ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲ ဆန့်ကျင်သည့် ပို့စကဒ်များ ဖြန့်ဝေ

ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲ ဆန့်ကျင်သည့် ပို့စကဒ်များ ဖြန့်ဝေ
by -
သင်းသဇင်ခိုင်

ရန်ကုန်တိုင်းအတွင်း နေရာ အတော်များများတွင် အမည်မသိသူများက ရွေးကောက်ပွဲ ဆန့်ကျင်သည့် ပို့စကဒ်များကို စက်တင်္ဘာလ ၁၇ ရက်နေ့က ဖြန့်ဝေ....

ရန်ကုန်တိုင်းအတွင်း နေရာ အတော်များများတွင် အမည်မသိသူများက ရွေးကောက်ပွဲ ဆန့်ကျင်သည့် ပို့စကဒ်များကို စက်တင်္ဘာလ ၁၇ ရက်နေ့က ဖြန့်ဝေခဲ့ကြသည်ဟု သိရသည်။

အမည်မဖေါ်လိုသူ ရန်ကုန်မြို့ခံ တစ်ဦးက “ မနေ့က စက်တင်ဘာလ ၁၇ ရက်နေ့မှာ ရန်ကုန်မြို့ သခင်မြ ပန်းခြံအတွင်းမှာ ရှိတဲ့ နေရာ အနှံ့အပြားမှာ ၂၀၁၀ ရွေးကောက်ပွဲကို အားလုံး လက်တွဲဆန့်ကျင်ကြ စာတွေ ပါရှိတဲ့ ပို့စကဒ်တွေကို တွေ့ရှိရပါတယ်။ စက်တင်ဘာလ (၁ဂ) ရက်နေ့မှာ ကျရောက်တဲ့ စစ်တပ်က အာဏာ သိမ်းတဲ့ ၂၂ နှစ်ပြည့်နေ့ အနေနဲ့ ပြုလုပ်တာ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

အဆိုပါ တနေ့တည်းအတွင်းမှာပင် သံလျင်ရှိ ရှေးဟောင်း အဖိုးသံ ဘုရားတွင်လည်းကောင်း၊ သီလ၀ါ ရေတပ် စခန်း အနီးတ၀ိုက်တွင်လည်းကောင်း၊ ဒလ ကားလမ်းဘေး တလျှောက်တွင်လည်းကောင်း ရွေးကောက်ပွဲ ဆန့်ကျင်သည့် စာရွက်များကို အမည်မသိသူများက ဖြန့်ကျဲချထားခဲ့ကြပြီး ရွှေမန်း ရုပ်ရှင်ရုံ အများသုံး အိမ်သာ နံရံများတွင်လည်း ပိုစတာများကို ကပ်ထားသည်ကို တွေ့ရသည်ဟု တခြားမြို့ခံများက ပြောသည်။

ဒလမြို့နယ် ကားသမား တစ်ဦးက “ကျွန်တော် မနက် ၆ နာရီကတည်းက ကားထွက်ပါတယ်။ မနက်ပိုင်း တချိန်လုံး ဒလ ကားလမ်းမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ မနက် အစောပိုင်းမှာ ခုလို စာရွက်တွေကို မတွေခဲ့ပါဘူး။ ဘယ်အချိန်က ဘယ်လို ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ စာတွေ ရောက်လာမှန်း မသိလိုက်တာ။ တစိမ်းကားတွေ သွားလာတာလဲ မတွေ့မဘူးဗျ။ စာရွက်တွေကို ကောက်ဖတ်ကြည့်လိုက်မှ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ပို့စကဒ်တွေ ဆိုတာ သိလိုက်ရတာ ဖြစ်ပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

ပို့စကဒ်များကို နေ့လည်ပိုင်း ၁၁ နာရီနှင့် ၁၂ နာရီ အကြားတွင် တွေရှိကြရပြီး သက်ဆိုင်ရာမှ ချက်ချင်းဆိုသလို ရောက်ရှိလာပြီး အနီးတ၀ိုက်၌ စစ်ဆေးမူများ ပြုလုပ်ကာ နေရာတိုင်းတွင် ပြန့်ကြဲနေသော ပို့စကဒ်များကို လိုက်လံ သိမ်းဆည်း သွားသည်ဟု သိရသည်။

မျက်မြင် ပြည်သူ တစ်ဦးက အဆိုပါ ပို့စကဒ်များထဲတွင် တပ်နှင့် ပြည်သူတို့ လက်တွဲပြီး တိုင်းပြည်ကြီးကို ပြည်လည်ကောင်းအောင် လုပ်စေလိုသည့် တိုက်တွန်းချက်များ ပါရှိပြီး တပ်မတော်သားများကို ပြည်သူနှင့် လက်တွဲရန် ဖိတ်ခေါ်ထားသည်ဟု ပြောသည်။

ရန်ကုန်မြို့ အတွင်း ၂၂ နှစ်မြောက် အာဏာသိမ်းနေ့ ဖြစ်သဖြင့် သက်ဆိုင်ရာမှ လုံခြုံရေး အစောင့်များ အထပ်အထပ် ချထားသည့်ကြားမှ ပြည်သူများကို အသိပေးနိုးဆော်သော ပို့စကဒ်များကို ဖြန့်ဝေသွားသဖြင့် သက်ဆိုင်သူများ အနေဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်ဟုလည်း စုံစမ်းသိရှိရသည်။

ယနေ့ စက်တင်ဘာ ၁၈ ရက်နေ့တွင် မြို့တွင်း နေရာ အနှံ့အပြားတွင် အစောင့်များ အပြည့်ချထားပြီး ဒလ သင်္ဘောဆိပ်၊ ရုပ်ရှင်ရုံများနှင့် ပန်းခြံများတွင် အစောင့်အရှောက်များ ချထားကာ နေရာ အများအပြားကို အလေးပေး စစ်ဆေးလျက် ရှိကြောင်း သိရသည်။

 

 

 

 

 

 

Most read this week