ကရင်ပါတီများ ပြန်လည် သုံးသပ်သင့်ကြောင်း ပြည်ပရောက် ကရင်ပြည်သူများ ဝေဖန်ပြောဆို

ကရင်ပါတီများ ပြန်လည် သုံးသပ်သင့်ကြောင်း ပြည်ပရောက် ကရင်ပြည်သူများ ဝေဖန်ပြောဆို
by -
စောသိန်းမြင့်

၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်မှုနှင့် တရားမျှတမှုမရှိသည့်အပြင် မြန်မာ့နိုင်ငံရေး ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ် သလို ၀င်ရောက် ယှဉ်ပြိုင်ပါကလည်း စစ်အာဏာရှင် သက်ဆိုးရှည်ရန် ပံ့ပိုး ...

၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်မှုနှင့် တရားမျှတမှုမရှိသည့်အပြင် မြန်မာ့နိုင်ငံရေး ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ် သလို ၀င်ရောက် ယှဉ်ပြိုင်ပါကလည်း စစ်အာဏာရှင် သက်ဆိုးရှည်ရန် ပံ့ပိုးပေးရာ ရောက်သည့်အတွက် ကရင့် နိုင်ငံရေးပါတီ အနေဖြင့် ပြန်လည်သုံးသပ်သင့်ပြီဟု ပြည်ပရောက်ကရင်ပြည်သူများက ဝေဖန်ပြောဆိုနေကြသည်။

သြစတြေးလျ အခြေစိုက် ကရင်အမျိုးသားအဖွဲ့ ဒု-ဥက္ကဌ မန်းအော်လန်းဒိုက “တိုင်းပြည်ကောင်းစားရေးအတွက် မဟုတ်ဘဲ စစ်အစိုးရ သက်ဆိုးရှည်ရေး၊ နိုင်ငံတကာမျက်နှာစာမှာ သူ့ကိုယ်သူ တရားဝင်အစိုးရဖြစ်အောင် ဒါ တန်ဆာဆင်ထားတဲ့ ဇာတ်လမ်းဖြစ်တယ်။ ပါတီတွေအနေနဲ့က မိမိတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ပြန်လည်သုံးသပ်ဖို့၊ ပြင်ဆင်ဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ်ဘဲ ရွေးကောက်ပွဲ လုပ်ရပ်ဇာတ်လမ်းတွေမှာဝင်ပြီး ကပြမယ်ဆိုရင် စစ်အစိုးရ သက်ဆိုးရှည်ရေးအတွက် အဖြည့်ခံ၊ အသုံးတော်ခံသလိုဖြစ်တယ်။ သမိုင်းမှာ ပြည်သူတွေ ဒဏ်ခတ်လိမ့်မယ်” ဟု ဝေဖန်ပြောဆိုသည်။

အလားတူ အမေရိကန်နိုင်ငံရောက် စောမင်းစိုးစံကလည်း “ကရင်ပါတီတွေ ရွေးကောက်ပွဲဝင်တာ ကောင်းတာက နိုင်ငံရေးအတွေ့အကြုံလေး နည်းနည်းရသွားတာပေါ့ (ယူတတ်မှ)။ မကောင်းတာကတော့ ငွေကုန်ကြေးကျများပြီး အချိန်ကုန်လူပမ်းတဲ့ ကိစ္စပါပဲ။ ကိုယ်စားလှယ်တနေရာစာ ရရင်တောင် အင်မတန်ကံကောင်းပါတယ်။ ဒီတနေရာလေးနဲ့ ကိုယ့်အမျိုးသားအရေးကို ဘယ်လိုမှ လုပ်လို့မရနိုင်ပါဘူး။ ကိုယ်ကျိုးအတွက်လည်း တွက်ချေကိုက်မယ်မထင်ဘူး။ သမိုင်းကြောင်းအရ ကရင်လူမျိုး ဖြစ်တဲ့အတွက် ခိုင်းကောင်းတုန်း တချက်လေးတော့ အခွင့်သာသလိုရှိနိုင်ပေမယ့် အသုံးမ၀င်တော့တဲ့တနေ့ မြောင်းထဲရောက်သွား ကြတာချည်းပါပဲ” မှတ်ချက်ပေး ပြောဆိုသည်။

