ဆောက်လုပ်ရေးတွေ ကြံ့ဖွံ့ဆွဲ

ဆောက်လုပ်ရေးတွေ ကြံ့ဖွံ့ဆွဲ
by -
ခိုင်စု

နာမည်ကြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်လေးဦး ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအတွက် ရွေးကောက်ပွဲ ဝင်ပေး ...

နာမည်ကြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်လေးဦး ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအတွက် ရွေးကောက်ပွဲ ဝင်ပေးရသည်။

ဆောက်လုပ်ရေး လုပ်ငန်းရှင် အသင်း ဥက္ကဋ္ဌ ဒေါက်တာ ခင်ရွှေ (ဇေကမ္ဘာ)၊ ဦးရန်ဝင်း (A1)၊ ဦးဌေးမြင့် (ယုဇန)၊ ဦးတင့်ဆန်း (ACE) တို့ လွှတ်တော် အသီးသီးတွင် ဝင်ပြိုင်ရမည် ဖြစ်သည်။

“ကိုယ့်ဒေသမှာ ဟိုတုန်းကတည်းက လူမှုရေးတွေ လုပ်လာတာဆိုတော့ ကျနော့်ကို အဲဒီမှာ ဝင်ရွေးခံဖို့ ပြောတယ်လေ။ ဒေသအကျိုး ဆက်လုပ်ဖို့ တာဝန်ပေးတာပဲဆိုပြီး ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တာ” ဟု ဦးရန်ဝင်းက မဇ္ဈိမကို ပြောသည်။

ဒေါက်တာခင်ရွှေသည် အမျိုးသား လွှတ်တော်အတွက် တွံတေး၊ ကော့မှူးနှင့် ကွမ်းခြံကုန်းမြို့နယ်များ စုပေါင်းထားသည့် မဲဆန္ဒနယ် အမှတ် ၉ ၊ ဦးရန်ဝင်းမှာ တိုင်းဒေသကြီး လွှတ်တော်အတွက် ဧရာဝတီတိုင်း မအူပင် မဲဆန္ဒနယ် အမှတ် ၁ ၊ ဦးတင့်ဆန်းမှာ ပြည်သူ့ လွှတ်တော်အတွက် ဧရာဝတီတိုင်း မြောင်းမြမြို့နယ်၊ ဦးဌေးမြင့်ကမူ လွှတ်တော်တရပ်အတွက် တနင်္သာရီတိုင်း မြိတ်မှ ဝင်အရွေးခံရမည်။

ဦးရန်ဝင်းနှင့် မအူပင်တွင် မဲပုံးပြိုင်ထောင်မည့်သူမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးအောင်သောင်း ဖြစ်သည်။

မကြာမီ ရက်ပိုင်းအတွင်း စည်းရုံးရေး စကာ အသုံးစရိတ်ကို ဥပဒေအတိုင်း ကျပ်သိန်း ၁ဝဝ အတွင်း သုံးမည်ဖြစ်ကြောင်း၊ မွေးရပ်မြေတွင် ရွေးကောက်ပွဲဝင်၍ အခက်အခဲ မရှိကြောင်း ဦးရန်ဝင်းက ဆိုသည်။

“ကိုယ့်နေရာဖြစ်လို့ ရွာတွေမှာ ကိုယ့်သူငယ်ချင်း အပေါင်းအသင်းတွေ များတယ်။ သူတို့က ကိုယ့်ကို ဒေသကောင်းကျိုး ဆက်လုပ်မယ်လို့ ယုံကြည်ကြလို့ စည်းရုံးရတာ မခက်ပါဘူး။ ပြိုင်ဘက်က ကျနော့်လောက် ဒေသအကျိုး လုပ်မပေးဘူးလို့ ထင်တယ်။ ဒါက အားသာချက်ပဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

ကြံ့ဖွံ့ပါတီမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်သည့်အပြင် ၎င်းကိုယ်တိုင်လည်း ကြံ့ဖွံ့နှင့် ပူးပေါင်းလုပ်ကိုင်နေသဖြင့် ယင်းပါတီမှ ကိုယ်စားပြု ဝင်ပြိုင်ခြင်း ဖြစ်သည်။

“ကိုယ်ပိုင်ငွေနဲ့လည်း လှူသလို ဌာနဆိုင်ရာ ဘက်ဂျက်တွေ ရအောင်လည်း တောင်းပေးတယ်။ ဟိုးကတည်းက လုပ်လာတာဆိုရင် သိန်းပေါင်း ၂,ဝဝဝ- ၃,ဝဝဝ လောက်ရှိမယ်” ဟု သူက ပြောသည်။

လွှတ်တော်အမတ် ဖြစ်လာလျှင် ဒေသခံများ တောင်းဆိုသည့် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး ကိစ္စရပ်များကို အဆင့်ဆင့် တင်ပြတောင်းဆိုပေးသွားမည်ဟု ဦးရန်ဝင်းက ဆိုသည်။ မအူပင်မြို့နယ်အတွင်း ကျောင်းဆောင်သစ်များ ပေါ်ပေါက်လာရေး၊ လမ်းခင်းနိုင်ရေး၊ ကျေးရွာမီးလင်းနိုင်ရေး စသည်တို့ ဆောင်ရွက်ခဲ့သည်ဟုလည်း ဆိုသည်။

မအူပင်မြို့နယ် ငါးကြီးကရက်ရွာ ဇာတိ ဦးရန်ဝင်း (၅၉ နှစ်) ကို လယ်သမားမိဘ နှစ်ပါးက မွေးဖွားသည်။ ၁၉၇၃ တွင် အင်းစိန် ဂျီတီအိုင်မှ အင်ဂျင်နီယာဘွဲ့ ရခဲ့သည်။

မြန်မာ့ဆောက်လုပ်ရေး လုပ်ငန်းတွင် အနှစ် ၂ဝ မျှ လုပ်ခဲ့ပြီးနောက် အေဝမ်း ဆောက်လုပ်ရေး လုပ်ငန်းကို ထူထောင်ခဲ့သည်။ ယင်းလုပ်ငန်းအပြင် အေဝမ်း အထည်ချုပ် လုပ်ငန်း၊ ရန်ကုန်ရှိ ပန်နိုရားမား ဟိုတယ်၊ နေပြည်တော်ရှိ Mount Pleasant ဟိုတယ်များကို အစုစပ်ပိုင်ဆိုင်သည်။ ဦးသိန်းအောင် အမည်ရှိ ညီအငယ်ဆုံးမှာ သိန်း ဆောက်လုပ်ရေး လုပ်ငန်းရှင် ဖြစ်သည်။

 

 

 

Most read this week