ထိုင်း-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးတံတား တရားဝင် ပိတ်ပင်ခဲ့သော်လည်း ထိုင်းနိုင်ငံ-မဲဆောက်မြို့တွင် နှစ်စဉ် ကျင်းပပြု လုပ်နေကျ ဖြစ်သည့် တရုတ်ဆန်လှူပွဲကို ယနေ့ ပြုလုပ်.....
ထိုင်း-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးတံတား တရားဝင် ပိတ်ပင်ခဲ့သော်လည်း ထိုင်းနိုင်ငံ-မဲဆောက်မြို့တွင် နှစ်စဉ် ကျင်းပပြု လုပ်နေကျ ဖြစ်သည့် တရုတ်ဆန်လှူပွဲကို ယနေ့ ပြုလုပ်ရာ ယခင်နှစ်များအတိုင်း စည်ကားနေဆဲ ဖြစ်သည်။
အဆိုပါ ဆန်လှူပွဲတွင် နှစ်စဉ် လုံခြုံရေး တာဝန်ယူပေးသူ ကိုစိုးနိုင်က “ကျနော်တို့ ထင်တာက တံတားပိတ် ထားတာ ဆိုတော့ မြန်မာပြည်ဘက်ခြမ်းက လူတွေ အလာနည်းမယ် ထင်ထားတာ။ ဒါပေမဲ့ အရင်နှစ်နဲ့ အတူတူ ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ် မြန်မာပြည်သားတွေအတွက် လက်မှတ် (၁၀,၀၀၀) နဲ့ ထိုင်းက သက်ကြီး ရွယ်အိုတွေ အတွက် လက်မှတ် ၂,၀၀၀ ဟာလည်း အကုန်လုံး ကုန်သွားတာပဲ” ဟု ဆိုသည်။
ထိုဆန်လှူပွဲကို ကွယ်လွန် ခဲ့ပြီးသော ဘိုးဘွား မိဘ များကို ရည်စူး၍ မဲဆောက်မြို့ရှိ တရုတ် ကုန်သည်ကြီးများ၊ လုပ်ငန်းရှင်များနှင့် ဖွဲ့စည်း ထားသော စုပေါင်းကုသိုလ်ပြု ဘုံကျောင်း ဂေါပက အဖွဲ့မှ နှစ်စဉ် ကျင်းပခဲ့ရာ လူမျိုး၊ ဘာသာမရွေး ပေးကမ်း လှူဒါန်းခြင်း ဖြစ်သည်ဟု သိရသည်။
မြ၀တီမှ လာသည့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် တဦးက “ဒီနေ့ မဲဆောက်မှာ ဆန်လှူပွဲ ရှိတယ်ဆိုလို့ ဒီက အဒေါ်က ဖုန်းဆက်တယ်။ ဒါကြောင့် ဒီမနက် ကျနော်တို့ စက်လှေနဲ့ပဲ စီးလာတယ်။ မြ၀တီက လူတွေ အများကြီး လာတာပဲ။ ကျနော်တို့ တဖွဲ့တည်းတောင် ၁၀ ယောက် ကျော်တယ်” ဟု ပြောသည်။
အဆိုပါ ဆန်လှူပွဲသည် မနက်ပိုင်းတွင် တိုကင်ကဒ်ပြားများ ပေးဝေ၍ ညနေ (၃) နာရီ အချိန်တွင် စတင်လှူဒါန်း ခဲ့ရာ ကိုယ်အင်္ဂါ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် လူလတ်ပိုင်းများ လာရောက် အလှူခံကြပြီး အလှူပစ္စည်းထုပ်တွင် ဆန် လေးကီလို၊ မာမား ၂ ထုပ်၊ ငါးသေတ္တာ ၁ ဗူး၊ ငါးပိ ၁ ဗူးနှင့် ဆား ၁ ထုပ်တို့ ပါဝင်သည်။
ယခုနှစ် ပြုလုပ်သည့် စုပေါင်းကုသိုလ်ပြု ဆန်လှူပွဲမှာ (၄၁) ကြိမ်မြောက် ဖြစ်ပြီး ပွဲတော်ကျင်းပရေး ကော်မတီမှ ထိုင်းအာဏာပိုင်များကို ခွင့်ပြုချက် ယူထားသောကြောင့် ယနေ့ ဆန်လှူပွဲလာရောက်သည့် မြန်မာပြည်သား များကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခြင်း မရှိကြောင်း သိရှိရသည်။