဲတော့ဘူး။ အမျိုးသမီးတွေ လာကြ တယ်။ မောင်နီပြင်မှာလည်း ရဲရော၊ သူတို့နဲ့ ပါတဲ့ မွတ်ဆလင် တစ်ဦးရော၊ ရယက ဥက္ကဌကပါ ဓါတ်ပုံတွေ ရိုက်တော့ လူတွေက အားလုံး ကိုယ့်အိမ်ထဲကို ကိုယ်ပြန်ဝင်သွားကြပါတယ်။ တချို့အမျိုးသမီးတွေလည်း အိမ်ဝင်းထဲက ခေါင်းပြူ ကြည့်ပြီးတော့ မလာရဲတော့ဘူး။ လက်ရှိ ကျွန်တော်တို့ ကြုံနေကြရတဲ့ အခက်အခဲ တချို့ပါဘဲ” ဟု ဥက္ကဌက ပြောသည်။

မောင်နီပြင် ကျေးရွာတွင် ပြုလုပ်သော မဲဆွယ်စည်းရုံးပွဲတွင် လူပေါင်း ၁၀၀ ခန့်သာ တက်ရောက်ခဲ့ပြီး အများစုမှာ အမျိုးသမီးများ ဖြစ်ကြသည်။ လွတ်လပ်စွာ လုပ်၍ ရသော အဆောက်အဦးများ မရှိခြင်း၊ ဘုန်းတော်ကြီး ကျောင်း များတွင် မလုပ်ရဟု တားမြစ်ထားသဖြင့် မိုးရွာလာ၍ နေ့လည် ၂ နာရီမှ ၃ နာရီထိသာ အစည်းအဝေးကို ပြုလုပ် နိုင်ခဲ့ကြောင်း သိရသည်။

မဲဆွယ်စည်းရုံးပွဲသို့ ရဲသားများ လာခြင်းမှာ လုံခြုံရေး အတွက်ဟု အကြောင်းပြသော်လည်း အစည်းအဝေး တက်ရောက်သူ ရွာသားများကို ဓါတ်ပုံ ရိုက်ခြင်းမှာ ကျေးရွာသားများကို သွယ်ဝိုက်၍ ခြိမ်းခြောက်သည့် လုပ်ရပ်ပင် ဖြစ်ကြောင်း ဥက္ကဌ ဒေါက်တာ အေးမောင်က သုံးသပ်ပြောဆိုသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင်ပင် မဲဆွယ်စည်းရုံးရာ လုပ်ရာ၌ ယခုကဲ့သို့ နှောင့်ယှက်မူမျိုး လုပ်လျှင် နယ်ကျေးလက် တောရွာများတွင် ပိုမို၍ အခြေအနေ ဆိုးနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။

 

 

 

 

 

Most read this week