All Mon Region Democracy Party (ခေါ်) မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ အနည်းဆုံး အမတ်လောင်း (၃၂) ဦး သက်ဆိုင်ရာ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ထံ ယမန်နေ့က စာရင်းပေးသွင်း....
All Mon Region Democracy Party (ခေါ်) မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ အနည်းဆုံး အမတ်လောင်း (၃၂) ဦး သက်ဆိုင်ရာ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ထံ ယမန်နေ့က စာရင်းပေးသွင်းခဲ့သည်ဟု ထိပ်ပိုင်းပါတီဝင် တစ်ဦးက ပြောသည်။
အကယ်၍ သထုံခရိုင်၊ ပေါင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ခင်အောင် (မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် ဟောင်း ဖြစ်ခဲ့သူ)၏ နိုင်ငံသား စိစစ်ရေး ကဒ်ပြားကိစ္စ ပြေလည်လျှင် ကိုယ်စားလောင်း နောက်တစ်ဦး ထပ်တိုး လာမည်ဟု သိရသည်။
ထို့အတူ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှ ပါဝင် ယှဉ်ပြိုင်မည့် အမတ်လောင်း တစ်ဦးသည်လည်း ယမန်နေ့တွင် စာရင်း ပေးသွင်းနိုင်ခဲ့လျှင် တစ်ဦးထပ်မံတိုးလာနိုင်မည်ဟု ယူဆရသည်။
အဆိုပါ ရေဖြူမြို့နယ်၊ မွန်အမတ်လောင်း ကိစ္စအား AMRDP ပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာ မင်းနွယ်စိုး ကိုယ်တိုင်သွားရောက်စီစဉ်လျှက်ရှိပြီး လက်ရှိတွင် ဖုန်း အဆက်အသွယ် ပြတ်တောက်နေသဖြင့် အတည်ပြုချက် မရနိုင်သေးပေ။
အနာဂတ်တွင် ဖြစ်ပေါ်လာမည့် လွှတ်တော်အသီးသီးတွင် မွန်အမျိုးသား ကိုယ်စားပြု အမတ်များ ပါရှိပါက မွန်တိုင်းရင်းသားများ အရေးကို ဆွေးနွေးတင်ပြနိုင်မည်ဟု ဆက်သွယ်မေးမြန်းချက် တစ်ရပ်တွင် ဒေါက်တာ မင်းနွယ်စိုး ပြောကြားခဲ့သည်။
ထို့နောက် AMRDP အား ရွေးကောက်ပွဲ ဝင်သည့် ကိစ္စအား ပြည်ပနိုင်ငံရောက် မွန်အမျိုးသားအချို့ ဝေဖန် နေမှုအပေါ် “သူတို့ အမြင်သဘောနဲ့ သူတို့ ဝေဖန်ကြပါ၊ ကျနော်တို့ကတော့ သူတို့ကို တုန့်ပြန်ပြောဆိုဖို့လည်း မလိုဘူး၊ ၂၀၁၀ ရွေးကောက်ပွဲမှာ မွန်တိုင်းရင်းသား ကိုယ်စားပြုပါတီ တစ်ရပ် ရှိဖို့ လိုတယ် ဆိုတဲ့ အမြင်ကို အခြေခံပြီး ဝင်တာပါ၊ အခက်အခဲ အမျိုးမျိုး ဘယ်လို ရှိမယ် ဆိုတာကိုလည်း ကျနော်တို့ နားမလည်တာ မဟုတ်ဘူး၊ ဒီပေါ်ပေါက်လာမယ့် လွှတ်တော်တွေထဲမှာ မွန်ကိုယ်စားလှယ်တွေ တစ်ယောက်မှ မရှိရင် မွန် အရေးကို ဘယ်သူတွေက ပြောပေးမှာလဲ” ဒေါက်တာ မင်းနွယ်စိုး ဆက်ပြောသည်။ (အသံဖိုင်- Min Nwge Soe 1 MP3)
လာမည့် လွှတ်တော်အသီးသီးအတွက် AMRDP အမတ်လောင်း အရေအတွက်မှာ အနည်းဆုံး (၃၂) ဦး သို့မဟုတ် (၃၄) ဦး၊ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာ ရည်ရွယ်ထားပြီး မနက်ဖြန်တွင် ထပ်မံအတည်ပြုနိုင်မည်ဟု သိရ သည်။