Karen Canadian Community ဥက္ကဌဟောင်း စောဟားဗေး ၈၃ နှစ်ကလည်း နအဖ စစ်အစိုးရ တရားဝင် အာဏာရ ဖြစ်ရေးအတွက် အတည်ပြုပေးမည့် ၂၀၁၀ ရွေးကောက်ပွဲကို ကရင်ပါတီများအနေဖြင့် အမျိုးသားရေးကို ရှေ့ရှုမည်ဆိုပါက ၀င်ရောက်ယှဉ်ပြိုင်ခြင်းမလုပ်ဘဲ သပိတ်မှောက်ခြင်းသည် အကောင်းဆုံးလမ်းစဉ် ဖြစ်သည်ဟု သုံးသပ်သည်။

သူက “ရွေးကောက်ပွဲဟာ အရင်တခါလုပ်ပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အဲန်အယ်လ်ဒီ ပါတီအနိုင်ရတာ အာဏာ ပြောင်းမှမပြောင်းတာ။ အခုတခါ ထပ်လုပ်တာ သေချာပေါက် သူတို့အနိုင်ရအောင်ဆိုပြီးတော့ ကျင်းပတာဖြစ်တယ်။ သူတို့ဗမာ အချင်းချင်းတောင်မှ ဒီလိုလုပ်တယ်ဆိုတော့ ကရင်ဆိုလို့ရှိရင် ပြောစရာမလိုဘူးထင်ပါတယ်။ သွားဝင်လို့ရှိရင် သူတို့ရဲ့ ရွေး ကောက်ပွဲကို အသိအမှတ်ပြုရာကျမယ်။ ကရင်ပါတီတွေအနေနဲ့က နားမထောင်ဘဲ သပိတ်မှောက်လိုက်ရင် အကောင်းဆုံးပဲ” သူ၏ဆန္ဒကို ထုတ်ဖော်ပြောဆိုသည်။

စစ်အစိုးရအာဏာပိုင်များက ရွေးကောက်ပွဲတွင် အနည်းဆုံး မဲဆန္ဒနယ် (၃) နေရာ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုနိုင်သည့်အတွက် ဖျက်သိမ်းခြင်းခံလိုက်ရသည့် ပါတီ ၅ ခုတွင် ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ် (UKL) လည်း ပါဝင်ခဲ့သည်။ ထိုပါတီသည် ၁၉၉၀ ခုနှစ် ပါတီစီအထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဘူးသည်။

ထို့အတူ ၁၉၉၀ ခုနှစ်တွင် မဲအများဆုံးနှင့် အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း အာဏာအပ်နှင်းခြင်းမခံခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုလည်း လာမည့်ရွေးကောက်ပွဲအတွက် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်လျှောက်ထားခြင်း မရှိသည့်အတွက် ဖျက်သိမ်းခြင်း ခံခဲ့ရသည်။

၎င်းကြေညာချက်အပေါ် ၁၉၉၀ရွေးကောက်ပွဲ အနိုင်ရပါတီတခုဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်တဦးဖြစ်သည့် ဦးဉာဏ်ဝင်းက “ဥပဒေမှာ ပါပြီးသားအချက်ပဲဗျာ။ ကြေညာဖို့ဆိုတာ အဲဒီလို ကြေညာခွင့်ရှိရဲ့ လားဆိုတာပဲ ပြောချင်ပါတယ်။ ကော်မရှင်ဥပဒေမှာ ကျနော်တော့ မတွေ့သေးဘူး” ဟု ပြည်ပအခြေစိုက် သတင်းဌာနတခုနှင့် အင်တာဗျူးတွင် စစ်အစိုးရလုပ်ရပ်အပေါ် ပြန်လည်ပြောဆိုခဲ့သည်။

ယခုအခါတွင် နအဖစစ်အစိုးရ ဦးဆောင်သည့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသော ကရင်ပါတီမှာ ဖလုံ -စဝေါ်ဒီမိုကရက်တစ်ပါတီ (PSDP)၊ ကရင်ပြည်သူ့ပါတီ (KPP)၊ နြှင့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP) တို့ ဖြစ်ကြသည်။

ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှလွဲ၍ ကျန်ပါတီနှစ်ခု သည် စစ်အစိုးရ၏ ကျောထောက်နောက်ခံပြုထားသော ပါတီများဖြစ်ကြသည်ဟု အိန္ဒိယရောက် ကရင်သံဃာတော်တစ်ပါးက ယခုလို မိန့်ကြားသည်။

