အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီ ၁ဝ ခုအား ဖျက်သိမ်းလိုက်ကြောင်းနှင့် ရွေးကောက်ပွဲဝင်ခွင့်ရ ပါတီ ၃၇ ခုအား နိုင်ငံပိုင်ရုပ်သံနှင့် ရေဒီယိုများတွင် အကန့်အသတ်များဖြင့် မဲဆွယ်ခွင့်ပေးမည့်အစီအစဉ်ကို ...
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီ ၁ဝ ခုအား ဖျက်သိမ်းလိုက်ကြောင်းနှင့် ရွေးကောက်ပွဲဝင်ခွင့်ရ ပါတီ ၃၇ ခုအား နိုင်ငံပိုင်ရုပ်သံနှင့် ရေဒီယိုများတွင် အကန့်အသတ်များဖြင့် မဲဆွယ်ခွင့်ပေးမည့်အစီအစဉ်ကို ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့က ကြေညာလိုက်သည်။
ပါတီများ ဟောပြောမှုကို ကန့်သတ်ချက်
(၁) | ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး တို့ကို ထိခိုက်စေမည့် ဟောပြော ပြုလုပ်ခြင်း |
(၂) | လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်း သာယာရေးကို ထိခိုက်စေသည့် ဟောပြော ပြုလုပ်ခြင်း |
(၃) | ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် တည်ဆဲ ဥပဒေများကို လေးစားလိုက်နာမှု မရှိခြင်း |
(၄) | နိုင်ငံတော်အား အကြည်ညို ပျက်စေရန် (သို့မဟုတ်) ဂုဏ်သိက္ခာ ထိပါးစေရန် ဟောပြောပြုလုပ်ခြင်း |
(၅) | တပ်မတော် ပြိုကွဲရေးကို ဖြစ်ပေါ်စေရန် (သို့မဟုတ်) တပ်မတော်၏ ဂုဏ်သိက္ခာ ထိခိုက်စေရန် ဟောပြော ပြုလုပ်ခြင်း |
(၆) | လူမျိုးရေး သို့မဟုတ် ဘာသာရေး (သို့မဟုတ်) လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့် တရားကို ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှု ပြုလုပ်ခြင်း |
(၇) | ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုလုပ်ခြင်း |
(၈) | ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို ထိခိုက် ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော် ဟောပြောခြင်း |
(၉) | နိုင်ငံ ဝန်ထမ်းများအား ယင်းတို့တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်စေရန် သို့မဟုတ် အစိုးရအား ဆန့်ကျင် ဆန္ဒြုပစေရန် သွေးထိုး လှုံ့ဆော် ဟောပြောခြင်း |
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၁၉၉ဝ ရွေးကောက်ပွဲ လက်ကျန်ပါတီ ၅ ခုနှင့် ၂ဝ၁ဝ တွင် တည်ထောင်သော ပါတီ ၅ ခုကို ဖျက်သိမ်းကြောင်း ပါရှိသည်။
၁၉၉ဝ ရွေးကောက်ပွဲဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်ထောင်စု ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ၊ "ဝ" အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ တို့ကို ပါတီ ဆက်လက် တည်ထောင်ခွင့် မလျှောက်ထား၍ ဖျက်သိမ်းခံရသည်။
ကိုယ်စားလှယ်လောင်း သုံးနေရာ တင်သွင်းနိုင်ခြင်း မရှိသဖြင့် ဖျက်သိမ်းခံရသည့် ပါတီ ၅ ခုမှာ ပြည်ထောင်စု ကရင်အမျိုးသား အဖွဲ့ချုပ် ၊ မြန်မာ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ၊ မြန်မာဒီမိုကရေစီ ကွန်ဂရက် ၊ မြို တိုင်းရင်းသား ပါတီ၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ပြည်) တို့ ဖြစ်သည်။
တဆက်တည်းပင် ရွေးကောက်ပွဲ ကော်မရှင်က ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များတွင် ၁၅ မိနစ်စီ အလှည့်ကျ ဟောပြောလိုသော ပါတီ အသီးသီးမှ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးများ ၂၅. ၁ဝ.၂ဝ၁ဝ အထိ ခွင့်ပြုမိန့် လျှောက်ထားရမည်ဟုလည်း ကြေညာလိုက်သည်။ လျှောက်လွှာစာမူ အရွယ်အစား A4 စက္ကူ ၇ မျက်နှာထက် မပိုရဟု သတ်မှတ်ထားသည်။
သို့သော် တိကျစွာ အဓိပ္ဗါယ် ဖွင့်ဆိုထားခြင်း မရှိဘဲ အတိုက်အခံများကို ဖမ်းဆီး ထောင်ချရာတွင် အသုံးများလေ့ရှိသော နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါအဝင် ကန့်သတ်ချက်များကို ထည့်သွင်းထားသည်။ ထို့ပြင် ဟောပြောတင်ပြမည့် စာမူကို စာပေ စိစစ်ရေးဌာန ခွင့်ပြုချက် ရယူရန်လည်း လိုအပ်သည်။