ပြည်သူ့အကျိုးပြု ဆရာဝန် ပြည်သူ အမုန်းဆုံးပါတီနှင့် လက်တွဲ

ပြည်သူ့အကျိုးပြု ဆရာဝန် ပြည်သူ အမုန်းဆုံးပါတီနှင့် လက်တွဲ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ ပြည်သူလူထု အကျိုးကို သယ်ပိုးဆောင်ရွက်နေသော နာမည်ကြီး ဆရာဝန် တစ်ဦး ဖြစ်သည့် ဒေါက်တာ စံလို်င်သည် ပြည်သူလူထု အမုန်းဆုံး ပါတီတစ်ခု ဖြစ်သော ကြံ့ဖွံ့ပါတီနှင့် လက်တွဲကာ လာမည့် ရွေးကောက်ပွဲတွင် အမတ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်.....

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ ပြည်သူလူထု အကျိုးကို သယ်ပိုးဆောင်ရွက်နေသော နာမည်ကြီး ဆရာဝန် တစ်ဦး ဖြစ်သည့် ဒေါက်တာ စံလို်င်သည် ပြည်သူလူထု အမုန်းဆုံး ပါတီတစ်ခု ဖြစ်သော ကြံ့ဖွံ့ပါတီနှင့် လက်တွဲကာ လာမည့် ရွေးကောက်ပွဲတွင် အမတ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

အမည်မဖေါ်လိုသူ တောင်ကုတ်သား တစ်ဦးက “ ဒေါက်တာ စံလိုင်က ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အမျိုးသား လွှတ်တော် အမတ်လောင်းအဖြစ် တောင်ကုတ်မြို့နယ်က ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ သူအခုလို ပြည်သူတွေ မလိုလားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ သူပူးပေါင်းသွားတဲ့အပေါ် လူအတော်များများက နားမလည်အောင် ဖြစ်နေကြပါတယ်” ဟု ပြောသည်။

ဒေါက်တာ စံလိုင်သည် တောင်ကုတ်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ကြိုးပမ်းနေသူတစ်ဦး ဖြစ်သည် သာမက လူချစ် လူခင်ပေါများသူ တစ်ဦး ဖြစ်သည်ဟုလည်း သူက ပြောသည်။

“သူအနေနဲ့ ဆရာဝန်ကြီးတစ်ဦး ဖြစ်တဲ့အပြင် ဘာမှ ပူပင်စရာလည်း မလိုဘူး။ ပိုက်ဆံလည်း ချမ်းသာတယ်။ လူချစ်လူခင်လည်း ပေါတယ်။ အေးအေးဆေးဆေး နေလို့လည်း ရတယ်။ နိုင်ငံရေးကို ၀င်ပါချင်တယ် ဆိုရင် တောင်မှ တသီးပုဂ္ဂလ အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်လို့ ရပါတယ်။ အဲသလို ယှဉ်ပြိုင်ရင် တမြို့လုံးက သူ့ကို မဲပေးကြမှာ ဖြစ်ပါတယ်။ ခုတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ သွားပေါင်းတော့ တောင်ကုတ်က မဲကို ရနိုင်ဖို့ ဆိုတာ သိပ်မလွယ်တော့ပါဘူး” ဟု သူက ဆက်ပြောသည်။

တောင်ကုတ်မြို့တွင် ယခုအခါ နာမည်ကြီး စီးပွားရေးသမားတစ်ဦး ဖြစ်သော ဦးကျောက်တောင်မှ ပြည်ခိုင်ဖြိုး ပါတီကို အဓိက ကျောထောက်နောက်ခံပြုထားပြီး အဆိုပါ ပါတီအနိုင်ရရေးအတွက် ဆောင်ရွက်နေကြောင်း တောင်ကုတ်က လာသော သတင်းများတွင် ဖေါ်ပြသည်။

“လူတွေကတော့ ဦးကျောက်တောင်၏ ဖိအားကြောင့် ဒေါက်တာ စံလိုင် ခုလို ကြံ့ဖွံ့ပါတီနဲ့ ပူးပေါင်းသွားတယ်လို့ ယူဆနေကြပါတယ်။ ၀န်ထမ်းတွေကတော့ ကြံ့ဖွံ့ပါတီ ရသွားပါပြီ။ ဒါပေမယ့် တောင်ကုတ်က ပညာတတ်တွေနဲ့ လူလတ်တန်းစား မိသားစုတွေကိုတော့ ကြံ့ဖွံ့ပါတီက စည်းရုံးလို့ မရသေးဘူး။ တောင်ကုတ်မှာ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး မဲမပေးဘဲ နေမယ့် သူတွေ ရှိသလို မဲပေးမယ့် သူတွေလည်း ရှိနေပါတယ်” ဟု သူက ဆက်ပြောသည်။

တောင်ကုတ်မြို့မှ စီးပွားရေးသမား ဦးကျောက်တောင်မှာ ၁၉၈၈ ခုနှစ် အရေးတော်ပုံတွင် ဦးဆောင်ပါဝင်ခဲ့သဖြင့် စစ်အစိုးရ၏ ဖမ်းဆီးမူကို ခံခဲ့ရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်လည်း ယခုအခါ နအစ စစ်အာဏာပိုင်များနှင့် ပူပေါင်းပြီး စီးပွားရေး လုပ်ကိုင်နေသဖြင့် အကြီးအကျယ် ကြီးပွားနေသူ တစ်ဦး ဖြစ်သည်။

တောင်ကုတ် တခြားဒေသခံ တဦးမှလည်း ဦးကျောက်တောင်သည် ဒေါက်တာ စံလိုင်ကဲ့သို့ ဆရာဝန်များကို စည်းရုံးထားနိုင်သည် သာမက တောင်ကုတ်မြို့မှ စီးပွားရေး သမားများကိုလည်း အပိုင်ကိုင်ထားနိုင်သူ ဖြစ်ကြောင်း ပြောဆိုသည်။

ဦးကျောက်တောင်မှ လွန်ခဲ့သော ရက်အနည်းငယ်က စီးပွားရေး သမားများကို ခေါ်ယူပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို အနိုင်ရရှိအောင် လုပ်ကြရန်နှင့် အနိုင်ရရှိပါ ဘင်္ဂလာဒေခ်ျ့သို့ သစ်မှောင်ခို ထုတ်လုပ်ရေးနှင့် တခြားစီးပွားရေး လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ခွင့် ပြုမည်ဟု မက်လုံးပေး စည်းရုံးခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်မှ တခြား ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်မည့် သူများမှာ ဒေါက်တာ အောင်ကျော်မင်း (ပြည်နယ်လွှတ်တော်)နှင့် အငြိမ်းစား ကျောင်းဆရာမ ဒေါ်သန်းယဉ် (ပြည်နယ် လွှတ်တော်) တို့ ဖြစ်ကြောင်း သိရသည်။

သံတွဲ၊ တောင်ကုတ်နှင့် ဂွ သုံးမြို့နယ်မှ ကြံ့ဖွံ့ကို ကိုယ်စားပြုပြီး ပြည်ထောင်စု လွှတ်တော်နေရာကို ၀င်ရောက် ယှဉ်ပြိုင်မည့် သူမှာ ဦးမြင့်လိုင် ဖြစ်ကြောင်း သိရသည်။

 

 

 

 

 

Most read this week