ပြေးကြည့်စရာမလို၊ တွေးကြည့်တာနဲ့သိနိုင်တဲ့ မွန်ပြည်နယ် ရွေးကောက်ပွဲ ရလာဒ်အဖြေ

ပြေးကြည့်စရာမလို၊ တွေးကြည့်တာနဲ့သိနိုင်တဲ့ မွန်ပြည်နယ် ရွေးကောက်ပွဲ ရလာဒ်အဖြေ
by -
မင်းစိုင်းနွန်ဒေါ

မွန်ပြည်နယ် (၁၀) မြို့နယ်အတွင်းက မဲဆန္ဒနယ်မြေတိုင်းမှာ စစ်အစိုးရ လက်ဝေခံအဖွဲ့ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ပါတီ....

 

မွန်ပြည်နယ် (၁၀) မြို့နယ်အတွင်းက မဲဆန္ဒနယ်မြေတိုင်းမှာ စစ်အစိုးရ လက်ဝေခံအဖွဲ့ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ပါတီတို့ဟာ မြို့နယ်တိုင်းမှာ အပြိုင် နေရာယူထားနေချိန်မှာ မွန်တိုင်းရင်းသားတွေကို ကိုယ်စားပြုဖွဲ့စည်းထားတဲ့  မွန်ဒေသလုံးဆိုင်ရာပါတီကတော့ ဘီးလင်း၊ ကျိုက်ထိုနဲ့ သထုံမြို့နယ်အတွင်းမှာပင် လူ၊ အချိန်နဲ့ ငွေကြေး အခက်အခဲတွေကြောင့် လုံးဝမကပ်နိုင်တဲ့အခြေအနေ တွေ့ကြုံနေရပါတယ်။

 

ဒီမြို့နယ်တွေမှာ တစည နဲ့ ပြည်ခိုင်ဖြိုးပါတီ (ကြံ့ဖွှံ့) ၂ ခုကပဲ ဦးဆောင်နေတဲ့ အနေအထားနဲ့ အဓိကပြိုင်ဖက်တွေ ဖြစ်နေ ပါတယ်။ လက်ရှိအခြေအနေမှာ တစညတွေ ဘယ်လိုပဲဝင်ရောက် နေရာယူ ယှဉ်ပြိုင်ပါစေ လာမယ့်ရွေးကောက်ပွဲမှာ ကြံ့ဖွတ် ပါတီကို လုံးဝအနိုင်ရဖို့ဆိုတာ ဖြစ်နိုင်ချေမရှိပါဘူး။

သထုံခရိုင်၊ ပေါင်မြို့နယ် မဲဆန္ဒနယ်မြေမှာ လွှတ်တော်သုံးရပ်စလုံးအတွက် မွန်ဒေသလုံးဆိုင်ရာပါတီက ဝင်ပြိုင်ဖို့ ပြင်ဆင် နေပါတယ်။ ဒါပေမယ့် လက်တွေ့အရ အနိုင်ရဖို့လမ်းမမြင်သေးပါ။ ၁၉၆၀ ခုနှစ်နဲ့ ၁၉၉၀ ခုနှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ တွေမှာလည်း ပေါင်မြို့နယ်ကနေ မွန်အမတ်တစ်ယောက်တစ်လေမှ အနိုင်ရရှိခဲ့တာ မတွေ့မြင်ခဲ့ရပါ။ အခုချိန်မှာ ကြံ့ဖွံ့ပါတီက မဲအောင်နိုင်ရေး မဟာစီမံကိန်းတွေချနေချိန်မှာ တဖက်ကလည်း စစ်အစိုးရဦးဆောင်လုပ်မယ့် ဒီရွေးကောက်ပွဲကို မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကလည်း လက်မခံတာက တကြောင်း၊ ဒေသခံမွန်တိုင်းရင်းသားတွေ ကိုယ်တိုင်က မဲမပေးရေး သပိတ်မှောက်နေတာကလည်း ရှိနေပြန်တော့ သထုံခရိုင်(၄) မြို့နယ်အတွင်း မွန်ဒေသလုံး ဆိုင်ရာပါတီ အနေနဲ့ ကံကောင်းရင် အမတ်လောင်း တနေရာတောင် ရနိုင်ပါ့မလားဆိုတာ စဉ်းစားစရာပါ။

