စစ်တွေ ဆင်ခြေဖုံး ရပ်ကွက် အစိုးရကျောင်းများတွင် စာမသင်နိုင်သော ကလေးအရေအတွက် အထူးတိုးပွားလာ

စစ်တွေ ဆင်ခြေဖုံး ရပ်ကွက် အစိုးရကျောင်းများတွင် စာမသင်နိုင်သော ကလေးအရေအတွက် အထူးတိုးပွားလာ

ရခိုင်ပြည်နယ် စစ်တွေ ဆင်ခြေဖုံး ရပ်ကွက်များရှိ အစိုးရ ကျောင်းများတွင် မိဘများ ဆင်းရဲ ကျပ်တည်း မူကြောင့် ကျောင်းနုတ်ထွက်သွားရသော ကလေးငယ်များ အရေအတွက် တိုးပွားလာ....

ရခိုင်ပြည်နယ် စစ်တွေ ဆင်ခြေဖုံး ရပ်ကွက်များရှိ အစိုးရ ကျောင်းများတွင် မိဘများ ဆင်းရဲ ကျပ်တည်း မူကြောင့် ကျောင်းနုတ်ထွက်သွားရသော ကလေးငယ်များ အရေအတွက် တိုးပွားလာနေသလို အနီးအနားရှိ ဘုန်းတော်ကြီး ပညာသင်ကျောင်းများတွင် ကျောင်းအပ်နှံသော ကလေးငယ် အရေအတွက်မှာ အထူး တိုးပွားလာကြောင်း သတင်း ရရှိသည်။

စစ်တွေမြို့ ဆင်ခြေဖုံး ရပ်ကွက်များ ဖြစ်ကြသော အနောက်ဆတ်ရိုးကျ၊ အရှေ့ဆတ်ရိုးကျ၊ အောင်ချမ်းသာနှင့် မင်းဒရားချိတ် ကျေးရွာများတွင် အစိုးရမှ ဖွင့်လှစ်ထားသော မူလတန်းကျောင်းများ ရှိသော်လည်း ကျောင်းဝင် ကြေး အပါအ၀င် တခြား ကျောင်းကြေးများ ပေးဆောင်ရသည်ကို မိဘများက မတတ်နိုင်ရာမှ ရာပေါင်း များစွာ သော ကလေးငယ်များမှာ ကျောင်းမှ နုတ်ထွက်ခဲ့ကြရပြီး အနီးအနားရှိ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် အပ်နှံခဲ့ကြရသည်။
monk-teaching-to-poor-child-pic-12
ကျောင်းသားမိဘ တစ်ဦးက “ ကျွန်တော်တို့ ဆတ်ရိုးကျ ချောင်းတလျောက်မှာ ရှိတဲ့ ရပ်ကွက်တွေမှာ လူအများက လက်လုပ် လက်စားတွေ များကြပါတယ်။ အခု အလုပ် အကိုင်လည်း အဆင်မပြေကြတဲ့ အတွက် အလုပ်လက်မဲ့ ဖြစ်နေသူတွေ အရမ်းများနေပါတယ်။ ထမင်းနပ်မမှန်တဲ့ မိသားစုတွေလည်း အများကြီး ရှိနေ ပါတယ်။ အဲသလို အခြေအနေတွေကြောင့် သားသမီးတွေကို ကျောင်းထားမယ့် ကိစ္စထက် ထမင်းနပ်မှန်အောင် စားရဖို့ ကိစ္စက ပိုအရေးကြီး နေတော့ ရပ်ကွက်ထဲက ကလေးငယ်တွေ အများစုက ကျောင်းမနေနိုင်တော့တဲ့ အခြေအနေထိ ရောက်သွား ကြရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထိုကဲ့သို့ စာမသင်နိုင်သော ကလေးများအတွက် စာသင်နိုင်ရန် ဖွင့်လှစ်ထားသော ဇမ္ဗူ ရတနာ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ယခုအခါ ကျောင်းသားအရေအတွက်မှာ အထူးတိုးပွားလာခဲ့သည်။

