ကျောက်ဖြူမြို့နယ်တွင် ကြံ့ဖွံ့ပါတီမှ အဖွဲ့ဝင်သစ်များကို ခွဲတန်းချစည်းရုံး

ကျောက်ဖြူမြို့နယ်တွင် ကြံ့ဖွံ့ပါတီမှ အဖွဲ့ဝင်သစ်များကို ခွဲတန်းချစည်းရုံး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ကြံ့ဖွံ့ပါတီမှ အဖွဲ့ဝင်သစ်များကို မဝင်မနေရ ခွဲတန်းချပြီး စည်းရုံးသိမ်းသွင်းနေသည်ဟု ဒေသခံများက ...

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ကြံ့ဖွံ့ပါတီမှ အဖွဲ့ဝင်သစ်များကို မဝင်မနေရ ခွဲတန်းချပြီး စည်းရုံးသိမ်းသွင်းနေသည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ စည်းရုံးသိမ်းသွင်းနေမူကို ကျောက်ဖြူမြို့နယ် အမှတ် ၅ နှင့် အမှတ် ၆ နယ်မြေတွင် ပြုလုပ်နေကြောင်း ဒေသခံ ရွာသား တစ်ဦးက ပြောသည်။

“အမှတ် ၅ နဲ့ အမှတ် ၆ နယ်မြေတွေ ဖြစ်ကြတဲ့ ဇင်ချောင်းနဲ့ စနဲ တိုက်နယ်တွေမှာ ကျေးရွာ တစ်ရွာက လူ ၅ဝ နုန်းနဲ့ ကြံ့ဖွံ့ ပါတီထဲကို ဝင်ရမယ် ဆိုပြီး ကျောက်ဖြူမြို့နယ် ကြံ့ဖွံ့ စည်းရုံးရေမှူး ဦးမျိုးကိုဟန်ကနေပြီးတော့ ကျေးရွာ ရယက ဥက္ကဌတွေကို အမိန့်ထုတ်ကာ ကြံ့ဖွံ့ပါတီအတွက် အဖွဲ့ဝင် သစ်တွေကို စုဆောင်းနေပါတယ်” ဟု သူက ပြောသည်။

ကျေးရွာသားများမှာ ကြံ့ဖွံ့ပါတီထဲသို့ မဝင်ချင်သော်လည်း ရယက ဥက္ကဌများနှင့် အာဏာရှိသူများ၏ ဖိအားပေးမူကြောင့် ကြံ့ဖွံ့ပါတီသို့ ဝင်ရောက်နေကြသည်ဟု သူက ဆက်ပြောသည်။

“ရွာသားတွေ အများစုကတော့ ကြံ့ဖွံ့ပါတီကို မဝင်ချင်ကြပါဘူး။ ဒါပေမယ့်လည်း ကြံ့ဖွံ့ အဖွဲ့ဝင်တွေ၊ ရယက အဖွဲ့ထဲက လူကြီးတွေရယ်၊ ပြည်သူ့စစ်နဲ့ မီးသတ်အဖွဲ့တွေက အားနဲ့ စည်းရုံးရေး လုပ်နေတော့ ကြောက်ပြီး အဖွဲ့ထဲကို ဝင်နေကြရပါတယ်။ ရွာတစ်ရွာကို ၁ဝ ယောက် ရတဲ့ ရွာတွေ ရှိသလို အယောက် ၂ဝ ရတဲ့ ရွာတွေလည်း ရှိပါတယ်” ဟု ဆက်ပြောသည်။

ရွာသားများမှာ ကြံ့ဖွံ့ပါတီကို မကြိုက်ကြသည့်အပြင် အလုပ်အကိုင် ပျက်မည်ကို စိုးရိမ်သောကြောင့် ကြံ့ဖွံ့ပါတီထဲကို မဝင်ချင်သော်လည်း အာဏာပိုင်များ၏ ဖိအားပေးမူကြောင့် လူတကိုယ် ကျပ်ငွေ ၁၅ဝဝ သွင်းကာ ကြံ့ဖွံ့ပါတီထဲကို ဝင်ရောက်နေကြရသည်။

“ငွေ ၁၅ဝဝ က ပါတီဝင်ကြေးနဲ့ ကတ်ပြားအတွက် ဆိုပြီး ကောက်တာပါ။ အဲဒီငွေတွေကို သူတို့ အထက်ကို တင်ပြမလား။ ကိုယ်ကျိုးအတွက် သုံးမလား ဆိုတာကိုတော့ မသိပါဘူး။ အဖွဲ့ဝင် စာရင်းနဲ့အတူ ပိုက်ဆံကို တပါတည်း ကောက်ယူပါတယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် ဒေသခံ ပြည်သူများက ရခိုင် အခြေပြု အမျိုးသားပါတီများကို မဲပေးမည် ဖြစ်ကြောင်း ဒေသအတွင်း ကျယ်ကျယ်ပြန့်ပြန့် သတင်းများ ထွက်လာပြီးနောက် ကြံ့ဖံွံ့ ပါတီက ခေါင်းဆောင်များ ကျေးလက်ဒေသအထိ ဆင်းလာပြီး ရယကများနှင့် ပူးပေါင်းကာ အဖွဲ့ဝင်သစ်များကို အတင်းစည်းရုံးသိမ်းသွင်းနေခြင်း ဖြစ်သည်။

 

 

 

Most read this week