အဲဒိအပြင် ရွေးကောက်ပွဲမှာ ၀င်ရောက်အရွေးခံမယ့် လက်ရှိမွန်အမတ်လောင်းတွေမှာလည်း နိုင်ငံရေးလောကနဲ့ အကျွမ်း တ၀င် သိပ်ရှိလှတာမဟုတ်တော့ ဦးဆောင်နိုင်မယ့် အရည်အချင်းပိုင်းမှာလည်း အားနည်းနေတာကို တွေ့ရပြန်ပါတယ်။ နိုင်ငံရေး လောကမှာ တဦးချင်းရဲ့ အရည်အချင်း ဘယ်အဆင့်မှာရှိနေတယ်ဆိုတာ အများက သဘောပေါက် လက်ခံ ထားပေမဲ့ တဖက်မှာဆရာ့ ဆရာများ၏ သြဇာလွှမ်းမိုးမှုတွေကို မလွန်ဆံဝန့်သူတွေဖြစ်နေကြပြီး၊ မွန်ဆိုရင်ပြီးရော မိမိ အရည်အချင်းအဓိကမဟုတ်ဆိုတဲ့ ကြက်ကန်းအတွေးဝင် အမတ်လောင်းတချို့ကိုလည်း တွေ့နေရပါတယ် (နာမည်တတ်ပြီး မပြောကောင်းလို့ ချန်ရစ်ထားပါရစေ)။

ကျိုက်မရော၊ မုဒုံနဲ့ ရေးမြို့နယ်တွေမှာဝင်ရောက်ယှဉ်ပြိုင်မယ့် မွန်ဒေသလုံးဆိုင်ရာပါတီကိုယ်စားလှယ်လောင်း အများစု ကတော့ သက်ဆိုင်ရာ နေရာဒေသနဲ့ လိုက်လျောညီထွေတဲ့ အရည်ချင်းတွေရှိတာတွေ့မိပါတယ်။ လူမှု့အသိုင်းဝိုင်းအကြားမှာ ဂုဏ်သိက္ခာရှိသူတွေ၊ နိုင်ငံရေးအတွေ့အကြုံရှိသူများပီပီ၊ ပညာရေးအခြေခံလည်း အားကောင်းပြီး လူထုအပေါ် သြဇာ လွှမ်းမိုးနိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတာတွေ့မြင်မိပါတယ်။ ဒါပေမဲ့ ကြံ့ဖွံ့ပါတီနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင်တော့ ၅၀၊ ၅၀ အနေ အထားမှာ တွေ့နေရပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒိဒေသတွေမှာ လျာထားခံရတဲ့ကြံ့ဖွံ့အမတ်လောင်း အများစု ဟာလည်း ရိုးသားမှုကိုအခြေအခြေခံပြီး ပညာရေးမှာ ခေသူများ မဟုတ်ကြလို့ပါပဲ။

ဒါပေမဲ့ သံဖြူဇရပ်မြို့နယ် မွန်ဒေသလုံးဆိုင်ရာပါတီ ကိုယ်စားလှယ်အမတ်လောင်းတွေကိုတော့ လူသိနည်းလှသည့် အခြေအနေမျိုးတွင် ရှိနေသည်။ ဘာသာရေး၊ အမျိုးသားရေး၊ နိုင်ငံရေး၊ စာပေ၊ ယဉ်ကျေးမှုစတဲ့ နယ်ပယ်အသီးသီးက မွန်ခေါင်းဆောင်တွေကိုယ်တိုင်က ၎င်းတို့ကို မည်သူ၊ မည်ဝါ ဖြစ်ကြောင်း ပုံရိပ်သဲသဲကွဲကွဲ ဖမ်းနိုင်စွမ်း မရှိသေးပါဘူး။ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့နဲ့ မွန်ပြည်သစ်ပါတီက အောက်ခြေအမာခံလူငယ်တွေကလည်း ဒီရွေးကောက်ပွဲအပေါ် တစုံတရာ အားပေးထောက်ခံတဲ့ လှုပ်ရှားမှုမျိုးမရှိတဲ့အပြင်၊ ၀င်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသူများကိုလည်း မ၀င် သင့်ကြောင်း ဆန့်ကျင်၊ ပြောဆို ဝေဖန်မှုတွေလည်း ကျယ်ကျယ်လောင်လောင် ကြားသိနေရပြန်ပါတယ်။ နောက်ပြီး ကြံ့ဖွံ့ပါတီကလည်း သံဖြူဇရပ်မြို့ပေါ်က လက်အောက်ခံကျိုက္ခမီမြို့နဲ့ ကရုပ္ပိစံပြကျေးရွာတွေမှာ ၎င်းတို့ပါတီရဲ့ အဓိက အမာခံနယ်မြေတွေအဖြစ် သတ်မှတ်ထားပြန်တော့ မွန်ဒေသလုံးဆိုင်ရာပါတီအနေနဲ့ စည်းရုံးရေးဆင်းတဲ့နေရာမှာ အားနည်းချက်တွေရှိနေတာ တွေ့မြင်ခဲ့ရပါတယ်။

မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်မြေတွေမှာတော့ မွန်လူဦးရေအတော်အတန်ရှိတယ်ဆိုပေမဲ့လည်း တရုတ်၊ မြန်မာနွယ်ဖွား အိန္ဒိယလူမျိုး၊ ဗမာနဲ့ အခြားလူမျိုးပေါင်းစုံ ရောယှက်နေထိုင်နေတဲ့အပြင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်နဲ့ အစိုးရ ဝန်ထမ်း အများဆုံး နေထိုင်တဲ့မြို့ဖြစ်နေတဲ့အတွက် ၎င်းတို့ပေးမယ့် ဆန္ဒမဲပြားတွေဟာ အဲဒီဒေသက ကြံ့ဖွံ့ပါတီတွေလက်ထဲ မလွဲ ဧကန် အမှန်ရောက်နိုင်ပါတယ်။ အဲဒိအပြင် ချောင်းဆုံ(ဘီလူးကျွန်း) မြို့နယ်တွေမှာလည်း မွန်ဒေသလုံးဆိုင်ရာပါတီအဖို့ မဲအောင်နိုင်ရေးအတွက် မလွယ်ကူလှပါဘူး။

တချက်ကတော့ ကြံ့ဖွံ့ပါတီဟာ လူထုအော့နှလုံးနာနေတဲ့ ပါတီဖြစ်နေတဲ့ အချက်ကြောင့် မဲထည့်ကြမယ့်ပြည်သူတွေဟာ မွန်ဒေသလုံးဆိုင်ရာပါတီကို ထောက်ခံမဲတွေပေးကြလိမ့်မယ်လို့ လိုရာဆွဲတွေးနေသူတွေလည်း ရှိနေပြန်ပါတယ်။ ဥပမာ - ယခင် NLD ခေါင်းဆောင်တချို့နဲ့ပါတီကို တခဲနက်ထောက်ခံခဲ့တဲ့ လူထုတွေက ကြံ့ဖွံ့ပါတီကို မဲပေးမယ့်အစား သူတို့ကို မဲထည့်လေမလားဆိုတဲ့ အတွေးလည်း ရှိနေနိုင်ပါတယ်။ ဒါပေမဲ့လို့ NLD က ဒီရွေးကောက်ပွဲကို လုံးဝမပါတော့ဘူးလို့ ဖုန်ခါ၊ လက်ဆေးပြီးသားလူတွေ ဖြစ်နေပါတယ်။
ကြံ့ဖွံ့ပါတီက စစ်တပ်၊ ဝန်ထမ်း၊ မီးသတ်၊ ကြက်ခြေနီနဲ့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းစတဲ့ လူတွေရဲ့ ထောက်ခံ မဲကို ကြိုတင်မဲအဖြစ် စုရုံးထည့်ဝင်စေပါလိမ့်မယ်။ ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာ(၇) ရက်နေ့မှာတော့ စစ်အစိုးရ လက်ကိုင်တုတ်အဖွဲ့အစည်းတွေဖြစ်တဲ့ စွမ်းအားရှင်တွေနဲ့ အခြားအဖွဲ့စည်းအသီးသီးက လူပုဂ္ဂိုလ်များက မဲရုံလုံခြုံရေး၊ မဲဆွယ်စည်းရေးစတဲ့ အလုပ်တွေကို လုပ်ဆောင်ရမှာက တကြာင်း၊ သူ့လူတွေကို လုံးဝစိတ်မချတာကလည်းတကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့မျက်စိရှေ့မှောက်မှာပဲ ၂၀၀၈ ခုနှစ်၊ ပြည်သူ့ဆန္ဒမဲပေးခဲ့စဉ်ကလိုပင် သီးသန့်ကြိုတင်မဲ ကောက်ခံထားဖို့ စီစဉ်ထားကြပါလိမ့်မယ်။

“ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးခွင့်ရှိ” တယ်လို့ စက်တင်ဘာ(၁၁) ရက်နေ့က ထုတ်ဝေတဲ့ စစ်အစိုးရသတင်းစာ ဆောင်းပါးတစ်ပုဒ်မှာ အတိအလင်း ရေးသား ထားပါတယ်။

