ရပ်ကွက် ရယက ဥက္ကဌများ ကြံ့ဖွံ့ပါတီ ကိုယ်စားလောင်းများနှင့် အတူ မဲဆွယ် စည်းရုံး

ရပ်ကွက် ရယက ဥက္ကဌများ ကြံ့ဖွံ့ပါတီ ကိုယ်စားလောင်းများနှင့် အတူ မဲဆွယ် စည်းရုံး

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ရပ်ကွက် ရယက ဥက္ကဌများသည် ကြံ့ဖွံ့ပါတီမှ အမတ်လောင်းများနှင့် အတူတကွ သွားရောက် မဲဆွယ်စည်းရုံးမူများကို ပြုလုပ်.....

 

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ရပ်ကွက် ရယက ဥက္ကဌများသည် ကြံ့ဖွံ့ပါတီမှ အမတ်လောင်းများနှင့် အတူတကွ သွားရောက် မဲဆွယ်စည်းရုံးမူများကို ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ အရပ်လူကြီး တစ်ဦးက “ဦးလေးတို့ မြို့သူကြီး ရပ်ကွက် ရယက ဥက္ကဌ ဦးမောင်ကျော်အောင်ဟာ ကြံ့ဖွံ့ပါတီရဲ့ အစည်းအဝေး ဖိတ်စာတွေကို ရပ်ကွက် အတွင်းမှာ ရှိတဲ့ အိမ်တွေကို အိမ်တိုင်းရာရောက် ဖြန့်ဝေပြီးတော့ တွေ့ဆုံဆွေးနွေးပွဲကို လာကြဖို့ သူကိုယ်တိုင် ဖိတ်ပါတယ်။ ပြီးရင် ရပ်ကွက် လူထုနဲ့ တွေ့ဆုံပွဲကို သူအိမ်မှာ လုပ်ပေးပါတယ်” ဟု ပြောသည်။

သြဂတ်စ်လ ၁၃ ရက်နေ့က ကြံ့ဖွံ့ပါတီမှ အမတ်လောင်း ၄ ဦးသည် စစ်တွေ မြို့သူကြီး ရပ်ကွက်သို့ လာရောက်ပြီး လူထုနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲကို ရပ်ကွက် ဥက္ကဌမှ သူကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။

“ဆွေးနွေးပွဲမှာ တက်ရောက်တာကတော့ ကြံ့ဖွံ့ပါတီက အမတ်လောင်းတွေ ဖြစ်ကြတဲ့ ဒေါက်တာ စန်းရွှေ၊ ဒေါက်တာ ချမ်းငြိမ်း၊ အငြိမ်းစား ဗိုလ်မှူးကြီး ကျော်ဇံလှနဲ့ ဦးကောင်းစံရွှီတို့ ဖြစ်ကြပါတယ်။ ရွာသား သုံးဆယ်လောက်ဘဲ လာပါတယ်။ အဓိကတော့ ကြံ့ဖွံ့ပါတီကို မဲပေးဖို့ စည်းရုံးတာပေါ့လေ။ ရွာသားတွေကလည်း မေးခွန်းတွေ မေးကြပါတယ်။ တချို့ မေးခွန်း တွေတော့ သူတို့လည်း မဖြေနိုင်ပါဘူး” ဟု သူက ပြောသည်။

ဆွေးနွေးပွဲကို ညနေ ၇ နာရီမှ စတင်ပြီး ၁၀ နာရီတွင် အဆုံးသတ်ခဲ့ကြသည်ဟု သိရသည်။

ယခုကဲ့သို့ မဲဆွယ်စည်းရုံးမူကို မြို့သူကြီး ရပ်ကွက် တခုတည်းတွင် မဟုတ်ဘဲ တခြားရပ်ကွက်များတွင်လည်း ရယက ဥက္ကဌများက ကြံ့ဖွံ့ ခေါင်းဆောင်များနှင့် ပူးပေါင်းကာ ပြုလုပ်နေကြောင်း သိရသည်။

ယခုကဲ့သို့ သက်ဆိုင်ရာ အစိုးရပိုင်းမှ တာဝန်ရှိသူများ အနေဖြင့် ကြံ့ဖွံ့ပါတီ အနိုင်ရရေးအတွက် ရွေးကောက်ပွဲ ဥပဒေကို ချိုးဖေါက်ကာ မဲဆွယ်စည်းရုံးမူများ ပြုလုပ်နေမူကြောင့် တခြား စစ်တွေတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီများ အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်တန်းရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။

 

 

 

Most read this week