မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စပ်လျဉ်း၍ `နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့ရန်´ ထောက်ခံပါကြောင်း သောကြာနေ့က ကျင်းပခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် အစည်းအဝေး၌ ပြင်သစ် ကိုယ်စားလှယ် Jean-Baptiste Mattei က ပြောကြား....
မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စပ်လျဉ်း၍ `နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့ရန်´ ထောက်ခံပါကြောင်း သောကြာနေ့က ကျင်းပခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် အစည်းအဝေး၌ ပြင်သစ် ကိုယ်စားလှယ် Jean-Baptiste Mattei က ပြောကြားခဲ့သည်။
Jean-Baptiste Mattei ၏ သဘောထားမှတ်ချက်များကို သောကြာနေ့က ကျင်းပခဲ့သော အစည်းအဝေး မှတ်တမ်း အကျဉ်းချုပ်တွင် ဖော်ပြထားပြီး ကုလလူ့အခွင့်အရေး မဟာမင်းကြီးရုံး ဝဘ်ဆိုဒ်တွင် မကြာသေးခင်က ဖော်ပြထားသည်။
ဤသည်မှာ ကုလစုံစမ်းရေး ကော်မရှင်ဖွဲ့ရန် ထောက်ခံသည့် သြစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဟန်ဂေရီ၊ စလိုဗက်ကီးယား၊ အမေရိကန် ပြည်ထောင်စုတို့ပြီးလျှင် ပြင်သစ်သည် အဋ္ဌမမြောက် နိုင်ငံအဖြစ် ပေါ်ထွက်လာခြင်း ဖြစ်သည်။
ကော်မရှင်ဖွဲ့ရေးကို နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ AI နှင့် လူ့အခွင့်အရေး စောင့် ကြည့်ရေး အဖွဲ့ HRW ကဲ့သို့သော လူ့အခွင့်အရေး အဖွဲ့များ ကလည်း ထောက်ခံထားပြီး၊ စစ်အစိုးရ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို အထောက်အထားများနှင့်တကွ အစီရင်ခံစာများဖြင့် တင်ပြထားကြသည်။
ပြင်သစ်၏ ယခုလို ရပ်တည်ချက်အပေါ် ယူအက်စ် ကင်ပိန်းဖော်ဘားမား USCB မှ အမှုဆောင် ဒါရိုက်တာ ဦးအောင်ဒင်က ကြိုဆိုလိုက်ပြီး၊ ’’ပြင်သစ် အခုလို ပါလာတာ အပြုသဘောဆောင်တဲ့ ဖြစ်ထွန်းမှုပါ’’ ဟု ဆိုသည်။ ဦးအောင်ဒင်သည် နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်ပြီး နိုဝင်ဘာလ ၇ ရက် နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ သပိတ်မှောက်ရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းမှ တာဝန်ရှိသူတဦး ဖြစ်သည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ စုံစမ်းစစ်ဆေးသူ ကုလလူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေးကင်တားနား Tomas Ojea Quintana ကလည်း မတ်လ ထဲတွင် ကုလ လူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံစာတစောင် တင်သွင်းခဲ့သေးသည်။ အစီရင်ခံစာတွင် မြန်မာ နိုင်ငံ၌ `စနစ်တကျနှင့် ပြောင်ပြောင်တင်းတင်း´ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟု ရေးသားထားသည်။ မြန်မာနိုင်ငံတွင် ကျူးလွန် နေသော ’’နိုင်ငံတကာ ရာဇဝတ်မှုများ ကိုင်တွယ်ဖြေရှင်းရေးအတွက် အချက်အလက် စုံစမ်းရှာဖွေရေး လုပ်ပိုင်ခွင့် တိတိကျကျ ရှိသည့် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး’’ ကို ကုလသမဂ္ဂက စဉ်းစားပါရန်လည်း ထည့်သွင်းတောင်းဆိုထားသည်။
