ရခိုင်ပြည်နယ်မှ နိုင်ငံရေး ပါတီ တစ်ခု ဖျက်သိမ်းခံရ

ရခိုင်ပြည်နယ်မှ နိုင်ငံရေး ပါတီ တစ်ခု ဖျက်သိမ်းခံရ
by -
စံလင်း

ရခိုင်ပြည်နယ်မှ နိုင်ငံရေး ပါတီတစ်ခု ဖြစ်သော မြိုတိုင်းရင်းသား ပါတီကို တခြားပါတီ ၄ ခုနှင့်အတူ ကိုယ်စားလှယ်လောင်း မတင်သွင်းနိုင်သဖြင့် ဖျက်သိမ်းလိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့က ...

ရခိုင်ပြည်နယ်မှ နိုင်ငံရေး ပါတီတစ်ခု ဖြစ်သော မြိုတိုင်းရင်းသား ပါတီကို တခြားပါတီ ၄ ခုနှင့်အတူ ကိုယ်စားလှယ်လောင်း မတင်သွင်းနိုင်သဖြင့် ဖျက်သိမ်းလိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့က ကျေညာသည်။

မြိုတိုင်းရင်းသား ပါတီ ဗဟိုဌာနချုပ်ရုံးမှာ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၊ ကုန်သည်လမ်း၊ အိမ်အမှတ် (၆၂၅)တွင် တည်ရှိသည်။ အဆိုပါ ပါတီကို ၂ဝ၁ဝ ခုနှစ်က ဇူလိုင်လ ၅ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့် အမှတ် ၃၅ ဖြင့် ပါတီ တည်ထောင်ခွင့် ပြုခဲ့သည်။

“အဓိကတော့ အချိန် မရတာနဲ့ ငွေမရှိတာကြောင့် Mro-communityကိုယ်စားလှယ်လောင်း မတင်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ တခြားဟာတွေတော့ သိပ်မရှိပါဘူး” ဟု ပါတီ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သတ်မှတ်ချိန်အတွင်း ကိုယ်စားလှယ် စာရင်း မတင်သွင်းနိုင်သဖြင့် တခြား ဖျက်သိမ်းခံခဲ့ရသော ပါတီများမှာ ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်၊ မြန်မာ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ မြန်မာဒီမိုကရေစီ ကွန်ဂရက် ပါတီနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးပါတီ (ပြည်) တို့ ဖြစ်ကြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် ၁၉၉ဝ ရွေးကောက်ပွဲ လက်ကျန်ပါတီ ၅ ခုကိုလည်း ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံ မတင်သဖြင့် ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့က ကျေညာသည်။

အဆိုပါ ပါတီ ၅ ခုမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်ထောင်စု ပအိုးဝ်အမျိုးသား အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ် ပါတီနှင့် 'ဝ' အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့ ဖြစ်ကြသည်။

ဖျက်သိမ်းခံရသော မြိုအမျိုးသားပါတီမှာ မြိုလူထု တိုးတက်ရေးအတွက် ဖွဲ့စည်းထားသော ပါတီ ဖြစ်ပြီး မြိုအမျိုးသားများမှာ ရခိုင်မျိုးနွယ်စုထဲတွင် ပါဝင်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများနှင့် ချင်းပြည်နယ် တောင်ပိုင်းတွင် နေထိုင်ကြသည်။ မြိုတိုင်းရင်းသားများ၏ လူဦးရေကို အတိအကျ မသိရှိရသော်လည်း ခန့်မှန်းခြေအားဖြင့် လူဦးရေ နှစ်သောင်းခန့် ရှိသည်ဟု သိရသည်။

 

 

 

 

Most read this week