၂ဝ၁ဝ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီး လူမျိုးစုလွှတ်တော် ကိုယ်စားလှယ်အတွက် ချင်းလူမျိုး ပူး အီးနော်ခ် (Enok) တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ...
၂ဝ၁ဝ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီး လူမျိုးစုလွှတ်တော် ကိုယ်စားလှယ်အတွက် ချင်းလူမျိုး ပူး အီးနော်ခ် (Enok) တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။
“ကျတော် ချင်းအမျိုးသားတွေ အကျိုးစီးပွားအတွက် အလုပ်လုပ်ချင်လို့ ဝင်ပြိုင်တာပါ၊ လုပ်စရာက အများကြီးပေါ့” ဟု ပြောသည်။
ပူး အီးနောခ်သည် မဟာဝိဇ္ဖာဘွဲ့ ရရှိထားသူ ဖြစ်ပြီး လက်ရှိတွင် ကလေးမြို့၌ မိသားစု ၄ ဦးနှင့်အတူ ချင်းရိုးရာ အဝတ်အထည်ဆိုင်ကို ဖွင့်လှစ်နေသူ ဖြစ်သည်။
“ပူး အီးနောခ်ဟာ လေးစားထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်တယ်၊ အခု ခရစ်ယာန် အသင်းတော် နှစ်ခုမှာ သင်းထောက်အဖြစ် တာဝန် ယူနေတယ်၊ သူလို ပုဂ္ဂိုလ်တွေ ရွေးကောက်ပွဲဝင်တာ ကောင်းတယ်” ဟု ကလေးမြို့ မှ ကျူရှင် ဆရာတဦးက ပြောသည်။
ပူး အီးနောခ်သည် ချင်းပြည်နယ် ဖလမ်းမြို့နယ် Hriang Hnang ရွာ ဇာတိ ဖြစ်ပြီး အမျိုးသားရေးတွင် စိတ်အား ထက်သန်သူဖြစ်ကြောင်း ပြောကြသည်။
“သူက မျိုးချစ်ပုဂ္ဂိုလ်ပဲ၊ ကလေးမြို့မှာ နှစ်စဉ် ကျင်းပတဲ့ ချင်းအမျိုးသား နေ့တိုင်းမှာ ကျင်းပရေး ဥက္ကဌ အဖြစ် သူပဲ တာဝန် ယူခဲ့တယ်” ဟု ကလေးတက္ကသိုလ်မှ ချင်းကျောင်းသား တဦးက ပြောသည်။
အလားတူ စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း ချင်းတိုးတက်ရေး ပါတီမှ လူမျိုးစုလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပူး နိုးထန်ကပ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ချင်းတိုးတက်ရေးပါတီ၊ ယူအက်စ်ဒီပီ၊ တစည ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်သွားကြမည် ဖြစ်သည်။