နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကယန်းအမျိုးသားပါတီ (KNP) စည်းရုံးရေး ဆင်းခရီးစဉ်အား ဝန်ကြီးချုပ် ဦးသိန်းစိန်၏ ကြံ့ဖွံ့ပါတီက ကန့်သတ်ချုပ်ချယ်နေကြောင်း ...
နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကယန်းအမျိုးသားပါတီ (KNP) စည်းရုံးရေး ဆင်းခရီးစဉ်အား ဝန်ကြီးချုပ် ဦးသိန်းစိန်၏ ကြံ့ဖွံ့ပါတီက ကန့်သတ်ချုပ်ချယ်နေကြောင်း စုံစမ်းသိရှိရပါသည်။
“ဒီးမော့ဆိုမှာ စည်းရုံးရေး ဆင်းလို့ မရဘူးလေ။ ကြံ့ဖွတ်ပါတီက ဘာကြောင့် ကန့်သတ်နေသလဲဆိုတာ ဘာအကြောင်းပြချက်မှ မပေးဘူး။ ဒါမတရားဘူး ဆိုတာ ထင်ရှားနေပါတယ်” ဟု ခွန်းဘိုဘိုက ပြောပါသည်။
ကယန်းအမျိုးသားပါတီ ရုံးချုပ်ကို သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့၌ ဖွင့်လှစ်ထားပြီး ကယန်းစာပေနှင့် ယဉ်ကျေးမှု အသင်း ဥက္ကဋ္ဌ ဦးယူကျင်း (ဖယ်ခုံဇာတိ)က ဦးဆောင်သည်။ ပါတီဥက္ကဋ္ဌဖြစ်သူ ဦးယူကျင်း ကိုယ်တိုင် ပြည်သူ့လွှတ်တော်အဆင့်နှင့် ဒီမောဆိုးမှ ခွန်းနားလီက ပြည်နယ်လွှတ်တော်အဆင့် အသီးသီး ယှဉ်ပြိုင်မည်ဟု ဆို၏။
ကယန်းလူမျိုး နေထိုင်သော သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ကရင်ပြည် သံတောင်မြို့နယ်၊ ကရင်နီပြည် (ကယားပြည်) ဒီးမော့ဆိုမြို့နယ်နှင့် မန္တလေးတိုင်း ပျဉ်းမနားမြို့နယ်တို့၌ ယှဉ်ပြိုင်မည်ဟု သိရှိရသည်။
“ဒီးမော့ဆိုမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်တွေမှာ ကယန်းလူမျိုး ၄ဝ၂,ဝဝဝ ခန့် ရှိပြီး လူဦးရေ အများဆုံးဖြစ်တယ်” ဟု Kayan New Generation Youth (KNGY) ခေါင်းဆောင် ခွန်းလိုပင်ဆန်က ပြောပါသည်။
ကယန်းပါတီအဓိက ယှဉ်ပြိုင်ရမည့် ပါတီမှာ တစညနှင့် ကြံ့ဖွံ့ပါတီတို့ ဖြစ်၏။ ငွေကြေး မလုံလောက်မှုသည်လည်း ပါတီ၏ စိန်ခေါ်မှု တစ်ခု ဖြစ်သည်ဟု ၎င်းက ဆက်၍ ပြောပြပါသည်။
“ပါတီ အခြေအနေက သိပ်မကောင်းဘူး။ စည်းရုံးဆင်းခွင့် ရတဲ့ ပျဉ်းမနားနဲ့ သံတောင်တွေမှာ ကယန်းလူမျိုးတွေ သိပ်မရှိတော့ဘူး။ အဓမ္မ ရွေ့ပြောင်းခိုင်းတဲ့ အထဲမှာ ကယန်းလူထု အများစုဘဲ” ဟု ခွန်းဘိုဘိုက ပြောပါသည်။
အချို့ကယန်းရွာသူရွာသားများက မည်သည့် ပါတီမျှ မရှိသည်နှင့် နှိုင်းယှဉ်လျှင် ကိုယ့်လူမျိုး ကိုယ်စားပြု ပါတီတခု ရှိပါက ပိုကောင်းသည်ဟု ပြောဆိုသူများ ရှိသကဲ့သို့ ရွေးကောက်ပွဲသည် တိုင်းရင်းသားများအတွက် အကျိုးမရှိသောကြောင့် ဘယ်ပါတီမှ အလိုမရှိဟု ပြောဆိုသူများလည်း ရှိပါသည်။
၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် သံတောင်မြို့နယ်၌ ကယန်းပါတီအမတ်နေရာ အများဆုံး ရရှိခဲ့သည်။