“ကရင်ပြည်သူ့ပါတီက ကြံ့ဖွံ့ပါတီနဲ့ သဘောထားအတူတူပဲ။ ကြံ့ဖွံ့ပါတီကို ကျောထောက်နောက်ခံပေးနေသမျှ ကရင်လူထု အတွက် ဘယ်တော့မှ ကိုယ်စားမပြုနိုင်ဘူး။ ပါတီလူကြီးတွေကလည်း စစ်အစိုးရ ထိပ်ပိုင်းလူကြီးတွေ ဖြစ်ခဲ့ဖူးတော့ ပိုလို့ တောင် ကိုယ်စားမပြုနိုင်တာပေါ့” ဟု ဆိုသည်။

သူက “သတင်းဌာနတခုမှာ သူတို့ပါတီခေါင်းဆောင်တစ်ယောက်က ကရင်ပြည်နယ် ကိုယ်စားလှယ် အဖြစ် အရွေးခံရရင် ကရင်ပြည်နယ်က တည်ငြိမ်မှုမရှိတာတွေကို အရင်ဆုံး တည်ငြိမ်အောင်လုပ်မယ်လို့ ပြောခဲ့တယ်။ ဒါ ကေ အဲန်ယူကို ရည်ညွှန်းတာပဲလေ။ ကရင်လူမျိုးအတွက် အလုပ်လုပ်မဲ့သူက ကရင့်တော်လှန်ရေးကို ဖြုတ်ပစ်မယ်ဆိုတာ ဦးဇင်းတို့ ဘယ်လိုလက်ခံလို့ရမှာလဲ။ ဖလုံ-စဝေါ်ပါတီကျတော့ အဲလိုမဟုတ်ဘူး။ ရတဲ့အခွင့်အလမ်းကို တတ်နိုင်သလောက် ကရင်လူထု အတွက် အကျိုးပြုသွားမယ်ဆိုပဲ” ဟု ဝေဖန်ပြောဆိုလိုက်သည်။
ကရင်ပြည်နယ်ကို အခြေပြုကာ ရွေးကောက်ပွဲဝင်ပြိုင်မည့် ၎င်းဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီက အကယ်၍ အမတ်နေရာ များများရရှိပါက ကရင်ပြည်သူများ ရသင့်ရထိုက်သည့် အခွင့်အရေးနှင့် ကရင်စာပေသင်ကြားမှုတိုးတက် မြင့်မားလာအောင် လုပ် ဆောင်ပေးမည်ဟု စည်းရုံးပြောဆိုသည့်အပေါ် ကိုရီးယားနိုင်ငံရောက် စကက်နက်မိုး (၃၉ နှစ်) က သူ၏အမြင်ကို ယခုလို ပြောသည်။

“ကရင်တိုင်းရင်းသားတွေအပြင် ရွေးကောက်ပွဲဝင်မယ့် တခြားတိုင်းရင်းသားတွေဟာလည်း အရင်က ဆို စစ်တပ်ထွက်တဲ့ပုဂ္ဂိုလ်တွေ၊ အရာရှိအရာခံတွေပဲ ဖြစ်ကြတယ်လေ။ အရင် မဆလပါတီလိုပဲ နားထောင်ခေါင်းညိတ်ဘ၀နဲ့ပဲ လူအများစု ကြီးစိုးတဲ့ ကြံ့ဖွတ်ပါတီကပဲ အစစအရာရာကို ဦးဆောင်သွားမှာပဲ အမတ်နေရာ တစ်နေရာ၊ နှစ်နေရာရပေမယ့်လည်း ကျနော်တို့ ကရင်လူမျိုးတွေအတွက် ဘာမှထူးခြားလာမှာ မဟုတ်ဘူး” ဟု ပြောသည်။

နော်ဝေနိုင်ငံအခြေစိုက် European Karen Network အဖွဲ့ဝင် နန်းကြည်အေးကလည်း “ရွေးကောက်ပွဲဝင်မယ့်လူတိုင်းဟာ ပြောနေကြတာပဲ။ ကတိတွေပေးနေကြတယ်။ ကျမအနေနဲ့ကတော့ သူတို့ကတိပေးထားသလို ပြန်လုပ်ပေးနိုင်မယ်မထင်ပါဘူး။ ဘာဖြစ် လို့်လဲဆိုတော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီမရသရွေ့ ပါတီလိုက်အနေနဲ့ အဲသလိုမျိုး လုပ်နိုင်မယ်လို့ ကျမကတော့ ယုံကြည်ချက်မထားပါဘူး” ဟု ပြောသည်။