ကုလ လူ့အခွင့်အရေး ကော်မရှင်၏ သောကြာနေ့ အစည်းအဝေး၌ နော်ဝေ၊ အမေရိကန်၊ အိုင်ယာလန်၊ ဆွစ်ဇာလန်၊ ဂျပန် အပါအဝင် နိုင်ငံ အများအပြားက မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေများကို၎င်း၊ တိုင်းရင်းသား လူနည်းစုများအပေါ် ဆက်ဆံကိုင်တွယ်ပုံကို၎င်း၊ အကြီး အကျယ် ဝေဖန်ခံနေရသည့် အမျိုးသား ရွေးကောက်ပွဲများအပေါ်တွင်၎င်း၊ သူတို့အနေဖြင့် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။
အဆိုပါ စွပ်စွဲချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဖြေကြားရန် ခွင့်ပြုထားသော အချိန်အတွင်း မြန်မာစစ်အစိုးရက ပြန်လှန်တိုက်ခိုက် ဝေဖန်ခဲ့သည်။
’’မြန်မာနိုင်ငံအပေါ် စွပ်စွဲချက် အားလုံးသည် လုံးဝမှားယွင်းနေပြီး အခြေအမြစ်လည်း မရှိပါ။ မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဟူ၍ မရှိပါ။ သူပုန်အဖွဲ့ ၁၈ ဖွဲ့အနက် ၁၇ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်း ရယူနိုင်ခဲ့ပြီး ဖြစ်သည်။ တပ်မတော်သည် စစ်ရေးအရ ကျူးကျော်ရန်စမှုများကို ပြုလုပ်ခဲ့ခြင်း မရှိဘဲ သောင်းကျန်းမှု နှိမ်နင်းရေးများကိုသာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အပြစ်ပေး အရေးယူ ခံရခြင်း မရှိဘဲ၊ လွတ်ငြိမ်းခွင့် ပေးသည်ဆိုသော ကိစ္စနှင့် စပ်လျဉ်း၍ အမျိုးသားဥပဒေတရပ်ရပ်ကို ကျူးလွန်ဖောက်ဖျက်သူ မည်သည့် တပ် မတော်သား မဆို တရားဥပဒေအရ ပေးအပ်သော ပြစ်ဒဏ်ကို ခံယူရမည်။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ မရှိသည့်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်လည်း မလိုအပ်ပါ’’ ဟု ပြောဆိုထားသည်။
ပြင်သစ်အစိုးရက ရိုးမားလူမျိုး (ဂျစ်ပဆီဟု သိကြသူများ) ကို ရိုမေးနီးယားနှင့် ဟန်ဂေရီ နိုင်ငံများသို့ ပြန်ပို့ခဲ့သည်များကို တရုတ်အစိုးရက ရည်ညွှန်းပြောကြားခဲ့သည့်အတွက်မူ အစည်းအဝေး တက်ရောက်သူ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်များ နှလုံးခွေ့သွားဖွယ်ရှိသည်။
ရိုးမားလူမျိုး ထောင်ပေါင်းများစွာကို အရှေ့ဥရောပနိုင်ငံများသို့ ပြန်ပို့ရန် သမ္မတ နီကိုလတ်စ် ဆာကိုးဇီး ပြီးခဲ့သောလက ဆုံးဖြတ်ခဲ့သဖြင့် ဥရောပ အိမ်နီးချင်း နိုင်ငံများကရော၊ ပြည်တွင်းရှိ လူ့အဖွဲ့အခွင့်အရေးအဖွဲ့များကပါ အပြင်းအထန် ဝေဖန်ဆန့်ကျင်ခဲ့ကြသည်။ ပြင်သစ်သည် ကုလလုံခြုံရေး ကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်သည်။ အဆိုပါ ရိုးမားလူမျိုးများသည် ဥရောပသမဂ္ဂဝင် နိုင်ငံသားများဖြစ်သဖြင့် ဥရောပသမဂ္ဂဝင် နိုင်ငံများတွင် မည်သည့်နိုင်ငံ၌မဆို တရားဝင် နေထိုင်ခွင့်ရှိသည်။
မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲချက်များကို အဆိုပါ အစည်းအဝေးတွင် အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ခဲ့သည့် အခြားနိုင်ငံများမှာ မြောက်ကိုရီးယားနှင့် အီရန် ဖြစ်သည်။
အစည်းအဝေး မှတ်တမ်းအကျဉ်းချုပ် အပြည့်အစုံကို ဤနေရာတွင် ဖတ်ရှုနိုင်သည်။