သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံ အခြေစိုက် ခလရ ၂၂၅ မှ အရာရှိများက သျှမ်းပြည်တပ်မတော် အပစ်ရပ်တပ်ဖွဲ့ ၀တ်စုံနှင့် UWSA ၀ ပြည်သွေးစည်းရေး တပ်မတော်ဝတ်စုံ အစုံ ၅၀ စီ ချုပ်ခိုင်းကြောင်း ...
သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံ အခြေစိုက် ခလရ ၂၂၅ မှ အရာရှိများက သျှမ်းပြည်တပ်မတော် အပစ်ရပ်တပ်ဖွဲ့ ၀တ်စုံနှင့် UWSA ၀ ပြည်သွေးစည်းရေး တပ်မတော်ဝတ်စုံ အစုံ ၅၀ စီ ချုပ်ခိုင်းကြောင်း စုံစမ်းသိရှိရပါသည်။
“သျှမ်းတပ် ၀တ်စုံနဲ့ ၀တပ်ဝတ်စုံ အစုံ ၅၀ စီ သူတို့ ယုံကြည်စိတ်ချရတဲ့ စက်ချုပ်သမားတွေကို ချုပ်ခိုင်းနေတာ။ ဘာအကြောင်း ကိစ္စကြောင့်တော့ မသိဘူး” ဟု မိုင်းတုံဒေသခံ တစ်ဦးက ပြောပါသည်။
နအဖ ချုပ်ခိုင်းနေသော သျှမ်းပြည်တပ်မတော် ယူနီဖောင်းနှင့် ၀တပ် ၀တ်စုံသည် အစုံ ၅၀ မကကြောင်း၊ ခလရ ၂၂၅ တပ်ရင်းတစ်ခုတည်း ချုပ်ခိုင်းခြင်း မဟုတ်ဘဲ အခြားတပ်ရင်းများမှလည်း ချုပ်ခိုင်းသောကြောင့် အစုံရာချီ ရှိနိုင်ကြောင်း၊ အချို့ဝတ်စုံများကို သံလွင် အနောက်ခြမ်းသို့ ယူဆောင်သွားပြီး ဖြစ်ကြောင်း ထိုင်းလုံခြုံရေး အရာရှိ တစ်ဦးက ပြောပါသည်။
“မိုင်းတုံမြို့ရှိ တပ်ရင်းတွေက ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်း စစ်ဌါနချုပ်ရဲ့ လက်အောက်ခံလေ။ သံလွင် အရှေ့ခြမ်းက စားနပ်ရိက္ခာ ပစ္စည်းတွေ နေပြည်တော် ဌါနချုပ်က ခွင့်မပြုရင် သံလွင် အနောက်ခြမ်းက ယူသုံးလို့ မရဘူးလေ။ ဒါကြောင့် နေပြည်တော်ကနေ ချုပ်ခိုင်းတာ ဖြစ်မယ်” ဟု ထိုင်းနယ်စပ်နေ စစ်ရေး လေ့လာသူ တစ်ဦးက ပြောပါသည်။
“စက်တင်ဘာလဆန်းပိုင်းက စပြီး နအဖရဲ့ လှုပ်ရှားမှုတွေဟာ ထူးခြားလာတယ်။ သျှမ်းတပ် ၀တ်စုံ ၀တ်ပြီး ရွာသူရွာသားတွေဆီက ဆန်တွေ တောင်းယူတယ်။ ဆပ်ကြေးတွေ ကောက်တယ်။ သံလွင် အနောက်ခြမ်းက ရွာသူရွာသားတွေက ဆန်သွားပို့ရင် သျှမ်းသူပုန်ကို ထောက်ပံ့တယ် ဆိုပြီး ရွာသူရွာသားတွေကို ဖမ်းဆီးရိုက်နှက်တယ်” ဟု SSA တောင်ပိုင်း ခေါင်းဆောင် စ၀်ယွက်စစ်က ပြောပါသည်။
နအဖက ယခုလို သျှမ်းပြည်တပ်မတော် ယူနီဖောင်းနှင့် ၀တပ် ၀တ်စုံ ချုပ်ခိုင်းနေသည်မှာ ၁။ ရွာသူရွာသားများ သျှမ်းစစ်သားနှင့် ၀စစ်သားများအား အထင်လွှဲ၍ မုန်းတီးစေရန် သျှမ်းနှင့် ၀တပ်ဖွဲ့ ယောင်ဆောင်၍ ရွာသူရွာသားများအား အနှောင့်ယှက် ပေးလာနိုင်ဖွယ်ရှိကြောင်း၊ ၂။ သျှမ်းစစ်တပ်နှင့် ၀စစ်တပ် တိုက်ခိုက်မှု ဖြစ်ပွါးစေရန် လှုံ့ဆော်ပေးခြင်းလည်း ဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူများက ပြောပါသည်။
လွန်ခဲ့သော ၅-၆ နှစ် နအဖစစ်သားက သျှမ်းစစ်သားအဖြစ် ယောင်ဆောင်ကာ သစ်ခုတ်သမားများအား သေနတ်နှင့် ပစ်သတ်၍ သျှမ်းစစ်သား လက်ချက် ဖြစ်သည်ဟု စွပ်စွဲပြီး နအဖပိုင် သတင်းမီဒီယာများ၌ ထုတ်လွှင့်ခဲ့ဖူးသည်။