ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ရတပ မှ စစ်တွေတွင် ကျင်းပ

ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ရတပ မှ စစ်တွေတွင် ကျင်းပ
by -
သင်းသဇင်ခိုင် (မောင်တော)

၇၁ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ရတပ) မှ စစ်တွေမြို့ရှိ ဗဟိုဌာနချုပ်ရုံးတွင် ကျင်းပ....

၇၁ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ရတပ) မှ စစ်တွေမြို့ရှိ ဗဟိုဌာနချုပ်ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဖွဲ့ဝင် တစ်ဦးက “ မနက်ပိုင်းမှာ ပါတီရုံးမှာ သံဃာတော် ကိုးပါးကို ပင့်ဖိတ်ပြီးတော့ ဆွမ်းကပ် လှူဒါန်းပီး အမျှအတန်း ပေးဝေပါတယ်။ အခမ်းအနားကတော့ ပါတီရုံးမှာ တစ်နေ့လုံး လိုလိုဘဲ လုပ်ဖြစ်ပါတယ်။ နေ့လည် ပိုင်း တစ်နာရီမှာတော့ ဆရာတော် ဦးဥတ္တမနဲ့ ပတ်သက်ပီး ဟောပြောပွဲ လုပ်ပါတယ်။ ညနေ ၄ နာရီမှာ အခမ်းအနားက ပီးဆုံး သွားခဲ့ ပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

အခမ်းအနားသို့ လူပေါင်း ၇၀ ခန့်တက်ရောက်ခဲ့ကြပြီး ဆရာတော်ဦးဥတ္တမ၏ နိုင်ငံရေး လမ်းစဉ်နှင့် ဖြတ်သန်းမူ ဘ၀ ပုံရိပ်လွှာများကို တက်ရောက်လာသူ စာရေးဆရာများနှင့် သမိုင်းဆရာများက ဟောပြော ခဲ့ကြသည်။

အခမ်းအနား ပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုလည်း ယခုကဲ့သို့ သူက ရှင်းလင်း ပြောကြားသည်။
ottama-day-celebration-sittway
“ အဓိကတော့ ရည်ရွယ်ချက် ၅ ရပ်နဲ့ ကျင်းပတာ ဖြစ်ပါတယ်။ စာရွက်စာတန်းတွေ ထုတ်ဝေတဲ့ အထဲမှာလည်း ရိုက်နှိပ် ဖေါ်ပြ ထားပါတယ်။ အဓိက ၅ ချက်ကတော့ ရခိုင်တိုင်းရင်းသား များ၏ စည်းလုံးညီညွတ်ရေးကို ဦးဥတ္တမ စိတ်ဓါတ်နဲ့ လုပ်ဆောင် သွားရန်၊ မျိုးဆက်သစ်များကို ဦးဥတ္တစိတ်ဓါတ်ဖြင့် ရှေ့ဆောင် လမ်းပြ သွားရန်၊ တိုင်းပြည်နဲ့ လူမျိုးအတွက် စွန့်လွတ် အနစ်နာခံသော ဦးဥတ္တမ စိတ်ဓါတ် မွေးမြူရန်၊ ရသင့် ရထိုက်သော အခွင့်အရေးကို မကြောက်မရွံ့ပဲ တောင်းဆို ရဲသော ဦးဥတ္တမ စိတ်ဓါတ်ရှိစေရန်နဲ့ မည်သည့် အခက်အခဲရှိစေကာမူ ကြံ့ကြံ့ခံနိုင်သော ဦးဥတ္တမ ဇွဲသတ္တိရှိကြရန် စတဲ့ ရည်ရွယ်ချက်တွေကို ဖေါ်ဆောင်လိုတဲ့ အတွက် ကျင်းပ ပြုလုပ် ခဲ့ကြတာ ဖြစ်ပါတယ်။”

အခမ်းအနားတွင် အခမ်းအနားမှူး အဖြစ် ပါတီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးသာလှမှ ဆောင်ရွက်ခဲ့သည်။ တက်ရောက် လာသောသူများကို ပါတီဖွဲ့စည်းပုံ စည်းမျဉ်း စည်းကမ်းချက်ချက်များ ပါသည့်စာရွက် စာတန်းများကိုလည်း ဖြန့်ဝေ ခဲ့ကြသည်။

မြန်မာ့ လွတ်လပ်ရေး မီးရှု့တန်ဆောင် ဆရာတော် ဦးဥတ္တမ အခမ်းအနားကို ရခိုင်နိုင်ငံရေး ပါတီ တစ်ခုအနေဖြင့် ရခိုင်ပြည်နယ် အတွင်း ပထဆုံး အကြိမ် လူသိ ရှင်ကြား ကျင်းပခဲ့ခြင်း ဖြစ်ပြီး အခမ်းအနား ကျင်းပရာ ရုံးအနီးတ၀ိုက်တွင် လုံခြုံရေးများ အပြည့် ချထားသော်လည်း တစုံတရာ တားမြစ်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီအနေဖြင့် ဆရာတော် ဦးဥတ္တမ အခမ်းအနား အား ပါတီဥက္ကဌ ဦးအေးမောင် အပါအ၀င်ဗဟိုကော်မတီဝင် ရှစ်ဦးတို့ဖြင့် စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံရှိ ဆရာတော် အရှင် ဦးဥတ္တမ ရုပ်ထုတော်အား ဂါဝရပြု ပန်းခွေချပြီး အခမ်းအနား စတင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုချက် မပေးခဲ့ကြောင်း သိရသည်။

စစ်တွေရှိ ဆရာတော် ဦးဥတ္တမ ပန်းခြံမှာ လုံခြုံရေးအရ တင်းကျပ်ထားသော နယ်မြေ ထဲတွင် ပါဝင်သဖြင့် ပါတီ အဖွဲ့အစည်းများ အနေဖြင့် စုဝေးခွင့် မရှိဟု ဆိုကာ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်ခဲ့သည်ဟု သိရသည်။ စက်တင်္ဘာလ ၉ ရက်နေ့ တွင် ဦးဥတ္တမ ပန်းခြံအား ၀င်းတံခါးအား မည်သူမျှ မ၀င်နိုင်အောင် ပိတ်ထား ခဲ့သည်ဟု မျက်မြင်များက ပြောသည်။

Most read this week