နောက်တစ်ချက်ကတော့ တရားမဝင်ပြည်ပရောက်နေရှိနေသူတွေကိုလည်း သက်ဆိုင်ရာ ရယက တွေမှာ စာရင်းပြုစု ထားပြီးဖြစ်တဲ့အတွက် အဲဒီလူတွေကိုယ်စား ရယကတွေက ကြံ့ဖွံ့ပါတီအတွက် ကြိုတင် ထောက်ခံမဲ စာရင်းပေးသွင်း နိုင်ပါသေးတယ်။ လက်ရှိကာလမှာ အသက်အရွယ်ရောက်ပြီး ပြည်ပနိုင်ငံအသီးသီးမှာ ရောက်ရှိနေထိုင်နေကြတဲ့ မွန်လူဦးရေ အရည်အတွက် စာရင်းအတိအကျကောက်ခံဖို့ အခက်အခဲရှိပေမဲ့၊ ခန့်မှန်းချေ သိန်းဂဏန်းချီ ရှိနေပါတယ်။ ဒီမဲပြား တွေကလည်း ကြံ့ဖွံ့ပါတီအတွက် ထောက်ခံမဲတွေ အလိုအလျှောက် ပုံအောပေးထားပြီးသားလို ဖြစ်နေပါတယ်။

၁၉၉၀ ရွေးကောက်ပွဲကာလမှာ မွန်ပြည်နယ်အတွင်း မြို့နယ်တစ်ခုမှာမဲဆန္ဒနယ်မြေ (၂) ခုစီ ရှိပါတယ်။ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်စတဲ့ မဲဆန္ဒနယ်မြေတွေမှာ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့က လွှတ်တော်အမတ်တစ်ဦးစီပဲ အနိုင်ရ ခဲ့တာပါ။ ကရင်ပြည်နယ် ကော့ကရိတ်မှာလည်း တစ်ဦးထပ်ရတော့ စုစုပေါင်း အမတ်ဦးရေ (၅) ယောက် ရခဲ့ပါတယ်။ အဲဒီကာလဟာ ၁၉၉၀ ရွေးကောက်ပွဲအပေါ် မွန်တမျိုးသားလုံး တစိတ်တဝမ်းထဲ ထောက်ခံ အားပေးခဲ့တဲ့ ကာလလည်း ဖြစ်နေပြီး မွန်အမတ်လောင်း (၁၉) ယောက် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ လာမယ့်ရွေးကောက်ပွဲမှာတော့ မွန်ပြည်နယ်အတွင်း မွန်ဒေသလုံးဆိုင်ရာပါတီအနေနဲ လွှတ်တော်သုံးရပ်အတွက် ကိုယ်စားလှယ်အမတ်လောင်း(၂၉) ယောက်သာ ၀င်ရောက်ယှဉ်ပြိုင်နိုင်မယ်လို့ စာရင်းတွေအရ သိရပါတယ်။ မွန်အမျိုးသား ဒီမိုကရေစီက ၁၉၉၀ ရွေးကောက်ပွဲမှာ လူထုရွေးချယ်ခံခဲ့ရတဲ့အမတ်ဦးရေ(၄) ယောက်ထက် ပိုမှာလား လျော့မှာလား ဆိုတာကိုတော့ ရင်တမမနဲ့ စောင့်ကြည့်နေရမယ့် အခြေအနေတွေပါ။

အကယ်၍ လာမယ့်ရွေးကောက်ပွဲသာ လွတ်လပ်ပြီး၊ တရားမျှတမှုရှိတဲ့ရွေးကောက်ပွဲမျိုးဆိုရင်တော့ မွန်အမျိုးသားထု တရပ်လုံးက ပါဝင်ဆင်နွဲမှာဖြစ်လို့ ကိုယ့်အမျိုးသားရေးအတွက် ရှေ့တန်းကပါဝင်ဦးဆောင်သွားမယ့် မွန်နိုင်ငံရေး ခေါင်းဆောင်ကောင်းတွေကို တစိတ်ထဲ တဝမ်းထဲ ညီညီညွတ်ညွတ်နဲ့ ထောက်ခံမဲ ပေးကြမှာ မြေကြီးလက်ခတ်မလွဲပါ။
သို့သော် တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲဟာ လိမ်စင်ပွဲကြီးဖြစ်တခုသာဖြစ်ပြီး နအဖ စစ်အစိုးရရဲ့ တဖက်သတ် ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေကို တရားဝင် အသိအမှတ်ပြုရေးအတွက် ကြိုးပမ်းနေတာမို့ မကြာမီပေါ်ထွက်လာမယ့် မွန်အမျိုးသား နိုင်ငံရေး ကိုယ်စားပြု ခေါင်းဆောင်တွေ ဘယ်သူတွေဖြစ်လာမလည်းဆိုတာကို စာရေးသူအပါအဝင် မွန်တိုင်းရင်းသားအချို့ ဆန္ဒမဲ မထည့်ပေးနိုင်တာကို သိနားလည်ခွင့်လွှတ်ပေးစေကြောင်း။

မှတ်ချက်။ ။ စာရေးသူ၏အမြင်သာဖြစ်သည်။ ကောင်းဝါသတင်းဌာနအာဘော်မဟုတ်ပါ(အယ်ဒီတာ)။

 

 

Most read this week