ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လာမည့် ရွေးကောက်ပွဲတွင် ၎င်းတို့ ပါတီအား မဲထည့်မည့် သူများ၏ လက်မှတ်များကို တိတ်တဆိတ် ကောက်ခံ....
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လာမည့် ရွေးကောက်ပွဲတွင် ၎င်းတို့ ပါတီအား မဲထည့်မည့် သူများ၏ လက်မှတ်များကို တိတ်တဆိတ် ကောက်ခံနေကြောင်း သိရပါသည်။
“မဲထည့်ပေးမယ်ဆိုရင် လက်မှတ်ထိုးရတယ်။ ပြီးရင် ပါတီဝင်ကဒ် လုပ်ပေးမယ်” ဟု ကြံ့ခိုင်ရေး ပါတီဝင် တစ်ဦးက ပြောသည်။
ထိုလုပ်ငန်းစဉ်ကို ၎င်းတို့နှင့် ရင်းနှီးကျွမ်းဝင်သူများဆီသို့  တိတ်တဆိတ် သွားရောက်ကာ လုပ်ဆောင်နေကြောင်း၊ ကျေးရွာကြီးများတွင် ထိုကဲ့သို့  လုပ်ဆောင်နေသော်လည်း ရွာငယ်များတွင် မလုပ်ဆောင်ရသေးကြောင်း အထက်ပါ ပါတီဝင်က ပြောသည်။
ကြံ့ခိုင်ရေး ပါတီသို့ ဝင်ရန် လက်မှတ်ထိုးသူများသည် တရားမဝင် ထိုင်းကောလက်ဖုန်းများ ဖွင့်ခြင်း၊ ချဲရောင်းခြင်း၊ ဘောလုံးပွဲ လောင်းကစားခြင်း၊ ဆိုင်ခန်းများ ဖွင့်ခြင်း စသည့် ပြဿနာများ ဖြစ်ပါက ထိုပါတီဝင်တို့မှ ဝင်ရောက်ဖြေရှင်းပေးမည်ဟု မုဒုံမြို့မှ စီးပွားရေးသမား တစ်ဦးက ပြောသည်။
ကြံ့ခိုင်ရေး ပါတီဝင်များသည် အခြားပါတီဝင်များကဲ့သို့ ကျေးရွာအတွင်း စည်းရုံးလှုံ့ဆော်ခြင်း မပြုပဲ ယခုကဲ့သို့ ၎င်းတို့ပါတီအား မဲထည့်မည့် သူများကို အခွင့်အရေး ပေးပြီး တိတ်တဆိတ် စည်းရုံးနေသည်မှာ တရားမျှတသော ရွေးကောက်ပွဲ မဖြစ်နိုင် ဟု မုဒုံမြို့နယ်ရှိ နိုင်ငံရေးလေ့လာသူ မွန်အမျိုးသား တစ်ဦးက ပြောသည်။
ကြံ့ခိုင်ရေး ပါတီသည် တစ်ရွာလျှင် အမာခံ ပါတီဝင် (၅) ဦးခန့် ရှိပြီး အမာခံ ပါတီဝင်များမှတဆင့် ၎င်းတို့၏ ဆွေမျိုးများနှင့် ရင်းနှီးသူများကိုသာ မဲဆွယ် စည်းရုံးခဲ့သည်။
သို့သော်လည်း လွန်ခဲ့သည့် သီတင်းပတ်တွင် မွန်အမျိုးသား ဝတ်စုံ အပြည့်ဖြင့် ‘ကျနော်တို့လည်း မွန်တွေပဲ၊ ကျနော်တို့ကိုလည်း မဲထည့်ပေးကြပါ’ ဟု ကျေးရွာ အချို့တွင် လိုက်လံစည်းရုံးခဲ့သည်။
သတ္တုတွင်း ဝန်ကြီး ဗိုလ်ချုပ် အုန်းမြင့်၏ ကြံ့ခိုင်ရေးပါတီ မွန်ပြည်နယ် စည်းရုံးရေး ခရီးစဉ်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ရွေးကောက်ပွဲ တွင် အနိုင်ရပါကလည်း အစိုးရသစ် မဖွဲ့စည်းနိုင်ကြောင်း၊ ကြံ့ခိုင်ရေး ပါတီသာလျှင် အစိုးရသစ် ဖွဲ့စည်းနိုင်မည် ဖြစ်ကြောင်း၊ မွန်ပါတီမှ ပြည်သူလူထု အကျိုးအတွက် ဆောင်ရွက်ခဲ့သည် မရှိဘဲ ကြံ့ခိုင်ရေးပါတီသာ ပြည်သူများအတွက် လမ်း၊ တံတား တည်ဆောက်ပေးခြင်း၊ စေတီပုထိုး တည်ထား ပေးခြင်း၊ စာသင်ကျောင်းများ ဆောက်လုပ်ပေးခြင်းများကို ပြုလုပ်ပေးခဲ့ကြောင်း ဗိုလ်ချုပ် အုန်းမြင့်က ပြောကြားခဲ့သည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) သည်လည်း ကြံ့ခိုင်ရေး ပါတီကဲ့သို မိမိတို့သည်လည်း မွန်လူမျိုးများ ဖြစ်၍ မိမိတို့ ပါတီကိုလည်း မဲပေးကြရန် စည်းရုံးနေကြပြီး ပြည်သူများမှာ မည်သည့် ပါတီအား မဲပေးရန် မဝေခွဲတတ်ကြောင်း မုဒုံမြို့နယ်မှ လူငယ်တစ်ဦးက ပြောသည်။