လက်ရှိတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် လက်အောက်ရှိ ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ ချောင်းဆုံ (ဘီလူးကျွန်း) မြို့နယ်အသီးသီးမှ AMRDP အမတ်လောင်း (၄) ဦးကျ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
ထို့အတူ မော်လမြိုင်မြိုင်မြို့နယ်မှ အမတ်လောင်း (၅) ဦး၊ ပေါင်မြို့နယ်မှ (၃)ဦး၊ ကော့ကရိတ်မြို့နယ်မှ (၃) ဦး၊ မြဝတီမြို့နယ်မှ (၁) ဦးလည်း ရွေးကောက်ပွဲ ဝင်ရောက်မည့် စာရင်းပေးသွင်းခဲ့သည်ဟု သိရသည်။
၁၉၉၀ ရွေးကောက်ပွဲ၌ မဲဆန္ဒနယ် အသီးသီး၌ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF မှ ကိုယ်စာလှယ်လောင်း (၁၉) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်ဟု သတင်းမှတ်တမ်းများတွင် ဖေါ်ပြသည်။
ထိုရွေးကောက်ပွဲတွင် MNDF မှ လွှတ်တော်အမတ် (၅) ဦး ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် စစ်အစိုးရမှ တရားဝင် ပါတီအဖြစ် ဖျက်သိမ်းခြင်း၊ ရွေးချယ်ခံ လွှတ်တော်အမတ်များနှင့် ပါတီဝင်များအား ဖမ်းဆီး ထောင်ချခြင်းတို့ ပြုလုပ်ခဲ့သည်။
“နိုင်ငံရေးမှာ ပြီးပြည့်စုံမှု ဆိုတာ ဘယ်တော့မှ မရှိဘူး၊ ကိုယ်ရည်ရွယ်တဲ့အတိုင်း ဖြစ်ချင်မှလည်း ဖြစ်လာလိမ့်မယ်၊ နိုင်ငံအသီးသီးမှာလည်း ဒီလိုပါပဲ၊ ကိုယ်မျှော်လင့်သလို မဖြစ်လာတာလည်း ရှိတတ်တယ်၊ ရွေးကောက်ပွဲ လုပ်ပြီးတိုင်း ကိုယ်လိုတာ ရချင်မှရမှာပါ” ဟု ဒေါက်တာ မင်းနွယ်စိုး ဆက်ပြောသည်။ (အသံဖိုင်- Min Nwge Soe 2 MP3)
AMRDP ပါတီကို ၂၀၁၀ ပြည့်နှစ်၊ ဧပြီလ(၇) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ဌာနချုပ်ကို မြေကွက်အမှတ် (၇)၊ လမ်း(၂၀) ၊ မြိုင်သာယာမြို့သစ်၊ မော်လမြိုင်မြို့တွင် ရုံးဖွင့်လှစ်ထားသည်။
စုစုပေါင်း ပါတီဝင် အရေအတွက် (၁၄၀၀) ဦးခန့် ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲသို့ စာရင်း တင်ပြ ခဲ့သည်။
၎င်းပါတီ၏ နိုင်ငံရေး သဘောထားမှာ (က) ပြည်သူတစ်ရပ်လုံး၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝ ရရှိစေရန်၊ (ခ) တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ် အခြေခံသော ခိုင်မာသည့် တိုင်းရင်သား စည်းလုံး ညီညွတ်ရေး တည်ဆောက်ရန်၊ (ဂ) စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်၊ (ဃ) စစ်မှန်သော ပြည်ထော်စု ပေါ်ထွန်းတည်တံ့ခိုင်မြဲစေရန်၊ (င) အဂတိလိုက်စားမှုနှင့် အကျင့်ပျက် ခြစားမှုများကို တိုက်ဖျက်သွားရန်၊ (စ) လှုမှုဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားရန်၊ (ဆ) ငြိမ်းချမ်းသော ကမ္ဘာ့လှုနေမှုစနစ် ထွန်းကားလာရေး ဆောင်ရွက်သွားရန် ဖြစ်ကြောင်း (၂၀၁၀) ခုနှစ်၊ မေလ (၁) ရက်နေ့တွင် အတည်ပြုထားသော AMRDP ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌ ရေးသားဖေါ်ပြထားသည်။