ဖျက်သိမ်းခံရသည့် နိုင်ငံရေးပါတီ ၅ ခုတွင် UKL ကရင်ပါတီ ပါဝင်

ဖျက်သိမ်းခံရသည့် နိုင်ငံရေးပါတီ ၅ ခုတွင် UKL ကရင်ပါတီ ပါဝင်
by -
စောခါးစူးညား

ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အနည်းဆုံး သုံးခု၌ လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုနိုင်ပါက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေးပါတီများ မှတ်ပုံခြင်းဥပဒေ ပုဒ်မ ၁၂ (ခ)အရ နိုင်ငံရေးပါတီအဖြစ် ...

ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အနည်းဆုံး သုံးခု၌ လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုနိုင်ပါက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေးပါတီများ မှတ်ပုံခြင်းဥပဒေ ပုဒ်မ ၁၂ (ခ)အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ဖျက်သိမ်းခံရသည့် နိုင်ငံရေးပါတီ (၅)ခုတွင် ကရင်ပါတီတစ်ခု ဖြစ်သည့် (UKL) ပါဝင်ခဲ့သည်။

ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာတွင် ဖော်ပြထားသည့် ကြေညာချက်အမှတ် (၉၇/၂ဝ၁ဝ)အရ ဖျက်သိမ်းခံရသည့် ပါတီ ၅ ခုမှာ ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်(UKL)၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (MNSDP)၊ မြန်မာဒီမိုကရေစီ ကွန်ဂရက်ပါတီ(MDCP)၊ မြိုတိုင်းရင်းသားပါတီ (MNP)နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးပါတီ-ပြည် (NDF) တို့ဖြစ်သည်။

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်၊ ကရင်အမျိုးသားkaren_flag ရပ်ကွက်၊ အမှတ် (၁) စောတေလိန်း၊ ဦးလူနီလမ်းရှိ UKL ပါတီရုံးသို့ ကေအိုင်စီက ဆက်သွယ်မေးမြန်းရာ ဘဏ္ဍာရေး အခက်အခဲကြောင့် ဖြစ်ကြောင်း အဖွဲ့ဝင်အမျိုးသမီး တဦးက ယခုလို ပြောသည်။

“ပါတီ ဖျက်သိမ်းခံရတာနဲ့ ပတ်သက်ပြီး တစ်ခုပဲ ပြောချင်ပါတယ်။ ဘဏ္ဍာငွေကြေး အခက်အခဲကြောင့်ပဲ ဖြစ်တာပါ” ဟု ဆိုသည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် နေရာ ၇ ခုတွင် ဝင်ရောက်အရွေးခံခဲ့သည့် UKL ပါတီသည် ယခုနှစ် ဧပြီလ ၈ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့် လျှောက်ထားခဲ့ရာ၌ ကရင်အမျိုးသား အလံကို ပါတီအလံအဖြစ် အသုံးပြုခဲ့မှုအပေါ် ကရင်အမျိုးသား နှစ်သစ်ကူးကျင်းပရေး ကော်မတီ (မဟာရန်ကုန်)မှ ဧပြီလ ၁၅ ရက်နေ့တွင် ကန့်ကွက်ခဲ့သေးသည်။

၎င်းပါတီသည် ပါတီမှတ်ပုံတင် အမှတ် (၁၁)ဖြင့် မေလ ၂၁ ရက်နေ့စွဲဖြင့် ပါတီမှတ်ပုံတင်ခွင့် ကျပြီးနောက်  ရက်ပေါင်း ၉ဝ အတွင်း ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီဝင်ဦးရေ ၅ဝဝ ကျော်သာ တင်ပြနိုင်ခဲ့သဖြင့် ဧရာဝတီတိုင်း၌သာ ဝင်ရောက်ယှဉ်ပြိုင်တော့မည်ဟု ပြီးခဲ့သည့် သြဂုတ်လက ပြောခဲ့သည်။

ဥက္ကဋ္ဌ စောမောင်ချော၊ ဒုဥက္ကဌ စောသန်းအောင်၊ ဒုဥက္ကဌ-၂ မန်းသိန်းရွှေ၊ ဒုဥက္ကဌ-၃ စောအောင်ထွန်းကြည်၊ ဒုဥက္ကဌ-၄ မန်း သောင်းကြွယ်လင်းတို့ အပါအဝင် အလုပ်အမှုဆောင် ၁၅ ဦး ရှိသည့် UKL ပါတီသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီတိုင်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့သည်။

အဆိုပါ နိုင်ငံရေးပါတီ ၅ ခု ဖျက်သိမ်းခံရသည်နှင့် တချိန်တည်းတွင် သတ်မှတ်ရက်အတွင်း နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုကြောင်း လျှောက်ထားခြင်း မရှိသည့် ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ဝအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ကိုလည်း ရွေးကောက်ပွဲဥပဒေအရ အလိုအလျောက် ပျက်ပြယ်ပြီး နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းလိုက်ကြောင်း စစ်အစိုးရက ကြေညာခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပေးခဲ့သည့် ပါတီ ၄၂ ခုအနက် ၃၇ ပါတီသာ ဆက်လက် ရပ်တည်ခွင့်ရှိတော့မည် ဖြစ်ပြီး ၎င်းအနက် ကရင်ပြည်သူ့ပါတီနှင့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီတို့ ပါဝင်သည်။

 

 

 

Most read this week