“ အခု လက်ရှိ အဲဒီ ဘုန်းတော်ကြီး ကျောင်းမှာ ကလေးအရေအတွက် ၃၀၀ နီးပါးတောင် ရှိနေပါပြီ။ ဘုန်းတော်ကြီးကျောင်း ရပ်တည်ရေးကိုတော့ စစ်တွေမြို့ပေါ်က အလှူရှင်တွေ ထည့်ဝင်တဲ့ ငွေနဲ့ ရပ်တည် နေတာ ဖြစ်ပါ တယ်။ ဆရာ ဆရာမတွေအတွက် ကျောင်းသား တစ်ဦးဆီက လစဉ် ၅၀၀ ကျပ် ကောက်ပါတယ်။ သိရတာ ကတော့ အများစု ကျောင်းသားတွေက အဲဒီ ကျောင်းကြေး ၅၀၀ ကိုတောင် မထည့်နိုင်ဘူးလို့ သိရပါတယ်” ဟု ဘုန်းတော်ကြီး ကျောင်းနှင့် နီးစပ်သူ လူငယ် တစ်ဦးက ပြောသည်။

စစ်တွေမြို့ရှိ ဆင်ခြေဖုံးရပ်ကွက်များတွင် နေထိုင်သူ အများစုမှာ ပုဂ္ဂလိက ရေခဲစက်၊ ငါးလုပ်ငန်း၊ ပုဇွန် လုပ်ငန်း များနှင့် ကြုံရာ ကျဘမ်း အလုပ်များတွင် လုပ်ကိုင်ကြသည်ဟု သိရသည်။ ပုဂ္ဂလိက စက်ရုံများတွင် ယခင်က တစ်နေ့ကို ကျပ်ငွေ ၁၀၀၀ နုန်းဖြင့် အလုပ် လုပ်ကိုင်နိုင်ကြသော်လည်း ယခုအခါ စက်ရုံများမှ နေ့တွက် မပေး တော့ဘဲ သက်သာအောင် လစာ စနစ်ဖြင့် ပေးဆောင်လာခဲ့သည်ဟု သိရသည်။ ထိုသို့ ပေးဆောင်ရာတွင် အမျိုးသမီး တစ်ဦးကို ကျပ် နှစ်သောင်းခွဲ ပေးပြီး အမျိုးသား တစ်ဦးကို စားပြီး သောက်ပြီး ကျပ် တစ်သောင်းခွဲ ပေးကြောင်း သိရသည်။ အဆိုပါ ရရှိသော ၀င်ငွေမှာ လူတစ်ဦး၏ တလ အသုံး စရိတ်ကိုတောင် ဖုံလုံမူ မရှိသဖြင့် အများစု မိသားစုများမှာ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြရသည်။

“ ထမင်းငတ်တာတော့ မဟုတ်ဘူးပေါ့။ ထမင်းဝအောင် မစားရတဲ့ အခြေအနေကို ရောက်နေတာပါ။ မိသားစု ငါးယောက် ရှိတယ်ဆိုရင် လိုအပ်တာက ဆန်နို့ဆီဗူး ၅ လုံး လိုတယ်။ ဆန် နို့ဆီဗူး သုံးလုံးချက်ပြီး မ၀မလင် စားသောက်နေရတဲ့ အနေအထားပေါ့နော်။ ဒါမျိုးတွေကို ဆတ်ရိုးကျ ရပ်ကွက်တွေက မိသားစု အများစုက ကြုံတွေ့နေရတာ ဖြစ်ပါတယ်” ဟု အဆိုပါ လူငယ်က နိရဉ္စရာသို့ ပြောသည်။ ရခိုင်ပြည်နယ်တွင် ပြည်သူများ အနေဖြင့် ယခုအခါ အထူးစီးပွားရေး အကျပ်အတည်း ဆိုက်ရောက်နေကြပြီး အများစု ပြည်သူများမှာ အဆိုပါ စီးပွားရေး အကျပ်အတည်းဒဏ်ကို မကြုံဖူးအောင် အလူးအလှိမ့် ခံနေကြရ သည်ဟု သိရှိရသည်။

 

 

 

 

 

Most read this week