KSDDP မှာ လူမျိုးကို အခြေခံသည့် ပါတီတစ်ခု မဟုတ်ဘဲ စစ်အစိုးရ၏ သတင်းနှင့် ပြန်ကြားရေးဝန်ကြီးမှ ဖွဲ့စည်း ပေးထားသည့် အပစ်ရပ်ကရင်အဖွဲ့ဝင်များ ပါဝင်သောပါတီဖြစ်သည်။

အကယ်၍ ပြည်တွင်းရှိ ကရင်ပြည်သူများအနေဖြင့် မလွှဲမသွေ မဲပေးရမည့် အခြေအနေဖြစ်ပေါ်ပါက ကရင် ပြည်သူကို ကိုယ်စားပြုသည့် ကရင်ပါတီသာ ရွေးထည့်သင့်သည်ဟု (Malaysia Karen Organization –MKO) မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ စောဒါးဘိုက ပြောသည်။

လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင့် စစ်အစိုးရ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲသည် အချိန်အားဖြင့် တလကျော်သာ ကျန်တော့သော်လည်း ၀င်ရောက်အရွေးခံမည့် ကိုယ်စားပြု အမတ်လောင်းစာရင်းများနှင့် မြန်မာနိုင်ငံတ၀ှမ်း မဲပေးနိုင်သူဦးရေ အတိအကျကိုမူ ရွေးကောက်ပွဲကော်မရှင်က ယနေ့ထိတိုင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

၎င်းအပြင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်နှင့် ပါတီများမှ လူထုကို မဲပေးခြင်းဆိုင်ရာ ပညာပေးဟောပြောမှုများ လုပ်ဆောင်ခြင်းမရှိသေးသလို တောင်သူလယ်သမားများ ဖြစ်ကြသည့် ကရင်လူထုအများစုမှာလည်း မဲပေးခြင်းဆိုင်ရာနည်းနာများ လေ့လာရေးထက် ၎င်းတို့၏ စားဝတ်နေရေးကို ပို၍ ဦးစားပေးနေရသည့် အခြေအနေတွင် ရှိနေသည်။

နအဖ စစ်အစိုးရ၏ ဘောင်းဘီချွတ်ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) သည် နိုင်ငံရေး ပါတီများအနက် ကိုယ်စားလှယ်လောင်း အများဆုံးဖြစ်သည့်အပြင် အခြားပါတီများလို ကန့်သတ်ချုပ်ချယ်မှုများမရှိဘဲ နေရာအနှံ့ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်ရှိသဖြင့် ရွေးကောက်ပွဲတွင် ၎င်းပါတီသာ အနိုင်ရရှိမည်ဟု အများက ကြိုတင်ခန့်မှန်းထားကြသည်။
လက်ရှိအချိန်တွင် USDP နှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ (NUP) တို့က အင်အားအကောင်းဆုံးဖြစ်သည့်အတွက် ကရင်ပါတီများအနေဖြင့် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည်ဆိုပါက စစ်အာဏာကို သက်ဆိုးရှည်စေပြီး ကိုယ့်သေတွင်းကိုယ်တူသလိုဖြစ်သွားမည် ကနေဒါနိုင်ငံမှ စောဟားဗေးက ပြောသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလီယံဟေ့ဂ် (William Hague) ကလည်း ယခုရွေးကောက်ပွဲသည် လက်ရှိ မြန်မာစစ်အစိုးရ၏ အာဏာကို ဆက်ပြီးအသက်သွင်းပေးရန် ကြိုစားသည့် အတုအယောင် ရွေးကောက်ပွဲသာဖြစ်သည်ဟု ဝေဖန်ရှုတ်ချပြောဆိုလိုက်သည်။
ယခုနှစ် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခွင့်ပြုထားသည့် ၄၂ ပါတီအနက် ၃၇ ပါတီမှာ ဆက်လက်ရပ်တည်ခွင့်ရှိပြီး ယနေ့အထိ ပါတီစုစုပေါင်း ၃၃ ပါတီသည် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီဝင်အင်အားစာရင်း တင်ပြထားပြီးသူများ ဖြစ်သည်။

Most read this week